ပြည်မြို့ ရွှေဆံတော် ဘုရားပွဲတော်အတွင်း ဘာသာရေးပဋိပက္ခများနှင့် အကြမ်းဖက်လုပ်ရပ်များ မဖြစ်ပွားရန် တားဆီး ကာကွယ် သည့် အနေဖြင့် လုံခြုံရေး အထူးတိုးမြှင့် ချထားကြောင်း သိရသည်။
ယခု ၁၁၆ ကြိမ်မြောက် ပြည် ရွှေဆံတော် ဘုရားပွဲကို အောက်တိုဘာ ၃၀ ရက်ကနေ လာမည့် နိုဝင်ဘာ ၆ ရက်အထိ တပတ်ကြာ ကျင်းပနေခြင်း ဖြစ်ပြီး ပဲခူးတိုင်း အနောက်ခြမ်းတွင် အစည်းကားဆုံးဘုရားပွဲ တခု ဖြစ်သည်။
ပြည်မြို့ အမှတ်(၂) မြို့မ ရဲစခန်းမှူး ဦးမျိုးမြင့်က နိုဝင်ဘာလထဲ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာသာ ရေး အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးကို အထူးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရဲအင်အားတွေအပြင် ဒေသခံ တပ်မတော် တပ်ရင်းတွေကိုလည်း တပ်လှန့် နှိုးဆော်ထားပြီးသားပါ၊ အာဆီယံ ထိပ်သီး အစည်း အဝေး လုပ်မယ့်ရက်က နီးလာပြီးဆိုတော့ မလိုလားအပ်တဲ့ ဘာသာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တာပါ။ နောက်ပြီး ဘင်္ဂလားဒေ့၊ အိန္ဒိယနဲ့ မြန်မာကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်ထားတာလည်း ရှိနေလို့ လုံခြုံရေးကို အထူးချထားပါ”ဟု စခန်းမှူး ဦးမျိုးမြင့် က ရှင်းပြသည်။
ပွဲတော်အတွင်း လုံခြုံရေးအတွက် ရဲအင်အား ၂၀၀ ကျော်အသုံးပြုထားပြီး နဝဒေး တံတားနှင့် အဝေးပြေး ကားဂိတ်များတွင်လည်း ထပ်ဆင့် တိုးမြှင့်ချထားကြောင်း၊ ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံ တပ်ခွဲ လျှပ်/စက် မှ မိုင်းရှာ တပ်စုများလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ကျော်ထူးနိုင်က“အခြေအနေ အချိန်အခါအရ အလျင်းသင့်သလိုလည်း ရှာဖွေမယ်။ ခေတ် မီ စက်ကိရိယာတွေအပြင် စနစ်တကျ သင်တန်းပေးထားတဲ့ မိုင်းရှာခွေးကိုလည်း သုံးတယ်။ သူ့ကိုသုံးခြင်းဖြင့် မိုင်းတင်မဟုတ်ဘူး၊ လူပုဂ္ဂိုလ်ပါ ရှာဖွေနိုင်တယ်။ အချိန်မရွေး လုံခြုံရေးစည်း ဖောက်နိုင်လို့ သံသယထားပြီး နေ့တိုင်းလိုအပ်ရင် အချိန်မရွေး ရှာဖွေရေး ကို မိုင်းရှာတပ်စိတ်က ပြုလုပ်သွားမှာပါ”ဟု ပြောသည်။
ပြည်မြို့သည် ရခိုင်ပြည်နယ်နှင့် ပြည်မကြီးကို အဓိက ဆက်သွယ်သည့် နေရာဖြစ်သောကြောင့် အကြမ်းဖက်သမားများ ဝင်ရောက် လာနိုင်သော လမ်းကြောင်းတခုဖြစ်၍ လုံခြုံရေးယူပေးခြင်းသည် ကောင်းမွန်ကြောင်း၊ သို့သော် လုံခြုံရေး အကြောင်းပြ၍ လူ့အခွင့် အရေး ချိုးဖောက်မှုများ မဖြစ်ပွားစေလိုကြောင်း ဒေသခံ နိုင်ငံရေးသမား တဦးက ပြောဆိုသည်။