လိပ်ကျွန်းလူသတ်မှု၌ သံသယဖြစ်ခံရသူ ကျွန်းသူကြီးသား၏ DNA သည် အသတ်ခံရသည့် ဗြိတိန် ၂ ဦးထံမှ ရရှိသည့် DNA နှင့် ကိုက်ညီမှု မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီး၏ မှုခင်းဌာနက ပြောကြားလိုက်သည်။
လိပ်ကျွန်းသူကြီး AC ဘားဆိုင်ပိုင်ရှင်၏ သားဖြစ်သူ Warot Tuwichian အား DNA စစ်ဆေးမှု ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မုဒိန်းကျင့်၍ သတ်ခံရသည့် ဗြိတိန်နိုင်ငံသူ မစ္စ ဟန်နာ ဝစ်သရစ်ချ်နှင့် အသတ်ခံရသူ ဗြိတိန်နိုင်ငံသား မစ္စတာ ဒေးဗစ်မီလာတို့ ကိုယ်ခန္ဓာမှ ရရှိသည့် DNA တို့ တိုက်ဆိုင်စစ်ဆေးရာတွင် ကိုက်ညီမှု မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီး မှုခင်းဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကျွန်းသူကြီး၏ သားဖြစ်သူထံမှ သွေးနှင့် တံတွေး နမူနာတို့ကို DNA စစ်ဆေးရန် ဆေးရုံ ၄ ခုမှ ယမန်နေ့က ရယူခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးအပြင် တခြား ဆေးရုံများဖြစ်သည့် ချူလာလောင်ကွန်း အောက်မေ့ဖွယ် ဆေးရုံ၊ သီရီရာ့ချ် ဆေးရုံနှင့် ရာမထိဘိုဒီး ဆေးရုံ တို့မှ ထွက်ပေါ်လာမည့် DNA နမူနာယူထားမှု စစ်ဆေးချက် ရလဒ်ကိုလည်း ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းနေကြောင်း သိရသည်။
စစ်ဆေးချက်ရလဒ်များကို စနေနေ့ထက် နောက်မကျစေဘဲ လူသိရှင်ကြား ထုတ်ပြန်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိကြီး မစ္စတာ Prawut Thawornsiri က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည်။
လိပ်ကျွန်းလူသတ်မှုတွင် အဓိက ပါဝင်ပတ်သက်နိုင်သည်ဟု ကျွန်းသူကြီးလည်းဖြစ် AC ဘားဆိုင်ပိုင်ရှင်လည်း ဖြစ်သူ၏ သားအား ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီးနောက်၊ လွန်ခဲ့သည့်ရက်ပိုင်းက ထိုင်းရဲချုပ်နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ DNA စစ်ဆေးမှု ခံယူခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး မစ္စတာ Somyot Pumpanmuang က မှုခင်းရဲတပ်ဖွဲ့ အနေဖြင့် အခင်းဖြစ်ပွားစဉ်က ကျွန်းသူကြီးသား Warot မှာ ကျွန်းပေါ်တွင် မရှိခဲ့၍ ၎င်းအား ယခင်က DNA စစ်ဆေးမှု မပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံ မြန်မာ ၂ ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ မိဘများနှင့် တွေ့ဆုံသည့်အခါ ၎င်းတို့အား ထိုင်းရဲနှင့် စကားပြန်တို့က နှိပ်စက်ညှဉ်းပန်း ခြိမ်းခြောက်၍ ရဲစခန်းတွင် ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုခဲ့သည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ မိဘများလည်း သားဖြစ်သူများ၏ ရဲစခန်း ဝန်ခံချက် တရားဝင် ရုပ်သိမ်းကြောင်း၊ ပြစ်မှုကို လုံး၀ မကျူးလွန်ကြောင်း ရေးသားထားသည့် စာအား ထိုင်းရှေ့နေချုပ်ရုံးတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင်နှင့် ထိုင်းရှေ့နေများ ကောင်စီမှ ရှေ့နေများနှင့်အတူ သွားရောက်အပ်နှင်းကာ လိပ်ကျွန်း လူသတ်မှု တရားမျှတ မှန်ကန် လွတ်လပ်စွာဖြင့် အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့သည်။
ဘန်ကောက်ပို့စ် သတင်းစာတွင် သေဆုံးသူ ဗြိတိန်နိုင်ငံသား ၂ ဦးမှာ လိပ်ကျွန်း သူကြီး၏ AC ဘားဆိုင်တွင် အခင်းဖြစ်သည့်ညက တချို့သူများနှင့် ရန်ဖြစ်ခဲ့ကြကြောင်း ဖော်ပြထားသည်။