ယနေ့ (အောက်တိုဘာ ၃၁) နံနက် ၉ နာရီခွဲ နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ကျင်းပခဲ့သော နိုင်ငံရေးထိပ်သီးဆွေးနွေးဝိုင်းမှ မည်သည့် ရလဒ်မျှ မထွက်ခဲ့ဘဲ တက်ရောက်သူများက ၎င်းတို့ ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ နိုင်ငံရေး မျှော်မှန်းချက်များကိုသာ ပြောဆိုခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီး ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲကို အမျိုးသား နိုင်ငံရေး အင်အားစုကြီး ၅ ဖွဲ့မှ ဦးဆောင် ဆွေးနွေးခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများကို ပြောဆိုသည်။
“လာမယ့် နိုဝင်ဘာလမှ သမ္မတကြီး အနေနဲ့ ပြင်ပခရီးစဉ်တွေ အများကြီး သွားစရာရှိလို့ ဒီအောက်တိုဘာလအတွင်းမှာ ပြီးပြတ်အောင် ဒီဆွေးနွေးပွဲကို လုပ်တာ။ ဒီတကြိမ်တည်း မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားမှာ” ဦးရဲထွဋ်က ပြောဆိုသည်။
သို့သော် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ဂျပန် သတင်းဌာန NHK က မေးမြန်းရာ “ဒီလို တစ်ယောက် ၁၀ မိနစ်ပြောပြီး နောက်ဆုံး အထွေထွေ ရှိသေးလား ဆိုတာ ကတော့ အန်တီတို့ အနေနဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမျိုးကို မြင်တဲ့ ပုံစံတော့ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားခဲ့သည်။
ဆွေးနွေးပွဲတွင် အစိုးရကို ကိုယ်စားပြု၍ သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ၂ ဦး၊ လွှတ်တော် ကိုယ်စားပြု သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော် ကိုယ်စားပြု ကာချုပ် မင်းအောင်လှိုင်နှင့် ဒု-ကာချုပ် စိုးဝင်း၊ နိုင်ငံရေး အင်အားစု ကိုယ်စားပြု ဒေါ်အောင်ဆန်းစုကြည်၊ ဦးဌေးဦး၊ ဦးခွန်ထွန်းဦး၊ ဦးခင်မောင်ဆွေ၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးသိန်းထွန်း၊ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားပြု ဦးတင်အေးတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ယခုတွေ့ဆုံပွဲသည် နေပြည်တော်တွင် ရှေ့လ ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမား လာတက်မည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲများ မတိုင်မီ ရုတ်ချည်းဆိုသလို ဖြစ်လာခဲ့သဖြင့် အမေရိကန်အစိုးရ၏ ဖိအားပေးမှုများ ရှိနေသလားဟု မေးခွန်းထုတ်စရာဖြစ်သည်။
ကြာသပတေးနေ့ကလည်း အိုဘားမားက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တဦးချင်းထံ သီးခြားစီခွဲပြီး တယ်လီဖုန်း ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း ဝါရှင်တန် သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
သမ္မတအိုဘားမားက ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာတွင် နိုင်ငံတကာက အသိမှတ်ပြုလက်ခံသည့် လုပ်ဆောင်မှုဖြစ်ရန် လိုအပ်ကြောင်း၊ မြန်မာအစိုးရ ရေးဆွဲထားသော ရခိုင် Action Plan ကို ပြန်လည် သုံးသပ်ရန်အပါအဝင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့သည်ဟု အိမ်ဖြူတော် ထုတ်ပြန် ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထို့ကြောင့် နေပြည်တော် ထိပ်သီး တွေ့ဆုံပွဲသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အစိုးရအနေနှင့် တကယ်လိုအပ်၍ တွေ့ဆုံသည့် သဘောမျိုးလား၊ သို့တည်းမဟုတ် သမ္မတ အိုဘားမားခရီးစဉ် အတွက် မျက်နှာကောင်း ပြနိုင်ရေးအတွက် တွေ့ဆုံသည့် သဘောမျိုးလားဆိုသည့် အချက်ကိုတော့ နိုင်ငံရေး လေ့လာသုံးသပ်သူများက မေးခွန်းထုတ်
နေကြသည်။
“ဒေါ်အောင်ဆန်းစုကြည် ဒီလို တွေ့ဆုံဖို့ တောင်းထားတာ တနှစ်နီးပါးလောက်ရှိပြီ။ အခုမှ လုပ်တယ်ဆိုတာက နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့လည်း နည်းနည်းဆိုင်တယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့လည်း ပတ်သက်တယ်။ အဲဒီအချက်ပေါ်မှာ ကြည့်ပြီး သုံးသပ်ရရင် တွေ့ဆုံမှု လုပ်တဲ့အချိန်က အိုဘားမား ခရီးစဉ်နဲ့ ချိန်ကိုက်ဖြစ်နေတာကိုက သံသယ
ဖြစ်စရာပေါ့။ ဒါက တမင် ရည်ရွယ်ပြီး လုပ်လား၊ ဒီအချိန်ကျမှ လုပ်လားဆိုတဲ့ ပုံစံမျိုး စဉ်းစားစရာတော့ ရှိတယ်” ဟု မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
အမေရိကန် သမ္မတ အိုဘာမား မလာမီ ရုပ်ပြကောင်းရန် နိုင်ငံရေး အင်အားစုများကို ခေါ်ယူတွေ့ဆုံခြင်းလား၊ တွေ့ဆုံ ဆွေးနွေးမှုကို ဘာကြောင့် အခုမှ လုပ်ရပါသလဲဟု ဧရာဝတီက မေးမြန်းရာ ထိုသို့ မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။
“ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် စတင် တာဝန်ယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့ အခါတိုင်းမှာ နိုင်ငံနဲ့ ပြည်သူအတွက် လိုအပ်တဲ့ ဒီမိုကရေစီ လုပ်ဆောင်နိုင်ဖို့ပဲ လုပ်ခဲ့တယ်။ လူတဦး တယောက်အတွက် မျက်နှာသာရဖို့ ပါတီအဖွဲ့အစည်းတခု မျက်နှာသာရဖို့ အတွက် ဘယ်သူခရီးစဉ်ကြောင့် ဘယ်ဝါ ခရီးစဉ်ကြောင့်ဆိုပြီး လုပ်ခဲ့တာ မရှိဘူး။ ခင်ဗျား ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တို့က ၄ ပွင့်ဆိုင် တွေ့ဆုံရေးတောင်းဆိုတုန်းက ကျနော်တို့ရဲ့ တုန့်ပြန်ချက်ထဲမှာ ပါတဲ့ တချက် ရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီက ဆောင်ရွက်နေတာ ရှိတယ်။ အဲဒီ ကော်မတီရဲ့ သဘောထားကိုလည်း
ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ အားလုံးရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဒီ ၄ ယောက်တည်းနဲ့ မလုပ်သင့်သေးဘူး ဆိုတာ ကျနော်တို့ ပြောခဲ့တာ ရှိတယ်” ဟု ဦးရဲထွဋ်က ဖြေဆိုသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော် ကော်မတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ တင်သွင်းလာခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတော်အသင့် ခိုင်မာသော ရလဒ်များ ရရှိလာခြင့်တို့ကြောင့် ယခုတွေ့ဆုံပွဲကို စီစဉ်ရခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန် က ကဏ္ဍ ၃ ခုနှင့် ပတ်သက်ပြီး တက်ရောက်လာသူများကို တင်ပြခဲ့ပြီး အမျိုးသား နိုင်ငံရေး အင်အားစုများ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး နည်းလမ်းရှာဖွေကြရန်နှင့် အားလုံး ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။
ဦးသိန်းစိန်၏ တင်ပြချက် ၃ ခုမှာ “လက်ရှိ ဖြစ်ထွန်းနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဖြစ်စဉ်များ အဆင့်ဆင့် ဆက်လက် ရှင်သန် ဖြစ်ထွန်းစေရန်၊ ယင်းဖြစ်စဉ်များမှ တဆင့် ဒီမိုကရေစီ စနစ် အမြစ်တွယ် ခိုင်မာပြီး ပွင့်လင်းလွတ်လပ်သော မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ နိုင်ငံအတွက် အထူးလိုအပ်နေသော အမျိုးသား
ပြန်လည် စည်းလုံး ညီညွှတ်ရေးအတွက် လက်ရှိ ရထားသည့် ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင့်ဆင့် အပေါ်မှာ အခြေခံပြီး ခိုင်မာအောင် ဆောင်ရွက်သွားရေး၊ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးမှာ အဓိကကျ အရေးကြီးသည့် အဆင့်တဆင့် အနေဖြင့် ဖြတ်သန်းရမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိ ရရှိထားတဲ့ နိုင်ငံရေး တည်ငြိမ်မှုများကို ဆက်လက် ထိန်သိမ်းထားနိုင်ရေး” တို့ ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။
ယခုတွေ့ဆုံပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံမှုလည်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပျူငှာရင်းနှီးစွာ နေ့လည်စာစားရန် အတူသွားခဲ့သည့် ကာချုပ်မင်းအောင်လှိုင်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ ပါဝင်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်က စိတ်ရှည်သည်းခံကြောင်း၊ သို့သော် စည်းကမ်းကို အားလုံးက လိုက်နာရန် လိုကြောင်း၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး ထိပ်တိုက် တွေ့ဆုံမှုတွေ ရှောင်ရှားရန်လိုကြောင်း၊ ဥပဒေများ ပြုတဲ့အခါတွင်လည်း မဲဆန္ဒအများစုဖြင့် အနိုင်ယူခြင်းအစား လူနည်းစု၏ ဆန္ဒကိုလည်း အလေးဂရုပြုရန် လိုကြောင်း ဆွေးနွေးဝိုင်း၌ ပြောဆိုသည်ဟု သိရသည်။
ယခုလို တွေ့ဆုံမှုသည် ကောင်းမွန်ကြောင်း၊ အစိုးရဘက်မှလည်း ပွင့်ပွင့်လင်းလင်း ရှိကြောင်းကို ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ “ တွေ့ဆုံမှုက ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ နွေးနွေးထွေးထွေး ရှိပါတယ်။ စားပွဲဝိုင်းမှာလည်းပဲ အားလုံးလည်း ဆန့်ကျင်တဲ့ သဘောမျိုး မရှိကြပါဘူး။ သဘောထား တူကြတယ်လို့လည်း ယူဆလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးကိုသာ အဓိကထား ပြောကြားခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြောဆိုသည်။ “သူတို့အနေနဲ့ အခြေခံ ဥပဒေပြင်ရေးကို လိုလားတယ်။ အခြေခံ ဥပဒေပြင်တဲ့အခါမှာလည်း လွှတ်တော်ထဲကနေ တရားဥပဒေနဲ့ အညီ ပြင်ဖို့ ရှိပါတယ်။ နိုင်ငံရေး မတည်မငြိမ်ဖြစ်တာကို သူလည်း လက်မခံပါဘူး။ သူဖြေကြားသွားတာ ဒီလောက်ပါပဲ” ဟု ဦးခင်မောင်ဆွေက ဧရာဝတီ၏ မေးမြန်းမှုကို ပြန်ပြောပြသည်။
မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့များ ကမကထပြုလုပ်ပြီး ထောက်ခံသူများ၏ လက်မှတ်များ ကောက်ခံခဲ့ရာ လက်မှတ် ၅ သန်းရရှိခဲ့သည်။ သို့သော် တပ်မတော်သားများနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီက ကြီးစိုးထားသည့် လွှတ်တော်နှင့် အစိုးရက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မခံကြပေ။
အကယ်၍ ရွေးကောက်ပွဲကို ၂၀၁၅ တွင် လွတ်လပ်မျှတစွာ ကျင်းပလျှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိဖွယ် ရှိပြီး လွှတ်တော်ကို ကြီးစိုးနိုင်မည်ဟု နိုင်ငံရေးဝေဖန်စောင့်ကြည့်သူများက ဟောကိန်းထုတ်နေကြသည်။
ထိုသို့ အတိုက်အခံ လွှမ်းမိုးသည့် လွှတ်တော်ကို ထိန်းမရလျှင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ တာဝန်တွင် “လွှတ်တော်တွေဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပြု ရမည်” ဟူသော ပြဋ္ဌာန်းချက်သစ်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မကြာသေးမီကပင် လွှတ်တော်၌ တင်ပြလာသည်။ ယင်းကို နိုဝင်ဘာလလယ် လွှတ်တော်တွင် ဆွေးနွေးရန် ရှိနေသည်။
(နေပြည်တော်မှ ထက်နိုင်ဇော်၊ ရန်ကုန်မှ သူဇာ ပူးပေါင်းရေးသားသတင်းပေးပို့သည်။)