အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် တည်ဆောက်ပုံက ပြည်သူဆန္ဒကို အရှိန်သတ်ပေးတယ် (Demos-
Constraining) လို့ အစောပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ ဖက်ဒရယ်နိုင်ငံတွေ အားလုံးက Unitary
ဒီမိုကရေစီ နိုင်ငံတွေထက် တချို့နေရာတွေမှာ ပြည်သူ့ဆန္ဒကို အရှိန်ပိုသတ်ပေးတယ်ပါတယ်။ အဲဒီလိုဖြစ်ရတာက
အကြောင်းအချက် ၃ ခု ရှိပါတယ်။
ပထမတချက်။ အဒမ် ပရက်ဇ်ဝါစကီး (Adam Przeworski) ထောက်ပြထားသလိုပါပဲ
Unitary ဒီမိုကရေစီနိုင်ငံတွေမှာ အဖွင့်အာဂျင်ဒါ (open agenda) ရှိပါတယ်။ ဒါပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ တွေကတော့ ပေါ်လစီချမှတ်တဲ့ နယ်ပယ်တွေကို ပြည်နယ်တွေရဲ့ သီးသန့်လုပ်ပိုင်ခွင့် အာဏာအလိုက် အခြေခံ ဥပဒေနည်းကျ ပေးအပ်ထားတာကြောင့် ပြည်သူဆန္ဒ (demos) ကို သတ်မှတ် ဖော်ဆောင်တဲ့ အာဂျင်ဒါက တနည်းတဖုံနဲ့ ကန့်သတ်ခံထားရပါတယ်။
ဒုတိယတချက်။ ဗဟိုမှာတောင်မှပဲ ဥပဒေပြုတဲ့ နေရာက ၂ ခု ရှိနေပါတယ်။ တခုကတော့ လူတယောက် – မဲတပြား အခြေခံမူနဲ့ ဖွ့ဲစည်းထားတာဖြစ်ပြီး နောက်တခုကတော့ နယ်မြေအလိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တတိယတချက်။ တရားစီရင်ရေး နယ်ပယ်မှာဖြစ်တဲ့ အငြင်းပွားမှုတွေက Unitary နိုင်ငံတွေမှာထက် ဖက်ဒရယ်နိုင်ငံတွေမှာ ပိုပြီးခက်ခဲတာကြောင့် ဖက်ဒရယ်နိုင်ငံတွေရဲ့ တရားစီရင်ရေးကဏ္ဍက ပြည်သူတွေကို တာဝန်မခံရဘဲ ပိုပြီးအရေးကြီး၊ ပိုပြီးသြဇာအာဏာ ရှိပါတယ်။
ဖက်ဒရယ်စနစ်မှာ ပြည်သူ့ဆန္ဒကို အရှိန်သတ်ပေးတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါ့အပြင် ဖက်ဒရယ်နိုင်ငံတွေမှာ တည်ရှိတဲ့
နိုင်ငံအဆင့် နိုင်ငံရေးပါတီတွေက အားနည်းကြပါတယ်။ အဲဒီ လက္ခဏာတွေကြောင့် လူများစုကြိုက် သြဇာလွှမ်းမိုး
နိုင်ငံရေးအခြေအနေတွေ မပေါ်ပေါက်တော့ပါ။ အဲဒါကြောင့် လူတဦးချင်းရဲ့ ပုဂ္ဂလအခွင့်အရေးတွေကို ဗဟိုအစိုးရက
မချိုးဖောက်နိုင်အောင် အကာအကွယ် ပေးထားသလို ဖြစ်သွားတာကြောင့် အဲဒီလက္ခဏာတွေက အခြေခံအားဖြင့်ကို
ကောင်းပြီးသား ဖြစ်တယ်လို့ ရစ်ကာက ယူဆပါတယ်။ ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်ဖို့ဆိုရင် လွတ်လပ်မှု
(liberty) ရှိဖို့က အရေးကြီးပါတယ်။ အလားတူပဲ တန်းတူညီမျှမှု (equality) နဲ့ ထိရောက်ထက်မြက်မှု (efficacy) တို့ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် တန်းတူညီမျှမှုနဲ့ ထိရောက်ထက်မြက်မှုဆိုတဲ့ ရှုထောင့်ကနေ လေ့လာသုံးသပ်လိုက်ရင် အခြေအနေက ရှုပ်ထွေးသွားပါတယ်။ ဖက်ဒရယ်လစ်ဇင်က လူတယောက်-မဲတပြား ဆိုတဲ့ အခြေခံမူကနေ သွေဖည်သွားပါတယ်။ အဲဒီလို သွေဖည်သွားတာကြောင့် ဖက်ဒရယ်စနစ်က တန်းတူညီမျှမှုဆိုတဲ့ အခြေခံမူကိုလည်း ချိုးဖောက်တယ်လို့ အထင်ခံရနိုင်ပါတယ်။ အထက်လွှတ်တော် အမတ်နေရာ အရေအတွက်နဲ့ မဲဆန္ဒရှင်အရေအတွက် အချိုအစားက မမျှတဘဲ မတန်တဆ များပြားနေပါတယ်။
ဒါ့အပြင် လွှတ်တော်အတွင်းမှာ တချို့ဥပဒေတွေကို အတည်ပြုဖို့ဆိုရင် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ (super-majority) ရထားဖို့ လိုတယ်ဆိုတဲ့ ပြဌာန်းချက်တွေလည်း ရှိကြပါတယ်။ အဲဒီလို ကိုယ်စားပြုမှု အချိုးမညီတဲ့ အထက် လွှတ်တော်ရယ်၊ super-majority လူများစုရယ် ပေါင်းဖက်သွားရင် အစွန်းရောက်တဲ့ အခြေအနေတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဆိုလိုတာကတော့ မဲဆန္ဒရှင် ၁၀ ရာခိုင်နှုန်းလောက်ကိုတောင် ကိုယ်စားမပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လူများစုရဲ့ ဆန္ဒတွေကို ပိတ်ပင်ဟန့်တားထားနိုင်တဲ့ အစွန်းရောက် အခြေအနေတွေပါ။ အဲဒီတော့ ကျင့်သုံးတဲ့ ဒီမိုကရေစီက ထိရောက်ထက်မြက်လား၊ တရားဝင်မှု ရှိလားဆိုတဲ့ အရေးကြီးတဲ့မေးခွန်းတွေကို ဆက်ပြီး မေးရပါတော့တယ်။ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် ကိုယ်စားပြုပြီး ထိထိရောက်ရောက် လည်ပတ်နေတဲ့ ဒီမိုကရေစီစနစ်ကိုပဲ ဖန်တီးချင်တယ် ဆိုပါစို့။ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်း၊
တန်းတူညီမျှမှု ရှိခြင်းဆိုတဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ဖက်ဒရယ်စနစ်မှာထက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ထားတဲ့
Unitary စနစ်မှာ ပိုကောင်းကောင်း ဖော်ဆောင်ပေးနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံတခုမှာ ပြောဆိုသုံးစွဲတဲ့
ဘာသာစကားတွေက စုံလင်များပြားနေတယ်ဆိုရင်၊ တိုင်းရင်းသား လူမျိုးတွေလည်း အများကြီးရှိနေတယ်ဆိုရင်၊
နယ်မြေ အကျယ်အဝန်းအားဖြင့်လည်း ကြီးမားတယ်ဆိုရင် ဖက်ဒရယ်စနစ်ကို ကျင့်သုံး အကောင်အထည်ဖော်မှပဲ
ဒီမိုကရေစီနဲ့ ပိုပြီး နီးစပ်နိုင်ပါလိမ့်မယ်။
ဖက်ဒရယ်နိုင်ငံတွေကို ရစ်ကာရဲ့ နမူနာပုံစံအတိုင်း အတင်းအကျပ် လိုက်နာစေပြီး ဖွ့ဲစည်းမယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုံ
ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ ပြတ်ပြတ်သားသား ရွေးချယ်ဖို့ လိုလာပါတယ်။ တိုင်းရင်းသား လူမျိုးအချင်းချင်း တင်းမာမှု၊
ကိုးကွယ်ရာ ဘာသာအချင်းချင်း ကြားတင်းမာမှုနဲ့ ဘာသာစကား မတူညီလို့ဖြစ်လာတဲ့ တင်းမာမှုတွေကို ပြေလျော့စေဖို့ အတွက် ဖက်ဒရယ်နစ်ကို ကျင့်သုံးမယ်ဆိုရင် လူများစုအုပ်စိုးမှု (majority rule) ကို အကြီးအကျယ် ထိန်းချုပ် ထားလိုက်သလိုလည်း ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာပေါ်က လက်ရှိ ဖက်ဒရယ် နိုင်ငံတွေ အားလုံးကို
ကြည့်လိုက်ရင် အားလုံးက ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်းကို အတိုင်းအတာ တစုံတခုအထိ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့တော့ တွေ့ရပါတယ်။ အမေရိကန် ဖက်ဒရယ်စနစ်က ပြည်သူ့ဆန္ဒ အရှိန်သတ်ပေးပေမယ့်
ဘရာဇီးစနစ်ကတော့ အများဆုံး အရှိန်သတ်ပေးတယ်ဆိုတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဂျာမန် ဖက်ဒရယ်စနစ်က အမေရိကန်စနစ်ထက် ပြည်သူ့ဆန္ဒ အရှိန်ပိုလွှတ် (demo-enabling) ပေးပြီး အိန္ဒိယ စနစ်ကကျတော့ ဂျာမနီထက်တောင်မှ အများကြီး အရှိန်ပိုလွှတ်ပါသေးတယ်။ ဒါကြောင့်မို့ ပြည်သူ့ဆန္ဒ အရှိန်သတ်ပေးတဲ့ နိုင်ငံတွေကို တဖက်မှာထားပြီး ပြည်သူ့ဆန္ဒ အရှိန်ပိုလွှတ်ပေးတဲ့ နိုင်ငံတွေကိုတော့ တဖက်မှာထားကာ ဆင့်ကဲ တိုးတက် ပြောင်းလဲသွားတာကို ဆက်စပ်ပြလို့ ရနိုင်ပါသေးတယ်။ ဖက်ဒရယ်စနစ်တခုက အဲဒီပြောင်းလဲမှု ဖြစ်စဉ်ရဲ့ ဘယ်နေရာမှာ ရပ်တည်နေလဲ ဆိုတာကို အဲဒီနိုင်ငံရဲ့ နိုင်ငံရေးပါတီစနစ်က အဓိက အဆုံးအဖြတ် ပေးပါတယ်။ ဒါပေမယ့် အဆုံးအဖြတ် ပေးတဲ့နေရာမှာ ရောက်နေတဲ့တခြား ၃ ခုလည်း ရှိပါသေးတယ်။ သူတို့ကတော့ အခြေခံဥပဒေထဲမှာ ပါနေတဲ့ ကိန်းရှင်တွေလို့လည်း ပြောလို့ရနိုင်ပါတယ်။ (၁) အထက်လွှတ်တော် ကိုယ်စားပြုမှု အချိုးအစား မမျှတခြင်း၊ (၂) အထက်လွှတ်တော်တွေရဲ့ မူဝါဒချနိုင်တဲ့ အတိုင်းအတာ၊ (၃) ပြည်နယ်တွေ ဒါမှမဟုတ် တခြားအုပ်ချုပ်ရေး ဒေသတွေကို လွှဲအပ်ပေးထားတာကြောင့် ပြည်သူတွေ ဆုံးဖြတ်နိုင်တဲ့ မူဝါဒ အာဂျင်ဒါပေါ်ကနေ ပျောက်ကွယ်နေတဲ့ အကြောင်းအရာများ ဆိုတာတွေပဲ ဖြစ်ပါတယ်။
(၁) အထက်လွှတ်တော် ကိုယ်စားပြုမှု အချိုးအစား မမျှတခြင်း
လူဦးရေးနည်းပါးတဲ့ ပြည်နယ်တွေက အထက်လွှတ်တော်မှာ ကိုယ်စားပြုမှု ပိုပြီးတော့ရလေ (အဲဒီတော့ လူဦးရေပိုများတဲ့
ပြည်နယ်တွေရဲ့ ကိုယ်စားပြုမှု အချိုးအစားက ပိုပြီး လျော့နည်းသွားပါတယ်။) အထက်လွှတ်တော်ရဲ့ ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်း အလားအလာတွေပိုပြီး ကောင်းလာလေလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဘရာဇီးနိုင်ငံတို့လည်း အဲဒီအတိုင်းဖြစ်နေတာပါ။ အဲဒီနိုင်ငံတွေမှာ ပြည်နယ်တစ်ခုချင်းစီရတဲ့ အထက်လွှတ်တော် အမတ်နေရာ အရေအတွက်က အတူတူပါပဲ။ ၁၉၉၀ ကိန်းဂဏန်းတွေ အရဆိုရင် ဝိုင်အိုမင်း ပြည်နယ်မှာ လူဦးရေ ၄ သိန်း ၅ သောင်း ၃ ထောင် ရှိပြီး ကာလီဖိုးနီးယား ပြည်နယ်မှာတော့ လူဦးရေ သန်း ၃၀ ရှိပါတယ်။ အဲဒီတော့ ဝိုင်အိုမင်း ပြည်နယ်မှာ အထက်လွှတ်တော် အမတ်တယောက်ရတဲ့ မဲ ၁ မဲက ကာလီဖိုးနီးယား ပြည်နယ်က အထက်လွှတ်တော် အမတ်တယောက်ရတဲ့ ၆၆ မဲနဲ့ ညီမျှပါတယ်။ ဘရာဇီးမှာဆိုရင် ကိုယ်စားပြုမှု အချိုးအစား လွန်ကဲတာက အဲဒီထက်တောင် ပိုပြီး ဆိုးပါသေးတယ်။ ဟိုဒိုင်းမား ပြည်နယ်မှာ အထက်လွှတ်တော် အမတ်တယောက် ရလိုက်တဲ့ မဲ ၁ ပြားက ဆောပေါလို ပြည်နယ်မှာ အထက်လွှတ်တော် အမတ်တယောက်ရဲ့ မဲထက် အဆပေါင်း ၁၄၄ ဆလောက် ပိုပြီး “တာ” သွားပါတယ်။
အဲဒီလို အထက်လွှတ်တော် ကိုယ်စားပြုမှု လွန်ကဲနေတဲ့ ပုံစံမျိုးကို အောက်လွှတ်တော်မှာလည်း အလားတူဖြစ်အောင်
ပုံတူကူးလုပ်ဆောင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဆိုလို့ ဘရာဇီးနဲ့ အာဂျင်တီးနား ၂ နိုင်ငံပဲ ရှိပါတယ်။ ကိုယ်စားပြုမှု အချိုးအစားသာ ညီတူမျှတူဖြစ်မယ်ဆိုရင် ဆောပေါလို ပြည်နယ်အနေနဲ့ အမတ်နေရာ ၁၁၄ နေရာ ရရာမှာဖြစ်ပေမယ့် တကယ်တော့ နေရာပေါင်း ၇၀ ကိုပဲ ရထားပါတယ်။ ဟိုဒိုင်းမား ပြည်နယ်ကလည်း အမတ်နေရာ ၁ နေရာတည်းကိုပဲ ရသင့်တာ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ၈ နေရာကိုတောင် ရထားပါတယ်။ နယ်မြေအလိုက် ကိုယ်စားပြုခြင်းဆိုတဲ့ အယူအဆအရ ဘရာဇီး အခြေခံဥပဒေကို ရေးဆွဲထားတာပါ။ ဘယ်ပြည်နယ်မှ အောက်လွှတ်တော်မှာ အမတ်နေရာ ၇၀ ထက် ပိုမရစေအောင် ကန့်သတ်ပြဌာန်းထားပါတယ်။ (ဆောပေါလို ပြည်နယ်ရဲ့ မဲပေးပိုင်ခွင့်ကို တစိတ်တပိုင်း ပယ်ဖျက်ထားလိုက်သလိုပါပဲ။) ဘယ်ပြည်နယ်ကမှလည်း ၈ နေရာထက် မနည်းအောင် ရစေဖို့ ရည်ရွယ်ထားပါတယ်။
အထက်လွှတ်တော်မှာ ပြည်နယ်တွေရတဲ့ ကိုယ်စားပြုနေရာအရေအတွက် တူညီအောင် လုပ်ပေးထားတာက ဒီမိုကရေစီနည်းအရ လိုအပ်ချက် မဟုတ်ပါ။ ဒါ့အပြင် အဲဒီလိုသာ လုပ်ဆောင်ရင် တိုင်းရင်းသားလူမျိုးတွေ
များပြားတဲ့ နိုင်ငံတွေမှာ ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးချင်တဲ့ စိတ်ဆန္ဒတွေကို အဟန့်အတား ပြုလိုက်သလိုတောင်
ဖြစ်သွားနိုင်ပါတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံတွေလည်း သူတို့တွေရဲ့ အထက်လွှတ်တော်တွေကို
တည်ဆောက်ပုံဖော်ရာမှာ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ လူဦးရေအများဆုံး ပြည်နယ်တွေက
အထက်လွှတ်တော်မှာ မဲပေးပိုင်ခွင့် ၆ နေရာရပြီး အလယ်အလတ် ပြည်နယ်တွေကတော့ ၄ နေရာနဲ့ အသေးဆုံး
ပြည်နယ်တွေကတော့ ၃ နေရာရပါတယ်။ သြစတီးယား၊ ဘယ်လ်ဂျီယမ်နဲ့ အိန္ဒိယတို့ကတော့ လူတကိုယ်-မဲတပြား
စံချိန်စံညွှန်းနဲ့ အတော်ကလေး ကိုက်ညီပါတယ်။
တိုင်းရင်းသားလူမျိုးတွေ အများကြီးနေထိုင်တဲ့ အိန္ဒိယအနေနဲ့ အမေရိကန်ပြည်ထောင်စု အတိုင်းသာ ကျင့်သုံးမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုရအောင် လုပ်ဆောင်ရတဲ့ တချို့အရေးကြီး အမှုကိစ္စတွေကို လုပ်ဆောင်နိုင်မယ် မဟုတ်ပါ။ ယဉ်ကျေးမှုတွေ တမျိုးတဘာသာ ထူးခြားနေတဲ့ ပြည်နယ်အသစ် ၆ ခုကို ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ်တွေအတွင်း အိန္ဒိယက ဖန်တီးပေးခဲ့နိုင်ပါတယ်။ အဲဒီပြည်နယ်တွေကို တိုင်းပြည်ရဲ့ အရှေ့မြောက်ဒေသ အာသံပြည်နယ်ကနေ အများစု ခွဲထုတ်ပြီး အသစ်ဖန်တီးပေးလိုက်တာပါ။ အာသံပြည်နယ်ဆိုတာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ပဋိပက္ခတွေနဲ့လည်း တင်းကြမ်းပြည့်နေပါတယ်။ အိန္ဒိယသာ အမေရိကန် ပြည်ထောင်စုအတိုင်း လိုက်လံ လုပ်ဆောင်မယ်ဆိုရင် အဲဒီ ပြည်နယ်အသစ်တွေ (ပြည်နယ်အသစ်တွေမှာ နေထိုင်တဲ့လူဦးရေက တနိုင်ငံလုံး စုစုပေါင်း လူဦးရေရဲ့ ၁ ရခိုင်နှုန်းလောက်တောင် မရှိပါ) က အထက်လွှတ်တော်မှာ ပေးကြတဲ့ မဲတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို ရသွားမှာ ဖြစ်ပေမယ့် တခြားပြည်နယ်တွေက လက်ခံခွင့်ပြုလိမ့်မယ် မဟုတ်ပါ။ တကယ်တော့ ပြည်နယ်အသစ် ဖြစ်မသွားခင်မှာ တချို့ဒေသတွေက လက်နက်ကိုင် အကြမ်းဖက်တဲ့နည်းတွေနဲ့ လွတ်လပ်ရေးကို တောင်းဆိုနေခဲ့ကြတာပါ။ ဒါကြောင့်မို့ အဲဒီနေရာဒေသတွေကို ပြည်နယ်အဖြစ် တည်ထောင်ခွင့် ပေးလိုက်တာက ဒီမိုကရေစီ တည်တံ့ခိုင်မြဲစေရေး အတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် ပြည်နယ်တခုချင်းစီက အထက်လွှတ်တော်မှာ ကိုယ်စားပြုခွင့် တန်းတူညီမျှ ရစေမယ်ဆိုတဲ့ အမေရိကန်ပုံစံအတိုင်း ကျင့်သုံးခဲ့မယ်ဆိုရင် ပြည်နယ်အသစ်တွေကို အိန္ဒိယမှာ တည်ထောင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်၊ ဒါမှမဟုတ် ဖြစ်နိုင်ခဲ့လိမ့်မယ်တော့ မဟုတ်ပါ။
ကမ္ဘာပေါ်မှာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေ အမျိုးအစား အများကြီး ရှိပုံကို ဇယား ၁ မှာ ကြည့်နိုင်ပါတယ်။ ဒါ့အပြင်
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေ အများစုက အမေရိကန်ပုံစံအတိုင်း အကောင်အထည်ဖော်နေတာ မဟုတ်ဘူး ဆိုတာကိုလည်း အဆိုပါဇယားက ပြနေပါတယ်။ အမေရိကန်ပြည်ထောင်စုရယ် အမေရိကန်ပုံစံအတိုင်း လိုက်ပြီး လုပ်ဆောင်ကြတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့က ဇယား ၁ အတိုင်း ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်မှာ အပြင်စွန်းကို ရောက်နေကြပါတယ်။ ဂီနီ အညွှန်းကိန်း (Gini index) နဲ့ တိုင်းတာလိုက်တဲ့အခါ ကိုယ်စားပြုမှု အတိုင်းအတာ ဘယ်လောက်တောင် မညီမမျှ ဖြစ်နေတယ်ဆိုတာကို ပထမ အတန်းက ပြနေပါတယ်။ တန်ဖိုးတွေကို သုညကနေ ၁ အထိ ပေးထားပါတယ်။ သုညဆိုတာကတော့ လူတကိုယ်-မဲတပြား ဖြစ်တာကို ရည်ညွှန်းပြီး ၁ ဆိုရင်တော့ ပြည်နယ်တခုတည်းက အထက်လွှတ်တော် အမတ်နေရာတွေ အားလုံးကို ရသွားတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။ ဘယ်လ်ဂျီယမ် အထက်လွှတ်တော်က ဂီနီအညွှန်းကိန်း သုည နီးပါးရှိပါတယ်။ သြစတီးယား အထက်လွှတ်တော်ကလည်း ဘယ်လ်ဂျီယမ်ထက် သိမ်မများပါ။
အိန္ဒိယကတော့ .၁ (ဒသမ ၁ ) ဖြစ်ပြီး စပိန်ကတော့ .၃၁ (ဒသမ ၃၁) ဖြစ်ပါတယ်။ အမေရိကန် ဂီနီအညွှန်းကိန်းက .၅
(ဒသမ ၅ ) ဖြစ်ပြီး ဘရာဇီးကတော့ .၅၂ (ဒသမ ၅၂) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်စားပြုမှုအချိုး အကောင်းဆုံးရတဲ့ ပြည်နယ် ၁၀ ရာခိုင်နှုန်းက အထက်လွှတ်တော်နေရာတွေရဲ့ ၃၉ ရာခိုင်နှုန်း ကို ရယူထားနိုင်ပါတယ်။ ဘရာဇီးမှာတော့ ၄၃ ရာခိုင်နှုန်းကို ရယူထားနိုင်ပြီး အိန္ဒိယမှာတော့ ၁၅ ရာခိုင်နှုန်းပဲရှိပါတယ်။ ကွာခြားမှုတွေက တော်တော်ကို ကြီးမားပါတယ်။ ဒီအညွှန်းကိန်တွေအရ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ဆင့်ကဲတိုးတက် ပြောင်းလဲမှုရဲ့ ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်းဘက် အခြမ်းမှာ ရှိနေတယ်ဆိုတာ ရှင်းပါတယ်။
(၂) အထက်လွှတ်တော် မူဝါဒချမှတ်တဲ့ နယ်ပယ်အတိုင်းအတာ
အခု ဒုတိယအနေနဲ့ လေ့လာမယ့် ကိန်းရှင်ကတော့ အထက်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေပဲ ဖြစ်ပါတယ်။
အထက်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုများလေလေ ပြည်သူ့ဆန္ဒ (ပြည်သူ့ဆန္ဒကို လူတယောက်-
မဲတပြားနှုန်းနဲ့ အောက်လွတ်တော်မှာ ကိုယ်စားပြုဖော်ပြထားပါတယ်) ကို ပိုပြီး ကန့်သတ်ချုပ်ကိုင်ထားလေ
ဖြစ်တယ်လို့တော့ ကျနော် ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အစိုးရဘတ်ဂျတ်ကို အဆိုပြုရာမှာ
အထက်လွှတ်တော် (ဆီးနိတ်) ထက် အောက်လွှတ်တော်အခန်း ကဏ္ဍက တနည်းတဖုံ ပိုပြီး အရေးကြီးပါတယ်။
တရားစီရင်ရေး အရာရှိတွေ၊ သံအမတ်ကြီးတွေနဲ့ အုပ်ချုပ်ရေးပိုင်း အရာရှိကြီးတွေကို ခန့်အပ်မှုမှာ
အထက်လွှတ်တော်ကို သီးသန့်အခွင်အရေးတွေ အခြေခံဥပဒေနဲ့တကွ ပေးအပ်ထားတာရှိပါတယ်။ အဲဒါတွေကို
ထည့်သွင်း စဉ်းစားလိုက်မယ် ဆိုရင်တော့ မူဝါဒချမှတ်တဲ့ နေရာတွေမှာ အထက်နဲ့ အောက်လွှတ်တော်တွေက တန်းတူညီမျှနီးပါး အခွင့်အရေးရတယ်လို့တော့ ပြောနိုင်ပါတယ်။ အထက်လွှတ်တော်တွေရဲ့ မူဝါဒချမှတ်နိုင်တဲ့
နယ်ပယ်အတိုင်းအတာကို ကြည့်လိုက်ရင် ဘရာဇီးစနစ်က ကမ္ဘာပေါ်မှာ ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်း အဖြစ်ဆုံးလို့
ပြောနိုင်ပါတယ်။ ဘရာဇီးအထက်လွှတ်တော်နဲ့ မသက်ဆိုင်တဲ့ မူဝါဒနယ်ပယ်ဆိုတာ မရှိပါ။ ဒါ့အပြင် ပြည်နယ်တွေ
ငွေချေးငှားနိုင်တဲ့ အတိုင်းအာတာကို ကန့်သတ်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပါအဝင် အထက်လွှတ်တော် တခုတည်းနဲ့
သက်ဆိုင်တဲ့ မူဝါဒနယ်ပယ်လည်း ၁၂ ခုတောင် ရှိပါတယ်။
ဇယား ၂ ကိုကြည့်ရအောင်ပါ။ ဇယားအတိုင်းဆိုရင်တော့ အထက်လွှတ်တော်ထက်စာရင် အောက်လွှတ်တော်ကို
လုပ်ပိုင်ခွင့် ပိုပေးထားတဲ့ တခြား ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေ ရှိကြပါသေးတယ်။ ဂျာမန်၊ စပိန်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့
အထက်လွှတ်တော်တွေက သြဇာအာဏာ (အောက်နဲ့ နှိုင်းယှဉ်လိုက်ရင်) နည်းပါးပြီး ကိုယ်စားပြုမှု အချိုးအစားလည်း
မျှတတာကြာင့် ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်း အာနိသင် နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဘရာဇီးနိုင်ငံမှာ
စုစုပေါင်း မဲဆန္ဒရှင်တွေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ကိုပဲ ကိုယ်စားပြုတဲ့ အထက်လွှတ်တော်အမတ်တွေက သာမန်ဥပဒေပြုရေး လုပ်ငန်းစဉ်လေးတွေကိုတောင် ပိတ်ပင်ဟန့်တားထားနိုင်ပါတယ် (အမေရိကန်မှာ ဆိုရင်တော့ အရေးကြီးတဲ့ ရာထူးနေရာတွေအတွက် အမည်တင်သွင်းမှုတွေကို ကော်မတီဥက္ကဋ္ဌ တယောက်တည်းကတောင် တခါတလေမှာ ပိတ်ပင်ဟန့်တားနိုင်တာကို တွေ့ရပါတယ်)။ ဂျာမနီမှာဆိုရင်တော့ အရေးကြီးတဲ့ ဥပဒေတွေကို
အထက်လွှတ်တော်က ပိတ်ပင်တားမြစ်တာမျိုး ရှားပါးပါတယ်။ ဘာကြောင့်အဲဒီလို ကွာခြားရတာပါလိမ့်။
ပထမ အချက်အနေနဲ့၊ အစိုးရတွေ ဖွဲ့စည်းခြင်းနဲ့ အစိုးရတွေကို အနားပေးဖယ်ရှားခြင်းဆိုတဲ့ အရေးအကြီးဆုံး
မဲခွဲဆုံးဖြတ်ခြင်း လုပ်ငန်းကြီး ၂ ခု ရှိပါတယ်။ အဲဒီ ၂ ခုလုံးမှာ ဂျာမနီ အထက်လွှတ်တော်က ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။
အောက်လွှတ်တော် တခုတည်းကိုပဲ သီးသန့်လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒုတိယ အချက်အနေနဲ့၊ ပြည်နယ်တွေ (lander) အပေါ် တိုက်ရိုက်မသက်ဆိုင်တဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လာရင် အထက်လွှတ်တော်တွေက “ဆိုင်းငံ” ထားရုံလောက်ပဲ လုပ်နိုင်ပြီး ဗီတိုအာဏာသုံး ပိတ်ပင်တာ မလုပ်နိုင်ပါ။ တတိယ အချက်အနေနဲ့၊ ပြည်နယ်တွေ (lander) နဲ့ တိုက်ရိုက်သက်ဆိုင်လာလို့ အထက်လွှတ်တော်တွေက သီအိုရီအရ ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ ဥပဒေ အမျိုးအစားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဥပဒေမျိုးတွေကို မဲခွဲဆုံးဖြတ်ဖို့ တကယ်ကြုံလာတဲ့အခါ အကြိမ် ၁၀၀ မှာ ၅၀ လောက်မှာပဲ ဗီတိုအာဏာ သုံးတာကိုလည်း တွေ့ရပါတယ်။
အကြောင်းကတော့ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးပါဝင်ဖွ့ဲစည်းထားတဲ့ ပူးတွဲကော်မတီတွေက ရင်ကြားစေ့
တံခါးပိတ် အစည်းအဝေးတွေကို ကျင်းပပြီး ညှိနှိုင်းပေးတာကြောင့်ပါ။ ဂျာမနီမှာလိုပါပဲ၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ အိန္ဒိယ၊ သြစတီးယား နိုင်ငံတွေမှာ အယုံအကြည်မရှိအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်တာမျိုးကို အောက်လွှတ်တော်တွေကပဲ လုပ်ဆောင်နိုင်ပါတယ်။ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှု ပေါ်ပေါက်လာရင် အဓိက ဝင်ရောက်လုပ်ကိုင်ပေးရတဲ့ အခန်းကဏ္ဍ ရှိပေမယ်လို့ နိုင်ငံတွေ တော်တော်များများမှာတော့ အထက်လွှတ်တော်တွေက ပြန်လည်ပြင်ဆင်ရေးကိုပဲ
အဓိကလုပ်ကြတာ များပါတယ်။ ဥပမာ – စပိန်နိုင်ငံမှာ ပြည်နယ်အစိုးရတခုက အခြေခံဥပဒေကို မထီမ့ြဲမင်ပြုလာလို့
ဗဟိုအစိုးရက အရေးယူ ဆောင်ရွက်ချင်တယ်ဆိုရင် အထက်လွှတ်တော် အမတ်တွေရဲ့ ၃ ပုံ ၂ ပုံ သဘောတူခွင့်ပြုချက်ကို
ရဖို့လိုပါတယ်။ ကျနော့်အမြင်အရ ဆိုရင်တော့ လုံးဝကို လျော်ကန်သင့်မြတ်ပါတယ်။
(၃) ပြည်နယ်တွေကို အခြေခံဥပဒေအရ ပေးအပ်ထားတဲ့ မူဝါဒချမှတ်နိုင်ခြင်း အတိုင်းအတာ
ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတွေ တခုနဲ့တခု အခြေခံဥပဒေအရ အကြီးအကျယ် ကွာခြားသွားစေတဲ့ တတိယ ကိန်းရှင်လည်း ရှိပါသေးတယ်။ အဲဒါကတော့ (ပြည်သူ့ဆန္ဒကိုယ်စားပြု) ဗဟိုအစိုးရကို ပေးအပ်ထားတဲ့ အာဏာတွေနဲ့ ပြည်နယ်တွေကို အခြေခံဥပဒေအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကြား ကွာခြားချက်ပါပဲ။ ၁၉၈၈ ဘရာဇီး အခြေခံဥပဒေကို အရမ်းအသေးစိတ် ဖော်ပြရေးဆွဲထားတာကြောင့် သာမန်ဥပဒေတွေကို အတည်ပြုပြဌာန်းဖို့တောင် super-majority (၃ ပုံ ၂ ပုံလောက်ရှိတဲ့ လူများစု) ရဖို့လိုပါတယ်။ ပြည်နယ်နဲ့ မြူနီစပါယ်အစိုးရတွေ ပေးခွင့်ရှိတဲ့ ပင်စင်ခံစားခွင့်တွေ၊ ပြည်နယ်ဘဏ်တွေ (ပြည်နယ်တိုင်းမှာ သက်ဆိုင်ရာဘဏ်တွေ ရှိပါတယ်။) ပို့ကုန်တွေအပေါ် ပြည်နယ်တွေရဲ့ အခွန်ကောက်ခံခွင့်တွေနဲ့ ပတ်သက်လာရင် ပြဌာန်းချက်တွေက တိကျပြီး အခြေခံဥပဒေထဲမှာကိုပါ
ထည့်သွင်းထားပါတယ်။ ပြည်သူ့ဆန္ဒအရှိန်သတ်ခြင်း တော်တော်လေး လွန်ကဲတယ်လို့ ပြောနိုင်ပါတယ်။
အခြေခံဥပဒေထဲကို ထည့်သွင်းရေးဆွဲထားတဲ့ အကြောင်းအရာတွေ များပြားလွန်းနေရင်လည်း ဒီမိုကရေစီ
အရည်အသွေးတွေ အကြီးအကျယ် ယုတ်လျော့ကျဆင်းသွားတယ် လို့ပြောနိုင်ပါတယ်။ အကြောင်းကတော့
အဲဒီအကြောင်းအရာတွေကို သာမန်လူများစုကြီး (normal majority) က ဝင်ရောက် မဆုံးဖြတ်နိုင်တော့လို့ ဖြစ်ပါတယ်။
အရေးကြီးတဲ့ အကြောင်းကိစ္စ အားလုံးနီးပါးကို ဘရာဇီး အခြေခံဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။ အခြေခံဥပဒေကို
ပြင်ဆင်ဖို့ဆိုရင် လွှတ်တော်၂ ရပ်ပေါင်းရဲ့ အမတ် ၆၀ ရာခိုင်နှုန်း (လွှတ်တော်တက်ရောက်သူရော ပျက်ကွက်သူတွေကိုပါ
ထည့်သွင်းရေတွက်ပါတယ်) က နှစ်ကြိမ်နှစ်ခါ သဘောတူခွင့်ပြုမှသာ ပြင်ဆင်နိုင်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့
အရွယ်အစားက တိုက်ကြီးတခုလောက် ကြီးမားပြီး လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲပါတယ်။ အဲဒီတော့
လွှတ်တော်အမတ်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က (ထောက်ခံမဲပေးဖို့ မပြောနဲ့) လွှတ်တော် တက်ရောက်ဖို့ ဆိုတာကကိုပဲ တော်တော်ခက်ပါတယ်။
ဇယား ၃ မှာလည်း ဆင့်ကဲပြောင်းလဲမှုတခုကို ဖော်ပြထားပါတယ်။ ပြောင်းလဲမှုရဲ့ တဖက်စွန်းကိုရောက်နေတဲ့ အိန္ဒိယ
အခြေခံဥပဒေက ပြည်သူ့ဆန္ဒအရှိန်လွှတ် အာနိသင် တော်တော်ကောင်းပါတယ်။ အခြေခံဥပဒေကို မူကြမ်းရေးဆွဲချိန်မှာ
ဘာသာစကားပေါင်း ၁၅ မျိုးကျော်ကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသုံးစွဲနေတဲ့သူပေါင်းက တိုင်းပြည်တွင်း သန်း ၂၀
လောက်ရှိနိုင်တာကို အခြေခံဥပဒေရေးဆွဲသူတွေက ရင်နာနာနဲ့ သဘောပေါက်ပါတယ်။ ဖွ့ဲစည်းထားတဲ့ ပြည်နယ်တွေရဲ့
နယ်နိမိတ်တွေကလည်း ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေနဲ့ တထပ်တည်းမကျပါ။ အစိုးရနဲ့ ပြည်သူတွေ နီးစပ်မှုရှိအောင်
လုပ်ပေးဖို့လိုတဲ့အတွက် အခြေခံဥပဒေ ရေးဆွဲသူတွေက ဘာသာစကား အခြေခံမူတွေကို လိုက်နာရပါတယ်။ ဒါကြောင့်
အောက်လွှတ်တော်အတွင်း ရိုးရိုး လူများစု (simple majority) သဘောတူထောက်ခံရင် ရှိပြီးသား ပြည်နယ်တွေကို ဖျက်သိမ်းခွင့်၊ ပြည်နယ်အသစ်တွေ ဖန်တီးထည်ထောင်ခွင့်၊ ပြည်နယ်တွေကို နာမည်ပြောင်းခွင့်
ရသွားပါတယ်။ အတူပေါင်းစည်း ဖက်ဒရယ်နိုင်ငံတွေပဲ ရေးဆွဲနိုင်တဲ့ ပြဌာန်းချက်မျိုးပါ။ ပြည်နယ်အခွင့်အရေးတွေကို
ဦးစားပေးတဲ့ (ဥပမာ အမေရိကန်လို) ဖက်ဒရယ်နိုင်ငံမျိုးမှာတော့ ဒီလိုပြဌာန်းချက်မျိုး ပေါ်ပေါက်လာဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ။
ဒါပေမယ့် အိန္ဒိယနိုင်ငံမှာကျတော့ အခြေအနေတွေက တမျိုးပါ။ ဟင်ဒီစကားကို ပြောဆိုသုံးစွဲနေတာ မဟုတ်တဲ့ သန်းပေါင်းရာနဲ့ချီသူ အိန္ဒိယသားတွေရဲ့ “စိတ်ကူးထဲက လူ့အဖွဲ့အစည်းတွေ” ကို အကောင်အထည်ဖော်ခွင့် ပေးမထားရင် နေရာပေါင်းများစွာမှာ ခွဲထွက်မှုတွေ ဖြစ်ပေါ်လာမှာပါပဲ။
ဘရာဇီး အခြေခံဥပဒေထက် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ဖို့က ပိုပြီးတော့တောင် ခက်ပါတယ်။ ဒါပေမယ့်
အမေရိကန် အခြေခံဥပဒေထဲမှာ အခွင့်အရေး ပေးထားတာတွေ၊ သတ်မှတ်ပြဌာန်းထားတာတွေက နည်းပါးလွန်းတာကြောင့် သာမန် အများစု (ordinary majority) ရှိထားရုံနဲ့တင် အမေရိကန်ဥပဒေတွေ တော်တော်များများကို အတည်ပြုပြဌာန်းလို့ ရတာကို တွေ့ရပါတယ်။ စပိန်နိုင်ငံမှာတော့ အများစုဆန္ဒနဲ့ တက်လာတဲ့ ဗဟိုအစိုးရကို အဓိကထိန်းချုပ်ထားတာက ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ ဘာသာစကားတွေနဲ့ ပတ်သက်လို့ ပြဿနာတွေ ပေါ်ပေါက်လာရင်လည်း အဆိုပါ ဥပဒေ၊ နည်းဥပဒေတွေကပဲ ကိုင်တွယ်ဖြေရှင်းပါတယ်။ ဂျာမနီမှာတော့ ဖက်ဒရယ် ပရိုဂရမ် တော်တော်များများကို ပြည်နယ်တွေကပဲ ကွပ်ကဲပါတယ်။ ဒါပေမယ့် ဥပဒေပြုရေးနဲ့ မူဝါဒစောင့်ကြည့် ကြပ်မတ်ရေးတွေကတော့ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ ဖြစ်နေတုန်းပါပဲ။
(ဆက်လက်ဖော်ပြပါမည်။)
(အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် Gladstone Professor of Government အဖြစ် ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ယခုအခါ ကိုလံဘီယ တက္ကသိုလ်တွင် Wallace Sayre Professor of Government အဖြစ် ဆောင်ရွက်နေသည်။ ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလက ပို့ချခဲ့သော စီးရီးများကို အခြေခံပြီး ယခု အက်ဆေးကို ရေးသားခြင်း ဖြစ်သည်။ အခု အက်ဆေးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)