မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လိပ်ကျွန်းလူသတ်မှုမှာ တရားမျှတမှုရှိရေး ကူညီဆောင် ရွက်ပေးဖို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ဇော်လင်းက မနေ့က တောင်းဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိန်းခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ဦး ကို မနေ့က မြန်မာသံရုံး အထူးအဖွဲ့ သွားရောက်တွေ့ဆုံချိန် ဇော်လင်းက အခုလို စကားပါးတောင်းဆိုလိုက်တာလို့ အဆိုပါအဖွဲ့ရဲ့ ဘာသာပြန် ဦးမိုးဝေက ဧရာဝတီကိုပြောပါတယ်။
“ဒီလိုတောင်းဆိုတဲ့ ဇော်လင်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုတဲ့ တယောက်ပါ။ သူတို့နှစ်ယောက်က ဒီအမှုမှာ ကျူးလွန်ခြင်းမရှိဘဲ ခြိမ်းခြောက်ရိုက်နှက်မှုတွေကြောင့် ဝန်ခံခိုင်းတာတွေ ကြုံတွေ့ခဲ့ရတယ်။ အပြစ်မရှိဘဲ ဖမ်းဆီး ချုပ်နှောင်ခံနေရတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တတ်နိုင်မယ်ဆိုရင် သူတို့ တရားမျှတမှု ရရှိရေး အတွက် လုပ်ပေး စေချင်တယ်ဆိုပြီး ပြောတာပါ” လို့ သံရုံး အထူးအဖွဲ့ ဘာသာပြန် ဦးမိုးဝေ က ပြောပါတယ်။
ဇော်လင်းဟာ အဖမ်းအဆီးမခံရခင်အချိန်ထိ လူမှုကွန်ရက် Facebook အသုံးပြုခဲ့ပြီး သူ့ရဲ့ စာမျက်နှာမှာ ဒေါ်အောင်ဆန်း စုကြည် ကို ဝေဖန်တိုက်ခိုက်နေသူတွေ သိစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပြီး NLD ပါတီခေါင်း ဆောင် အကြောင်း ရုပ်သံမှတ်တမ်း တခုကို ဒီနှစ် သြဂုတ်လ ၂၁ ရက်နေ့က တင်ထားတာတွေ့ရပါတယ်။
အဲဒီရုပ်သံမှတ်တမ်းဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB က ထုတ်လွှင့်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို စုစည်းတင်ဆက်ထားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ (FED) အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်ကလည်း မြန်မာလူငယ်နှစ်ဦး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ဒီအမှုဟာ ထိုင်းနိုင်ငံရှိ ရွှေ့ ပြောင်း မြန်မာအလုပ်သမားတွေ အတွက်လည်း တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေး အရေးပါနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပူးပေါင်းပါဝင် စေလိုကြောင်း ပြောပါတယ်။
“အခုကိစ္စက ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ပြဿနာမျိုးမဟုတ်ဘူးလို့ ကျနော်တို့က နားလည်တယ်။ ဒီကိစ္စက ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ မြန်မာသန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်” လို့ ဦးထူးချစ် က ဧရာဝတီကိုပြော ပါတယ်။
သူကဆက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုယ်တိုင်ကလည်း ထိုင်း အာဏာပိုင်တွေနဲ့ တွေ့တဲ့ အခါ တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကော်မတီ ဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်နေပြီး လူထုက အင်မတန်မှ လေးစားကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိုင်းအစိုးရ၊ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံတကာက သိအောင် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့မြင်ပါတယ် လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခု နှစ်မေလကုန်က ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိခဲ့စဉ်က ထောင်နဲ့ချီ တဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက ကြိုဆိုခဲ့ကြပါတယ်။ လာရောက်ကြိုဆိုတဲ့ မြန်မာအလုပ်သမားတွေကို ပြောတဲ့ မိန့်ခွန်းထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြစ်ထားမှာမဟုတ်ကြောင်းနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ကတိပေးပြောဆိုခဲ့ဘူးပါတယ်။