ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီခေါင်းဆောင် တဦးဖြစ်သည့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံး၏ ဆုံးဖြတ်ချက် အမှတ် (E.O.) 13448 ဖြင့် ဦးအောင်သောင်းအား နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ် သည်ဟု အောက်တို ဘာလ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အားပေး ထောက်ပံ့မှု များ ဆက်လက်လုပ်ဆောင်နေချိန်တွင် စောင့်ကြည့်လေ့လာမှုလည်း ရှိနေပြီး ၎င်းဖြစ်စဉ်များအပေါ် အနှောက် အယှက် လုပ်နေသည့် ဦးအောင်သောင်းကို အရေးယူရခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။
ဦးအောင်သောင်းသည် မကြာခင်ကမှ စတင်ခဲ့သည့် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားနည်းသွားစေမည့် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေသကဲ့သို့ အတိုက်အခံ ဒီမိုက ရေစီ အင်အားစုများကို နှိပ်ကွပ်ရာတွင်လည်း ပါဝင်သူတဦးဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြသည်။
သို့အတွက် ယခုအရေးယူမှုသည် အမေရိကန်နိုင်ငံ အ တွင်း နှင့် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဦးအောင်သောင်းအား ဒဏ်ခတ်အရေးယူလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ၎င်း နှင့် စီးပွား အတူတွဲလုပ်ခွင့်ကိုလည်း တားမြစ်ပြီးသားဖြစ်ကြောင်းကြေညာချက်က ဆိုသည်။
“မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုကို နိုင်ငံတကာက ယုံကြည်မှု ကျဆင်း လာတာနဲ့အမျှ ဦးအောင်သောင်းဟာ အဂတိလိုက်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို စိတ်ပျက်ဖွယ် ဆက်တိုက် လုပ်လာ တာတယ်” ဟု ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းနှင့်ပတ်သက်၍ OFAC ရုံးမှ ညွှန်ကြားရေးမှူး Adam J. Szubin က မှတ်ချက် ပေး ထားသည်။
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အမေရိကန်နိုင်ငံက အခိုင်အမာ အားပေးလျှက်ရှိပြီး ၎င်းကဲ့သို့ ဖိနှိပ်မှု၊ အာဏာရှင်ဆန်မှုများကို ကျူးလွန်နေသူများသည် အန္တရာယ်အဖြစ် ပစ်မှတ်ထား ဒဏ်ခတ်ခြင်းဟုသူက ဆက်ပြော သည်။
ဤကဲ့သို့ စစ်အစိုးရလက်ထက် ဝန်ကြီးဟောင်းတဦးဖြစ်ခဲ့သူ ဦးအောင်သောင်းအား ပိတ်ဆို့အရေးယူမှု ပြုလုပ်ချိန်သည် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
အမေရိကန်အစိုးရ အနေဖြင့် ဦးအောင်သောင်းကို ယခုကဲ့သို့ အရေးယူမှုအသစ်ပြုလုပ်ရန် အချက်အလက်စုဆောင်းနေ သည် မှာကြာပြီဖြစ်ကြောင်း၊ ဦးအောင်သောင်းအနေဖြင့် ပြီးခဲ့သည့် ရခိုင်ပြည်နယ် လူမျိုးရေးအဓိကရုဏ်းများတွင် ပါဝင် ပတ်သက်မှု ရှိနိုင်ပြီး၊ စွမ်းအားရှင်ကဲ့သို့သော အဖွဲ့အစည်းများကို မွေးမြူ ကာငွေကြေးထောက်ပံနေသည်ဟု အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း အနောက်တိုင်း သံတမန်တဦးက သုံးသပ်သည်။
“အခုကိစ္စဖြစ်လာတာက မြန်မာ့အတိုက်အခံတွေနဲ့တော့ သိပ်မဆိုင်ဘူး၊ ဦးအောင်သောင်းကို အရေးယူဖို့ အမေရိကန် အစိုးရက စောင့်ကြည့်ပြီး အချက်အလက်စုနေတာကြာပြီ” ဟု ၎င်းကဆိုသည်။
ဤသို့ အရေးယူလိုက်သည့်အတွက် ဦးအောင်သောင်းအနေဖြင့် နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသည့် စီးပွားရေးလုပ် ငန်းများ ထိခိုက်လာနိုင်ပြီး၊ စင်ကာပူဘဏ်များဖြင့် ချိတ်ဆက်အလုပ်လုပ်ရသည့် ငွေကြေးကိစ္စများ ထိခိုက်သွားမည်ဖြစ် သည်။
ဆက်စပ်သတင်း