ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ရွာ ၈ ရွာ ပါဝင်သော မြို့ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အဂတိလိုက်စား မှု နှင့် အာဏာ အလွဲသုံးစားမှုများ ပြုလုပ်နေသဖြင့် ထိုအုပ်ချုပ်ရေးမှူး ပြောင်းလဲပေးရန်အတွက် ဒေသခံ ၃၅၀ ကျော်က လက်မှတ် ထိုး၍ သက်ဆိုင်ရာသို့ တောင်းဆိုကြောင်း သိရသည်။
အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် သဲဝါ ၊ ဒညင်းကုန်း ၊ မြို့ချောင်း ၊ ကာလူးကုန်း ၊ ဆည်မြောင်း ဈေးတန်း ၂ ၊ ဈေးတန်း ၁ ၊ ရွှေဂျိုးပင် နှင့် ရွှေတောင်တန်း ကျေးရွာတို့ကို အုပ်ချုပ်နေသူ ဖြစ်သည်ဟု ဆိုသည်။
ဦးထွန်းထွန်းနိုင်သည် ၂၀၁၂ ခုနစ်မှ စတင်၍ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ခဲ့ရာ ကျေးရွာတိုးတက်မှု မရှိခဲ့သည့်အပြင် KTV အမည်ခံ အနှိပ်ခန်းများကိုပါ တရား မဝင် ဖွင့်လှစ်လာခဲ့ကြောင်း၊ ကျေးရွာ မြေလွတ်မြေရိုင်း ဧက ၂၀ ခန့်ကိုလည်း ရောင်းချထားကြောင်း ကျောက်တံခါးမြို့နယ် ဈေးတန်းကျေးရွာ ဒေါ်စန္ဒာမိုး က ဧရာဝတီသို့ ပြောသည်။
“ကျမတို့အနေနဲ့ ကျေးရွာတိုးတက်အောင် မလုပ်ပေးတဲ့ အုပ်ချုပ်ရေးမှူး၊ ရွာကို လုပ်ချင်တိုင်းလုပ် အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေး မှူး ကို အလိုမရှိဘူး။ အရင်က ကျမတို့ ဆီမှာ KTV တွေ အနှိပ်ခန်းတွေမရှိဘူး။ ပြီးတော့ မြေကွက်အလွတ်တွေကို ရောင်းစားတာ တွေရှိတယ်။ ဒါကြောင့် လဲလှယ်ပေးဖို့ သက်ဆိုင်ရာကို လက်မှတ်ထိုးစာတင်ထားတယ်။ ဒါပေမယ့် ဘာတခုမှ ဖြစ်မလာဘူး”ဟု ဒေါ်စန္ဒာမိုး က ပြောဆိုသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးသည် တရားမဝင် KTV အမည်ခံ အနှိပ်ခန်း တခန်းကို တလ ကျပ် ၇သောင်း ကျော် လာဘ်ယူပြီး ဖွင့်ခွင့်ပြုထားကြောင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အုပ်ချုပ်ရေးမှူးကို ခေါ်ယူစစ်ဆေးခြင်း မရှိသည့်အပြင် ဒေသခံများကိုသာ တရားခံ ကဲ့သို့ စစ်ဆေးခြင်းများ ပြုလုပ်ကြောင်း ကျေးရွာ ဒေသခံများကလည်း ပြောသည်။
“ကျမတို့နဲ့ ကျေးရွာရဲတွေနဲ့ ပူးပေါင်းပြီးတော့ KTV ဆိုင်တဆိုင်ကို ဖမ်းခဲ့တယ်။ အဲ့ဒီမှာလုပ်နေတဲ့ ကလေးမတွေနဲ့ ဆိုင်မန်နေဂျာက အုပ်ချုပ်ရေးမှူးကို တလ ၇သောင်းကျော်ပေးပြီး ဖွင့်တာဆိုတာ သိလိုက်ရတာပါ”ဟု ဒေါ်စန္ဒာမိုး ကထပ်မံ ပြောပြသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာရုံးတွင် လာရောက်ရုံးထိုင်ခြင်းလည်း မရှိကြောင်း၊ ရွာသားများ ၏ အရေး ကိစ္စများကိုလည်း ကူညီဆောင်ရွက်ခြင်း မရှိကြောင်း ဆည်မြောင်း ဈေးတန်း ၂ ကျေးရွာ က ဒေါ်ပပဝင်းကလည်း ပြောဆိုသည်။
“ကျမတို့ အုပ်ချုပ်ရေးမှူးက ၂၀၁၃ ခုနစ် ဇူလိုင်မှာ ငွေအလွဲသုံးစားမှုနဲ့ ပြစ်မှုကျူးလွန်ပြီး အချုပ်ကျဖူးတယ်။ ဒီလို ပြစ်မှုရှိတဲ့သူက အုပ်ချုပ်ရေးမှူး လုပ်လို့ရလား။ ကျမတို့ ကျေးရွာက အဲ့ဒါတွေ နားမလည်လို့ပါ။ ပြီးတော့ သူ့ကို ကျမတို့ ရွာသူ ရွာသားတွေ ကိုယ် တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူး”ဟုလည်း ဒေါ် ပပဝင်းက ဧရာဝတီ သို့ ပြောသည်။
ကျေးရွာ ဒေသခံများ အနေဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောင်းလဲရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားရန် ရှိကြောင်း လည်း သိရသည်။
ဒညင်းကုန်းကျေးရွာမှ ဒေသခံတဦး က“ကျမတို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးက တိုင်ကြားချက်နဲ့တော့ ခေါ်စစ်တယ်။ ဒါပေမယ့် တခါ ပဲခေါ်သေးတယ်။ လူ ၅ ဦးပဲ ခေါ်သေးတယ်။ ပြီးတော့ နင်တို့ အုပ်ချုပ်ရေးမှူးက မပိုင်ရင် ဘာမှမလုပ်ဘူးလို့လည်း ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
အလားတူ ၂၀၁၃ ခုနှစ် မတ်လ အတွင်းကလည်း ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြောင်းလဲ ပေးရန် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူများက ဆန္ဒ ထုတ်ဖော်မှု ဖြစ်ပွားခဲ့ဖူးသည်။
ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးအပ်ထားသည့် အာဏာကို အလွဲသုံးစား လုပ်၍ ရပ် ကွက်ပိုင် မြေနေရာများကို ကိုယ်ကျိုးအတွက် အငှားချခြင်း၊ ရောင်းစားခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများကို အနိုင်အထက်ပြု ဆက်ဆံခြင်းများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားလာပါက ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ယမန်နှစ်တွင် ပြောဆိုထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ်တဦးဦးကို ဥပဒေနှင့်အညီ တာဝန်ပေး ဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဌာန်းထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ကျင်းပသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲမသမာမှု ရာခိုင်နှုန်း ၆၀ ကျော်ရှိခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း က ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ထား သည်။
ယင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံတဝန်း ရပ်ကွက်ပေါင်း ၂၈၉၁ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၉၈ အုပ်စုနှင့် ကျေးရွာပေါင်း ၆၄၉၁၇ ရွာ ကျင်းပခဲ့ရာတွင် ပြည်သူလူထု ကိုယ်စားပြု ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ တနိုင်ငံလုံး အတိုင်းအတာ၏ ၃၈ ရာခိုင်နှုန်းသာ ရှိကြောင်း ပါရှိသည်။