အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးခဝါချမှုကို စတင်အရေးယူရန် ပြင်ဆင်နေကြောင်း ငွေကြေးခဝါချမှု တိုက် ဖျက်ရေးအဖွ့ဲမှ ရဲမှူး ကျော်ဝင်းသိန်းက ပြောကြားလိုက်သည်။
“အဂတိ လိုက်စားမှုကော်မရှင်၊ ပြည်ထဲရေး၊ နောက် အကောက်ခွန်၊ အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ ဗဟိုဘဏ်တို့ ပေါင်းလုပ်ဖို့အတွက် ကျနော်တို့ပြင်ဆင်နေတယ်။ ဒါက လုပ်ဆောင်နေတာက အကြမ်းသဘောတော့ရလာပြီ။ အချောသတ်ဖို့ပဲ ကျန်တော့တယ်”ဟု ၎င်းက ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ရောက်လာသည့် မည်သည့်တိုင်ကြားစာကိုမဆို စိစစ်သွားရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိပါက အဆိုပါ အဂတိလိုက်စားမှုဖြင့် ရလာသည့် ငွေကြေးများကိုမည်သည့်နေရာတွင် သုံးခဲ့သည်၊ မည်မျှရရှိခဲ့သည် စသည်တို့ကို ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတဦးက သတ်မှတ်ပမာဏထက် ကျော်လွန်ပြီး လာဘ်ယူတယ်ဆိုတာတွေ့ရင် ဒါတွေကိုကျနော်တို့က ပြန်စစ်မယ်။ ဘာ တွေ ဝယ်ထားလဲ။ ဘာတွေလုပ်ထားလဲ။ မြေဝယ်လား။ ကားဝယ်လား။ ဒါတွေအတွက်ကို ကျနော်တို့က ဥပဒေအတိုင်း သိမ်းဆည်း အရေးယူပါမယ်”ဟု ရဲမှူး ကျော်ဝင်းသိန်းက ပြောသည်။
အဂတိလိုက်စားမှုမြောက်သည့် အမူမှုများတွင် လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေ ညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား လုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့် ရာထူး အရှိန်အဝါကို အသုံးပြုခြင်းတို့ ပါဝင်ကြောင်း သိရသည်။
“အခုကတော့ ကော်မရှင်ကို တိုင်လာတဲ့တိုင်ကြားမှုတွေကို စစ်မယ်။ နောက်ပိုင်းတော့ ကိုယ်တိုင်မသင်္ကာတဲ့ဝန်ထမ်းတွေကို စစ်မှာပါ။ ဘယ်ဝန်ထမ်းမဆို၊ ဘယ်အရာရှိမဆို ကျနော်တို့ခေါ်စစ်မှာပါ။ အရင်ကကိစ္စတွေ တိုင်ကြားလာရင်လည်း ဥပဒေကြောင်း အရ ဥပဒေအတိုင်း စစ်မှာပါ။ တိကျမှုတော့ ရှိရပါမယ်”ဟု ရဲမှူး ကျော်ဝင်းသိန်းက ပြောသည်။
လက်ရှိတွင် ငွေကြေးခဝါချမှုကဏ္ဍ၌ တရားမဝင်ငွေလုံးငွေရင်းဖြင့် ဝင်ရောက်လာသည့် ငွေများ၊ မသင်္ကာသည့် ငွေလွှဲမှုစနစ်များကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင် နေမှုများရှိပြီး အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးခဝါချမှုကိုမူ လာမည့် နှစ်အတွင်း စတင်စစ်ဆေးမည်ဟုလည်း ဆိုသည်။
ထိုသို့ စစ်ဆေးနိုင်ရန်အတွက် ငွေကြေးလည်ပတ်မှုပိုင်းကို စောင့်ကြည့်နိုင်ရန် ဗဟိုဘဏ်၊ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆက်သွယ်ရေး ကွန်ရက် တခု လုပ်ဆောင်သွားရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။
“စပြီးလုပ်ဆောင်တာ အကြမ်းပြီးသွားပြီ။ ဘဏ်တွေကပို့တာတွေကို အကုန်သိမ်းဆည်းနိုင်ဖို့ လုပ်နေတယ်။ ဒီစနစ်က အခုလည်း လုပ်တယ်။ ဒါပေမယ့် ဒါကကျတော့ ဘဏ်တွေပေးမှ သိရတယ်။ အခုကျတော့ ကျနော်တို့က ဝင်ပြီဆိုတာနဲ့စသိအောင် ကွန်ရက် စနစ်စလုပ်တာပါ။ အဲဒီစနစ်က ဒီနှစ်ကုန်လောက် စပြီးလုပ်နိုင်မယ်”ဟု ရဲမှူး ကျော်ဝင်းသိန်းက ပြောပြသည်။
ဗဟိုဘဏ်က ယခုအခါ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ပူးပေါင်း၍ အဆိုပါ ဆက်သွယ်ရေး ကွန်ရက်ကို စတင်လုပ်ဆောင်နေပြီး ၂၀၁၅အတွင်း၌ စတင်လည်ပတ်ရန် စီစဉ်ထားကြောင်း ပြောသည်။
အဆိုပါ ဆက်သွယ်ရေးကွန်ရက်တွင် မိုဘိုင်းလ် ငွေလွှဲစနစ်၊ ဘဏ်များဆိုင်ရာ ငွေကြေးလည်ပတ်မှုစနစ်များကို အသေးစိတ်ရေး ဆွဲထားကြောင်း ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှု ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန္ဒာဦးက ပြောဆိုသည်။
ငွေကြေးခဝါချမှု ဥပဒေ သစ်ကိုလည်း ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်က ပြဌာန်းထားပြီး ဖြစ်သည်။
ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဆက်အောင်က ငွေကြေးခဝါချမှုသည် အမျိုးမျိုးရှိပြီး နိုင်ငံ၏ ငွေကြေးစနစ်ကို ထိခိုက်စေကြောင်း ပြောဆို သည်။
ဦးဆက်အောင်က“ငွေကြေးခဝါချမှုက အမျိုးမျိုးရှိတယ်။ ဒါတွေက နိုင်ငံငွေကြေးစနစ်ကို ထိခိုက်စေတာမို့ ကျနော်တို့ သေချာလုပ်ဆောင်နေပါတယ်။ ပြည်ပကနေ လာတဲ့သူတွေကလည်း ဒီမှာ လုပ်ငန်းလုပ်ဖို့လာရင်း လာဘ်ပေးလာဘ်ယူ အတွက် ငွေပေးမှုမှာ သူတို့ဆီက ငွေမည်းတွေ ယူလာနိုင်တယ်။ ကျနော်တို့ဘက်က ဘဏ်ကနေလာတာတွေ ရှိနိုင်သလို ဘဏ်မဟုတ်ဘဲ ငွေလွှဲတွေရှိတယ်။ ဒါတွေအတွက်ပါ သေချာစောင့်ကြည့်ဖို့ လုပ်ဆောင်နေပါတယ်”ဟုလည်း ပြောသည်။
ထိုသို့လုပ်ဆောင်နေသည့် ဆက်သွယ်ရေးကွန်ရက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) တို့နှင့် ပူးတွဲလုပ်ဆောင်နေကြောင်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွ့ဲမှ ရဲမှူး ကျော်ဝင်းသိန်းက ပြောဆိုသည်။
အဂတိလိုက်စားမှု ပပျောက်ရေး အတွက် ၂၀၁၃ ခုနှစ်ဆန်းပိုင်းက “လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” တရပ်ကို ဖွဲ့စည်းခဲ့ပြီး“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ”ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်ကစပြီး အာဏာ တည်စေ ရမည်ဟု သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်ထားသည်။
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transperancy International)က မြန်မာနိုင်ငံသည် ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ အနက် အဂတိလိုက်စားမှု အဆင့် ၂၀ တွင် ရှိကြောင်း ၂၀၁၃ ခုနှစ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာကအလိုရှိနေသော ဘိန်းဘုရင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ စီးပွားရေးကုမ္ပဏီ များ တည်ထောင်ခွင့်ပြုခြင်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်သည်ဟု ကျော်ကြားသော တိုင်းရင်းသား အဖွဲ့အစည်းတချို့ကို အထူးအခွင့်အရေးပေးကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမဝင်ငွေမည်းများကို ငွေဖြူပြောင်းလဲခွင့်ပြုခဲ့ကြောင်း၊ ယခု အသွင်ကူးပြောင်းရေး ကာလတွင်လည်း ငွေမည်းများဖြင့် တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခွင့်မပေးဘဲ ခြွင်းချက်ထားခြင်းများ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့ထံမှ သိရှိရ သည်။