ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် တဦးဖြစ်သည့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းသည် ကြံ့ခိုင်ရေးပါတီ၏ လှုပ်ရှားမှုများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အမေရိကန် အစိုးရ ပေါင်းပြီး ညစ်ပတ်ခြင်းဟု ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက စွပ်စွဲပြောဆိုလိုက်သည်။
“အမေရိကန်နဲ့ NLD ပါတီဆိုတာ တပူးတွဲတွဲပါ။ အတိုက်အခံ NLD နဲ့ တပေါင်းတည်း ဖြစ်နေတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုက ပြည်ခိုင်ဖြိုးပါတီကို ထိုးနှက်ချင်လို့ လုပ်တာလို့ပဲ ကျနော်မြင်တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြည်ခိုင်ဖြိုးပါတီအပေါ် ယုံကြည်မှုလျော့အောင် နောက်ထပ်လုပ်ဦးမှာပဲ။ ဦးအောင်သောင်းအပေါ် လုပ်လိုက်တဲ့ အမေရိကန်နဲ့
လုပ်ရပ်ကို ရှုတ်ချပါတယ်။ နောက်ပြီး အခုကိစ္စဟာ အမေရိကန်ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်လို့ပဲလို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးလှဆွေက ဧရာဝတီသို့
ပြောကြားလိုက်သည်။
အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံးက အောက်တိုဘာလ ၃၁ ရက် နေ့စွဲဖြင့် ဦးအောင်သောင်းအား နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ ယခုအရေးယူမှုသည် အမေရိကန်နိုင်ငံ အ တွင်း နှင့် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုကို နိုင်ငံတကာက ယုံကြည်မှု ကျဆင်း လာတာနဲ့အမျှ ဦးအောင်သောင်းဟာ အဂတိလိုက်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို စိတ်ပျက်ဖွယ် ဆက်တိုက် လုပ်လာတာတယ်” ဟု OFAC ရုံးမှ ညွှန်ကြားရေးမှူး Adam J. Szubin က ထုတ်ပြန်ကြေညာထားသည်။
ဧရာဝတီက ကြားသိရသော်လည်း အတည်မပြုနိုင်သော သတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုကဲ့သို့ အမေရိကန်၏ အရေးယူမှုကို သဘောမကျဟု ဆိုသည်။ ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး ကော်မတီကို ဦးဆောင်သကဲ့သို့ ဦးအောင်သောင်းကလည်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဦးစီးသည်။
အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းကမူ ဦးအောင်သောင်းအပေါ် အရေးယူခြင်းသည် မြန်မာအတိုက်အခံများနှင့် မဆိုင်ဘဲ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး နောက်ပြန်စွဲနေသူများကို ပစ်မှတ်ထားအရေးယူသလို ပြောင်းလဲလိုသူများကို ထောက်ခံအားပေးသွားမည့် ပေါ်လစီကို ကနဦး လက်တွေ့ပြသမှုဟု ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ ဆိုင်ရာ လက်ထောက်ဝန်ကြီး တွမ်မာလင်နော့စကီးက ” မြန်မာ့ဒီမိုကရေစီ အနာဂတ်ကို ကျနော်တို့ မျှော်လင့်နေတုန်းပါ။ မြန်မာအစိုးရထဲက ဖြစ်စေ၊ အစိုးရထဲ မပါဝင်သူဖြစ်စေ ဒီမိုကရေစီကို တည်ဆောက်မယ့်သူ အခိုင်အမာဖြစ်ရင် ကျနော်တို့ အာဏာရှိသလောက်သုံးပြီး ကူညီထောက်ပံ့မယ်။ နာမည်ပျက်စာရင်းဝင်ဖြစ်ဦး၊ သူက ဒီမိုကရေစီရေးကို စိတ်ဆန္ဒ တကယ်ရှိရင် ကျနော်တို့ စာရင်းက ပယ်ဖျက်ပေးနိုင်တယ်။ ဒါပေမယ့် ဩဇာအာဏာသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် ဆန့်ကျင်ဘက် ဖြစ်အောင် လုပ်နေတာတွေကို ကျနော်တို့ အသေအချာ သတိပြုနေပါတယ်။ ကျနော်တို့ ပြောခဲ့သလို လိုအပ်လာရင် ကျနော်တို့ တုန့်ပြန်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပြီးခဲ့သောနှစ်များအတွင်း အမေရိကန်သံတမန်များအနေဖြင့် နာမည်ပျက်စာရင်းဝင် စီးပွားရေးသမားများနှင့် တွေ့ဆုံနေခဲ့ပြီး စာရင်းမှ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းစည်းရုံးနေခဲ့သည်။ အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များအရ ၂၀၁၄ ခုနှစ်တွင် စာရင်းမှ ပယ်ဖျက်ခံရသူ တဦးမှ မရှိသေးချေ။ ၂၀၁၃ ခုနှစ်တွင် တဦး ပယ်ဖျက်ခံခဲ့ရသည်။
မြန်မာစီးပွားရေးသမားများအနေဖြင့် နာမည်ပျက်စာရင်းဝင်နေပါက နိုင်ငံခြားစီးပွားရေးသမားများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရခြင်း၊ နိုင်ငံရပ်ခြားတွင် ငွေကြေးနှင့် ပိုင်ဆိုင်ခွင့်များ ဆုံးရှုံးခြင်းတို့ ကြုံတွေ့နေရသည်။
ဦးအောင်သောင်းကို နာမည်ပျက်စာရင်းသွင်းခြင်းသည် လက်တွေ့ထိရောက်မှု မရှိဘဲ နိုင်ငံရေးအရ သတိပေးခြင်းမျှဖြစ်သည်ဟု ဝေဖန်သူများလည်း ရှိသည်။
မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်နေသူ တဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက “သမ္မတ အိုဘားမား မလာခင် အယောင်ပြ လုပ်ပြတဲ့ အမေရိကန် အစိုးရရဲ့ အစီအစဉ်တွေထဲက တခုလို့ပဲ မြင်ပါတယ်။ အခုမှ စာရင်းထဲရောက်တယ် ဆိုတာကတော့ နောက်ကျလွန်းပါတယ်။ အမေရိကန် အစိုးရအနေနဲ့ အက်စ်ဒီအန် (နာမည်ပျက်) စာရင်းထဲထည့်ဖို့ ကျန်နေတဲ့ သူတွေ အများကြီး ရှိပါသေးတယ်။ အမေရိကန် အစိုးရအနေနဲ့ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာလို့ ထင်ပါတယ်” ဟု ပြောသည်။
ဦးအောင်သောင်း၏ ကြွယ်ဝချမ်းသာမှုကို ဦးအောင်သောင်း တဦးထဲ နာမည်ပျက် စာရင်းသွင်းရုံဖြင့် ထိရောက်သည့် လုပ်ဆောင်မှု ဖြစ်မည် မဟုတ်ဟု အမေရိကန်၏
အပေါ်ယံ ဆောင်ရွက်မှုသာ ဖြစ်ကြောင်း နာမည်မဖော်လိုသူ ပို့ကုန်၊ သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ဝေဖန်ပြောကြားသည်။
“ အခု နာမည်ပျက်စာရင်းသွင်းတာက ဦးအောင်သောင်းကိုပဲ။ တကယ်စီးပွားရေး ဆောင်ရွက်နေတာက ဦးအောင်သောင်းတဦးတည်း မဟုတ်ဘူး။ သူ့သားသမီးတွေက
ဦးဆောင်နေတာတွေ အများကြီး။ ဒါကို အရေးမယူဘဲ ဦးအောင်သောင်းကိုပဲ နာမည်ပျက်စာရင်းသွင်းတယ် ဆိုတာကြီးကတော့ ဟုတ်ကို မဟုတ်တာ။ ဒီလို
လုပ်လိုက်လို့ ဘာသက်ရောက်မှု ရှိမှာလည်း။ ဒါကလည်း မေးစရာမေးခွန်းတခုဖြစ်နေပြီ”ဟု အဆိုပါ လုပ်ငန်းရှင်က ဝေဖန်ပြောကြားခဲ့သည်။
ဦးအောင်သောင်းနှင့် သားနှစ်ဦးဖြစ်သူ ဦးပြည်အောင်နှင့် ဦးနေအောင်တို့သည် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ စစ်အစိုးရ လက်ထက်တွင် စက်မှု ၁ ဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့စဉ်က အရှိန်အဝါကို အသုံးချ၍ သန်းကြွယ် သူဌေးများဖြစ်ခဲ့ကြကြောင်း၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ နှစ်ဦးပိုင်သော စီးပွားရေး လုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။
ယခု အမေရိကန် အစိုးရ၏ နာမည်ပျက် စာရင်း ကြေညာရာတွင် ဦးအောင်သောင်းကိုသာ အဓိက ရည်ရွယ်ချင်း ဖြစ်ပြီး ဦးအောင်သောင်း၏ သားနှစ်ဦးနှင့် ၎င်းတို့ပိုင် IGE ကုမဏီတို့ မပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံး၏ ဆုံးဖြတ်ချက် အမှတ် (E.O.) 13448 ဖြင့် ထုတ်ပြန်ချက်အရ သိရသည်။