Politics

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၆)

This article has been converted from Zawgyi One to Unicode

၁၉၈၈ ခုနှစ်တွင် ဖုန်းမော်အရေးအခင်းမှ စတင်ဖြစ်ပေါ်ခဲ့သော လူထုဆန္ဒပြပွဲများ၏ ဂယက်ရိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းအတွင်း တရားရုံးမှုခင်း စစ်ဆေးမှုများ မကြာခဏရပ်ဆိုင်းမှုများ ကြုံတွေ့ရသည်ကို ထိုခေတ် ကာလမီသူ၊ ရှေ့နေများ၊ တရားသူကြီးများ၊ အမှုသည်များနှင့် ရဲတပ်ဖွဲ့ဝင်များအားလုံး သိရှိပြီးဖြစ်ပါသည်။

ရဲအချုပ်ကားများက လုံခြုံရေးတာဝန်မယူနိုင်၍ ထောင်တွင်းရှိ အချုပ်သားများ ရုံးမထုတ်သဖြင့် အင်းစိန် ထောင်အတွင်း၌ အကျဉ်းသား အချုပ်သားအရေအတွက် ၁၀ဝဝဝ ကျော်သည်အထိ ဖြစ်သွားခဲ့ပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

(၈.၈.၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့်အတူ အနယ်နယ်အရပ်ရပ်မှ အဖမ်းခံရ၍ အင်းစိန်ထောင်တွင်းသို့ ဝင်ရသော နိုင်ငံရေးသမားများပါ ထောင်ထဲရောက်ရှိ လာသော်လည်း အင်းစိန်ထောင်ကို ထောင်ပိုင်ကြီး ဦးစိန်ဌေးသည် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ခဲ့ပါသည်။

အဋ္ဌဂံ(၈ မြှောင့်) တိုင်ကပ်နာရီပုံစံ ထောင်ကြီးကို အင်္ဂလိပ်အစိုးရက စနစ်တကျပုံစံထုတ် တည်ဆောက်မှုကို ၁၈၈၉ ခုနှစ်က စတင်ခဲ့ပါသည်။ ထောင်နံရံအုတ်ရိုးမှာ ၂ ထပ်ဖြစ်ပါသည်။

တံတိုင်း၂ ထပ်အတွင်း အိပ်ဆောင်များ၊ တိုက်များကိုလည်း သီးခြားတံတိုင်း အကာအရံများဖြင့် ထပ်မံခွဲခြား တည်ဆောက်ထားပါသည်။ ထို့ကြောင့် လူတယောက်ပြစ်ဒဏ်ကျ၍ အင်းစိန်ထောင်အတွင်း ဝင်ရောက်လာ ရပြီး မိမိနေထိုင်ရမည့် အခန်းသို့ရောက်ရှိရန် အရန်းအတားတံခါး ၉ ပေါက်ကိုကျော် လွှားဝင်ရောက်မှသာ မိမိနေရမည့်နေရာသို့ ရောက်ရပါသည်။

အလားတူ ထိုပုဂ္ဂိုလ်ထောင်မှအပြင် ပြန်ထွက်လျှင်လည်း အထက်ပါ အရံအတားတံခါး ၉ ပေါက်ကို ဖြတ် ကျော်ပြီးမှ အပြင်ရောက်ရပါသည်။

အိပ်ဆောင်နှင့် တိုက်များ၏ အလယ်တွင် မိန်းဂျေးမျှော်စင်ရှိပါသည်။ အထက်ပါ အိပ်ဆောင်နှင့် တိုက်များကို ခြားနားထားသော တံတိုင်းနံရံများသည် မျှော်စင်ကို ဦးခိုက်၍တည်ရှိပါသည်။ မိန်းဂျေးမျှော်စင် ဗဟိုချက် ပေါ်တွင် သေနတ်ကိုင်အစောင့် ၂ ယောက် ၃ ယောက်မျှ ရှိရုံဖြင့် ထောင်တွင်းဆူပူမှုကို ထိန်းနိုင်အောင် ဖွဲ့စည်းတည်ဆောက်ထားပုံ အလွန်ကောင်းပါသည်။

ထောင်အပြင် အုတ်ရိုးသေနတ်တင် မျှော်စင်များ၊ ထောင်အဝင်တံခါးမကြီး အပေါ်မှ ဂတ်ကြီးဟုခေါ်သော သေနတ်ကိုင်အုပ်စုများသည် ထောင်ကိုအပေါ်စီးမှ အသင့်နေရာယူထားမြဲ အစဉ်ရှိပါသည်။
တုတ်ကိုင်ဝါဒါ အစောင့်များက အဆောင်တိုင်း၊ တိုက်တိုင်းတွင်ရှိပါသည်။ ၎င်းတို့လက်အောက်တွင် အကျဉ်း သားများထဲမှ ယုံကြည်စိတ်ချရသော လူများကို ရွေးချယ်လျက် အခန်းလူကြီး၊ စည်းကမ်းထိန်း စသဖြင့် အဆင့်ဆင့်အုပ်ချုပ်ပုံစနစ်ကို ထူထောင်ထားပြီး ဗဟိုမျှော်စင်ရှိရာ မိန်းဂျေး၌လည်း ထောင်ပိုင်လေး (သို့မဟုတ်) ထောင်မှူးကြီး ကွပ်ကဲသောထောင် အုပ်ချုပ်ရေးဝါဒါအဖွဲ့ သီးခြားရှိပါသေးသည်။

ထောင်တွင်းသတင်းယူရန် အကျဉ်းသား လူယုံများလည်း မွေးမြူထားပါသည်။ မသင်္ကာစရာသတင်းရလျှင် ချက်ချင်းစီးနင်းရှာဖွေသော အဖွဲ့များလည်း အသင့်ရှိပါသည်။ ထောင်ကိုပုံမှန်ရှာဖွေမှု၊ လျှပ်တပြက်ရှာဖွေမှု မကြာခဏပြုလုပ်၍ အန္တရာယ်ပြုနိုင်သော တုတ်ဓားလက်နက်အပ်တို တချောင်းမရှိအောင် ရှာဖွေသိမ်း ဆည်းမှုပြုပါသည်။

အထက်ပါအတိုင်း စနစ်တကျ ထောင်ကိုအုပ်ချုပ်လျှင် အပ်တိုတချောင်းပင် ကိုင်ခွင့်မရှိသော အကျဉ်းသား၊ အချုပ်သားမှာ ကြက်ခြင်းထဲရောက်နေသော ကြက်ပမာ ထောင်အာဏာပိုင် ပြုသမျှ နုကြရသူများဖြစ် ပါ သည်။

ဦးစိန်ဌေးသည် မှန်ပြောင်းတလက်ဖြင့် အပြင်ဘက်ဘူးမျှော်စင်များမှ ထောင်အတွင်းသို့ မကြာခဏ ချောင်း မြောင်း ကြည့်ရှုတတ်ပါသည်။ ထောင်တွင်းသို့လည်း အရပ်ဝတ်ဖြင့် ရုပ်ဖျက်ဝင်ရောက်  စစ်ဆေးတတ် သေးသည်။

ထို့ကြောင့် “နံရံတိုင်းမှာ နားတွေရှိသည်” ဟု ဆိုရလောက်အောင် ထောင်အခြေအနေကို သူကသိရှိ ထိန်းကွပ်နိုင်သူ ဖြစ်ပါသည်။

ဤသည်မှာ တကယ်တော့ မဆန်းပါ၊ အင်္ဂလိပ် ပြုလုပ်ရေးဆွဲခဲ့သည့် ထောင်ဖွဲ့စည်း အုပ်ချုပ်ပုံကို နားလည် သူတိုင်း၊  မပျင်းမရိ၊  လုံ့လဝီရိယရှိသူ ထောင်ပိုင်တိုင်း၊ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြလျှင် ထောင်တခုကို လွယ်လင့်တကူ ကောင်းကောင်းအုပ်ချုပ်နိုင်ကြသည်သာ ဖြစ်သည်။

သို့သော် မဆလခေတ် မြန်မာအကျဉ်းထောင်များအတွင်း စစ်ထောက်လှမ်းရေးများ ဝင်ရောက်စခန်းဖွင့် နေထိုင်ကြပြီး နိုင်ငံရေးအကျဉ်းသား၊ အချုပ်သားများအား သီးခြားတွေ့ဆုံ စစ်ဆေးမှုများ ပြုလုပ်ရာမှ အကျဉ်းထောင်အတွင်း သီးခြားအခွင့်ထူးခံ အဖွဲ့တခု တည်ထောင်လှုပ်ရှားမှုကိုမူ ဦးစိန်ဌေး ချုပ်ကိုင်နိုင်ခြင်း မရှိပါ။

ထောင်ပိုင်ကြီး ဦးစိန်ဌေး၏ အထက်၌ အကျဉ်းဦးစီးဌာန၊ ညွှန်မှူး၊ ညွှန်ချုပ်တာဝန် ယူထားသူများမှာ တပ်မ တော်မှလာသော ဗိုလ်မှူး၊ ဒု-ဗိုလ်မှူးကြီးများဖြစ်၍ အရပ်သား ပြည်သူ့ဝန်ထမ်း ဦးစိန်ဌေး အင်းစိန်ထောင်ကို ချုပ်ကိုင်ရန် ခက်ခဲလာခဲ့ပါသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်နေစဉ်ကာလအတွင်း ဝန်ထမ်းအဖွဲ့အစည်းများစွာမှ ဝန်ထမ်းများ ဆန္ဒပြ နေချိန်၊ အင်းစိန်ထောင်၌ ဩဂုတ်လ ဒုတိယပတ်နှင့် တတိယပတ်အတွင်း လူသစ်ဝန်ထမ်း ၁၇ ယောက်မှ ၂၆ ယောက်အတွင်း အသစ်ခန့်ထားမှု ထူးထူးခြားခြား အကျဉ်းဦးစီးဌာန အမိန့်ဖြင့် ခန့်ထားမှုရှိခဲ့ပါသည်။

ထိုရက်ပိုင်းအတွင်း စစ်စည်းကမ်းဖောက်ဖျက်မှု၊ တပ်ပြေးမှုကျူးလွန်သည့်အတွက် တပ်မတော်မှ အပြစ် ပေးထောင်ချလိုက်သည်ဆိုသော တပ်မတော်သားအချို့လည်း အင်းစိန်ထောင်အတွင်း ရောက်ရှိ လာခဲ့ သည်ဟု ဆိုပါသည်။

ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁းဝ၀ နာရီ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး ၂၄ နာရီမပြည့်မှီ ၂၅  ရက် နံနက် ပိုင်းတွင် အင်းစိန်ထောင်ထဲမှ ဗိုလ်မှူးချုပ် အောင်ကြီးနှင့် နိုင်ငံရေးထိန်းသိမ်းခံများ၊ ဦးထွေးမြင့်၊ စစ်ကိုင်း တင်ဝင်းမှစ၍ ၈၈- ဆန္ဒပြမှုနှင့် သက်ဆိုင်သော လောလောလတ်လတ် ဖမ်းဆီးထားသူများကိုပါ ထူးထူး ခြားခြား ပြန်လွှတ်ပေးခဲ့သည် ဆိုပါသည်။

စစ်ကိုင်း ဦးတင်ဝင်းသည် ၁၉၈၈ ဩဂုတ်လ ၈ ရက် စစ်ကိုင်းသပိတ်ကို  ဦးဆောင်သူ ဖြစ်ပါသည်။ ဩဂုတ် လ ၁၀ ရက်ခန့်ကမှ မန္တလေးမှ လေယာဉ်ဖြင့် ဖမ်းခေါ်လာခဲ့သူအား ၂ ပတ်အတွင်း ထူးထူးခြားခြား ပြန်လွှတ် ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါက်တာမောင်မောင် အစိုးရသည် ဩဂုတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးနှင့် သက် ဆိုင်သူများကို အစဦးပထမ အလွှတ်ပြခဲ့ပြီးနောက်၊ အချို့သော အကျဉ်းသား၊ အချုပ်သားများကိုလည်း လွှတ်ခြင်း၊ နေရာပြောင်းခြင်းများကို အထက်အမိန့်အရ အင်းစိန်ထောင်အတွင်း ဆက်လက်လုပ်ဆောင် နေရ သဖြင့် သန်းခေါင်ကျော်သည့်တိုင် လုပ်ငန်းမဖြတ် နိုင်သောကြောင့် ၁၉၈၈ ဩဂုတ်လ ၂၅ ရက်နေ့က အင်း စိန်ထောင် စာရင်းမပိတ်နိုင်ခဲ့ကြောင်း၊ ထောင်ဝန်ထမ်းများက အမှတ်တရ ပြောကြားသည်ကိုစာရေး သူသိရှိခဲ့ပါသည်။

သတင်းမှတ်တမ်းများအရ ဩဂုတ် လ ၂၅ ရက်တွင် ထောင်မှလွှတ်ပေးသူ ၂၀ဝ၀ ခန့်ရှိသည်ဟု သိရပါသည်။

ယင်းသို့ ဩဂုတ်လ ၂၅ ရက် တရက်လုံး အကျဉ်းဦးစီး ညွှန်ချုပ်အမိန့်ဖြင့် လွှတ်သင့်သူကိုလွှတ်၊ ပြောင်းရွှေ့ ထားသင့်သူကို ကြိုတင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီ အချိန်ခန့် တွင် ထောင်ဝင်းအနီးကားတစီးပေါ်မှ အသံချဲ့စက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေတိဂုံ အနောက်မုခ် တရားပွဲချီတက်ကြရန် နှိုးဆော်စကား ပြောကြားပြီးနောက်၊ ရုတ်တရက် “အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး” ဟူသော အသံချဲ့စက်မှ အော်သံတခု ရုတ်တရက် ထွက်ပေါ်ခဲ့သည် ဆိုပါသည်။

ယင်းနောက် ထောင်အတွင်းမှ အသံချဲ့စက်ကလည်း ချက်ချင်းဆိုသလို၊ အင်းစိန်ထောင်အတွင်း ယခုရှိနေသူများမှာ ရာဇဝတ်သားလူဆိုးများဖြစ်ကြောင်း ၎င်းတို့ကို လွှတ်ပေးရန် ထောင်ပြင်မှ မတောင်းဆိုသင့်ကြောင်း၊ ၎င်းလူဆိုးများ အပြင်သို့ လွတ်ထွက်သွားပါက လူထုသာ အန္တရာယ်ရှိနိုင်ကြောင်း စသဖြင့် အချိန်ယူရှင်းလင်း ပြောဆိုမှုများ ရှိခဲ့သည်ဟု ဆိုပါသည်။

အပြင်ကအော်သံမှာ ရုတ်တရက် တကြိမ်တည်းဖြစ်သဖြင့် အချို့အကျဉ်းသားများ မသိလိုက်သော်လည်း ထောင်ထဲမှ ရုတ်တရက် အချိန်ယူ ပြန်လည်ရှင်းလင်းပြောဆိုမှုက ထောင်တွင်းရှိ အကျဉ်းသားများကို ဒေါသ ထွက်အောင် လှုံ့ဆော်သလို ဖြစ်ခဲ့သည်ဟု ထိုအဖြစ်အပျက်ကို လက်တွေ့ကြုံခဲ့သော အကျဉ်းသား များက စာရေးသူအား ပြောပြခဲ့ကြပါသည်။

ယင်းကဲ့သို့ ထောင်ထဲမှ အကျဉ်းသားများ၏ စိတ်ဓာတ်ကို ထိခိုက်လှုံ့ဆော်ရာရောက်သည့် ထောင်အာဏာ ပိုင်၏ အသံချဲ့စက်မှ စကားများကြောင့် အိပ်ဆောင်တွင်း အကျဉ်းသားများ လှုပ်ရှားဒေါသ ထွက်နေချိန်တွင် စစ်သားဘဝပြောင်း၍ အကျဉ်းသားဖြစ်လာသူ အခန်းလူကြီးများလက်ထဲ၌ အခန်းတံခါး သော့များ ရောက်ရှိ နေပြီး ၎င်းတို့ကအခန်းတံခါးများကို တပြိုင်တည်းမှာပင် ဖွင့်ပေးခဲ့သောကြောင့် ဒေါသ ထွက်နေသော အကျဉ်းသား များ၊ အဆောင်အပြင်ဘက်သို့ ချက်ချင်းလွယ်ကူစွာ ထွက်လာနိုင်ခဲ့သည်ဟု သိရသည်။

အခန်းတံခါးသော့များကို ဝန်ထမ်းမကိုင်ဘဲ အခန်းလူကြီးများလက်ထဲ ရောက်နေခြင်းမှာ ဩဂုတ်လအတွင်း အကျဉ်းဦးစီးဌာနမှ ထူးထူးခြားခြား  ခန့်အပ်လိုက်သော  ဝန်ထမ်းသစ်များက အကျဉ်းသား အခန်းလူကြီးများ လက်ထဲသို့ လွှဲအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

အဆိုပါ အခန်းလူကြီးများမှာ ဩဂုတ်လအတွင်း စစ်စည်းကမ်းဖောက်ဖျက်မှု၊ တပ်ပြေးမှု အကြောင်းပြု၍ ထောင်ကျလာသည့် တပ်မတော်သားဟောင်းများ ဖြစ်နေပါသည်။

စစ်သားဟောင်းဖြစ်၍ စည်းကမ်းနှင့် အမိန့်နာခံတတ်သူများ ဖြစ်သဖြင့် အကျဉ်းသားများထဲတွင် ၎င်းတို့ကို လူကြီးတာဝန်ပေးရမည်ဟူသော အထက်က လမ်းညွှန်ချက်ရှိသည်ဆိုကာ စစ်ပြေး၊ စစ်စည်းကမ်းချိုးဖောက် သူ စစ်သား၊ အကျဉ်းသား အသစ်များသည် ချက်ချင်းအခန်းလူကြီးများ ဖြစ်ခဲ့ကြသည်ဟု ဆိုပါသည်။

အဆိုပါအခန်း လူကြီးဆိုသူများသည် ထောင်ဆူပူမှုဖြစ်ပွားပြီး နောက်ပိုင်း ထောင်ထဲမှ ပျောက်ကွယ် သွားခဲ့ ကြပါသည်။

ပို၍ ထူးဆန်းသည်မှာ အမှတ် ၁ အိပ်ဆောင်မှလွဲ၍ ကျန်အိပ်ဆောင်အများစုသို့ ရေစက်မောင်းသည့်ဌာနမှ ဒီဇယ်ဆီ၊ ဓာတ်ဆီများ ရောက်ရှိနေခြင်း ဖြစ်ပါသည်။ အဆိုပါဌာနတွင် ဆီသိုလှောင်ခန်းနှင့် စက်မောင်း တာ ဝန်များကို ထောင်အာဏာပိုင် ယုံကြည်စိတ်ချသော စစ်သားအကျဉ်းသားများကိုသာ တာဝန်ပေး လွှဲအပ် ထားသည်ဟုပင် သိရပါသည်။

အဆိုပါ ဒီဇယ်ဆီများကို အကျဉ်းသားများ၏ အိပ်ရာ၊ အဝတ်အစားများပေါ် လောင်းချပြီး မီးရှို့ခြင်းဖြင့် အိပ်ဆောင်များ အလျင်အမြန် တပြိုင်နက် ထဲလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

အကျဉ်းထောင် အိပ်ဆောင်များအတွင်းက အကျဉ်းသား အချုပ်သားများ မကျေမနပ် လှုပ်လှုပ်ရွရွ ဖြစ်နေမှု များကို ထောင်ပိုင်ဦးစိန်ဌေးမှ ငြိမ်ဝပ်အောင်ဆောင်ရွက်ရန် အချိန်မရခဲ့ပါ။

အင်းစိန်ထောင်အတွင်းသို့ အကျဉ်းဦးစီးဌာန ညွှန်ချုပ်၊ ဒု-ဗိုလ်မှူးကြီး တင်ဦး(ရခိုင်) နှင့် မီးသတ်ဦးစီးဌာန ညွှန်ချုပ် ဒု-ဗိုလ်မှူးကြီး ဇော်မင်းတို့ ၂ ဦးဝင်ရောက်လာပြီး “ထောင်ပိုင်ဦးစိန်ဌေးထံမှ ထောင်ပိုင်လုပ်ပိုင်ခွင့် အခွင့်အာဏာများကို ယခုအချိန်ကစပြီး ငါလွှဲပြောင်းယူလိုက်ပြီ၊ မင်းက လူမုန်းများတဲ့သူ ဖြစ်တဲ့အတွက်၊ မင်းနဲ့မင်းမိသားစု အကျဉ်းထောင်ထဲက  ချက်ချင်းထွက်ခွာပြီး အင်းစိန် စီအိုင်ဒီဝင်းထဲမှာသွားနေပါ” ဟု ညွှန်ချုပ် ဒု-ဗိုလ်မှူးကြီး တင်ဦးက ထောင်ပိုင် ဦးစိန်ဌေးနဲ့ မိသားစုအား အင်းစိန်ထောင်အတွင်းမှ ယဉ်ယဉ်ကျေးကျေး နှင်ထုတ်ခဲ့သည်ဟု ဆိုပါသည်။

ဤသို့အားဖြင့် ဒေါ်အောင်ဆန်းစုကြည် တရားပွဲနှင့်တိုက်၍ ဩဂုတ်လ ၂၆ ရက် ဖြစ်ပွားခဲ့သည့် အင်းစိန် ထောင် ဆူပူမှုသည် အရပ်သားထောင်ပိုင် ဦးစိန်ဌေးကို ထောင်ပြင်သို့ နှင်ထုတ်ပြီးနောက် တပ်မတော်မှ ဒုဗိုလ်မှူးကြီး ၂ ဦး စီစဉ်ကြီးကြပ် လုပ်ဆောင်ခဲ့သည့် မဆလအစိုးရက တမင်ဖန်တီးခဲ့သော ထောင်ဆူပူမှု ကြီးဖြစ်ကြောင်း စာရေးသူ အင်းစိန်ထောင်ထဲ ရောက်သွားပြီးနောက် ထောင်ပိုင် ဦးစိန်ဌေးနှင့် ၎င်း၏တပည့် များ ပြောပြ၍ သိလာရပါသည်။

အိပ်ဆောင်များကို စစ်သား၊ အကျဉ်းသား၊ အခန်းလူကြီးများက ဖွင့်ပေးသဖြင့် အဆောင်အပြင်ဘက်သို့ ရောက်လာသော အကျဉ်းသားများသည် အဆောင်ဝန်း အပြင်ဘက်သို့ထွက်ရန် အဆောင်တံခါးများကို တွန်းဖွင့်ကြပါသည်။

မူလအကျဉ်းဦးစီး ဌာနသန္ဓေဝန်ထမ်းများက အကျဉ်းသားများအဆောင် အပြင်မထွက်နိုင်ရန် အပြင်မှပိတ်ဖို့ ကြိုးစားကြပါသည်။ အဆောင်အချို့တွင် တုတ်နှင့်ရိုက်၍တား သော်လည်း၊ အချို့အဆောင်များတွင် သေနတ်နှင့် ပစ်ခတ်တား ဆီးမှုပြုသည်များလည်း ရှိသည်ဟုဆိုပါသည်။

ထိုသို့သေနတ်နှင့် ပစ်ခတ်တားဆီးသော အိပ်ဆောင်များတွင် အကျဉ်းသားများ နောက်ဆုတ်ပြေးကြသည်ဟု ဆိုပါသည်။ သို့သော် အိပ်ဆောင်အတွင်းတွင် အိပ်ဆောင်ကို မီးရှို့မှုများ ဖြစ်စပြုနေ၍ အဆောင်တွင်း ဝင်မရ တော့ဘဲ အဆောင်ဝင်းအတွင်း၌ပင် အကျဉ်းသားများ ပြေးလွှားနေရသည်ဟု ဆိုပါသည်။

ထိုအချိန်အထိ ဆူပူသော အကျဉ်းသားများသည် မိမိတို့သက်ဆိုင်ရာ အဆောင်ဝင်းအတွင်း၌ပင် ရှိပါသေး သည်။ ထောင်ပိုင်တာဝန် လွှဲပြောင်းရယူထားသော ဒု-ဗိုလ်မှူးကြီးများသည် ထောင်ဝန်ထမ်းများကို အဆောင်ဝန်းထဲဝင်၍ အကျဉ်းသား ဆူပူမှုကို နှိမ်နင်းခွင့်မပေးပါ။

အထက်ပါအခြေအနေတွင် အဆောင်ဝင်းအတွင်းမှ အကျဉ်းသားများက အဆောင်ဝန်းအတွင်းဝင် ခွင့် မရှိသော ဝန်ထမ်းများကို လှောင်ပြောင်မှုများပင်ရှိသည်ဟု ဆိုပါသည်။

ယင်းသို့အကျဉ်းသားများက ထောင်ဝန်ထမ်းများကို မလေးမစား လှောင်ပြောင်နေသဖြင့် စာရေးသူ နာမည် မမှတ်မိတော့သော တပ်ကြပ်ကြီးအဆင့်ရှိသူ ထောင်ဝန်ထမ်းတဦးက မိမိအား မိန်းဂျေးပေါ် တက်၍ သေနတ် နှင့် ခြောက်လှန့်ပစ်ခတ်ခွင့်ပြုပါရန် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး တင်ဦးထံ ခွင့်တောင်း ခံခဲ့ပါသည်။

မျှော်စင်ပေါ်က သေနတ်နှင့် ခြောက်လှန့် တားဆီးခွင့်ရရှိလျှင် ယခုဖြစ်နေသော ထောင်ဆူပူမှုကို တားနိုင်ပြီး၊ အဆောင်တခုချင်းအား ဝန်ထမ်းများက တုတ်ကိုင် လေးခွကိုင် နှိမ်နင်းရုံဖြင့် ရနိုင်သည်ဟု ဝန်ထမ်းများက သိနေကြပါသည်။

သို့သော်လည်း ဒုဗိုလ်မှူးကြီး တင်ဦး(ရခိုင်)က သေနတ်ကိုင်ပြီး နှိမ်နင်းခွင့်မပေး၊ မိမိအမိန့် မနာခံသူအား အာဏာဖီဆန်မှု၊ သေနတ်နှင့်ပစ်ခတ်၍ အကျဉ်းသား သေကျေဒဏ်ရာရလျှင် လူသတ်မှုဖြင့်ပင် အရေးယူ မည်ဟု သတိပေးပါသည်။

ထိုအချိန်၌ပင် ညွှန်ချုပ်ဗိုလ်မှူးကြီး ၂ ယောက်သည် ဝါယာလက်စက်ဖြင့် အထက်ပုဂ္ဂိုလ်များထံ သတင်းပေးပို့ ဆက်သွယ်ပြောကြားနေသည်ကိုလည်း ဝန်ထမ်းများက မြင်တွေ့နေရပါသည်။

ထို့နောက် ရုတ်တရက် ထောင်ဝန်ထမ်းအားလုံး ထောင်ပြင်ထွက်ရန်နှင့် အချို့ကို ဘူးဝတံခါးကြီးအပေါ်ရှိ ဂါတ်ကြီးပေါ်သွားနေရန်၊ တချို့ကို စက်ကလေးတလက်ဖြင့် အမျိုးသမီးဆောင် အမိုးပေါ်တွင် တက်နေရန် တာဝန်ချထားပါသည်။

ယင်းသို့ ဝန်ထမ်းများ ထောင်ဆူပူမှုကို နှိမ်နင်းခြင်းမပြုဘဲ ရုတ်တရက်ထောင်ထဲမှ ထွက်သွားစေသည့် အတွက် ထောင်ထဲရှိ အကျဉ်းသားအားလုံး ထင်သလိုသောင်း ကျန်းကုန်ပါသည်။

မီးရှို့မှု၊ ဖျက်ဆီးမှုများ၊ ရန်ဘက်ဂိုဏ်းသား အချင်းချင်းသတ်မှု၊ ထောင်ဆေးရုံကိုဖောက်၍ ထောင်တွင်း ဆေးဝါးများ ဖျော်စပ်၍ မူး ယစ်ဆေးဖော်သောက်ခြင်း၊ ဆေးထိုးခြင်းများ ထင်သလို လုပ်ခွင့်ပေးလိုက်ပါသည်။

ထောင်အပြင် အုတ်တံတိုင်းပေါ်ရှိ သေနတ်တင် ဘူးမျှော်စင်များမှ သေနတ်သမားများ၊ ဂါတ်ကြီးပေါ်မှ သေနတ်သမားများ၊ အမျိုးသမီးဆောင် အမိုးပေါ်မှ သေနတ်သမားအုပ်စုအား ပထမပေးသောအမိန့်မှာ ထောင်အတွင်းရှိ အဆောင်နံရံတခုမှ အခြားအဆောင်နံရံတခုသို့ ကျော်တက်သည်ကို ပစ်ခွင့်ပေး၏။

ထို့နောက် ယင်းအမိန့်ကို ဖျက်သိမ်း၍ အပြင်နံရံကျော်သူကိုသာ ပစ်မိန့်ပေး၏။ ထို့နောက် ယင်းအမိန့်ကို ဖျက်သိမ်း၍ အပြင်နံရံကျော်သူကို လွတ်လမ်း ညွှန်ပြပေးလိုက်ရမည်ဆို၏။ ထို့နောက် ပတ်ဝန်းကျင်ကို ခြောက်လှန့်သည့် သဘောဖြင့် မိမိလက်ဝယ်ရှိ ကျည်ဆန်ကို စိတ်တိုင်းကျ သက်မဲ့အရာကိုဖြစ်စေ၊ မိုးပေါ်သို့ထောင်၍ဖြစ်စေ ပစ်ခွင့်ပေးခဲ့ ၏။

ဩဂုတ်လ ၂၆ ရက် တနေ့လုံးတညလုံး အင်းစိန်ထောင်အတွင်း သေနတ်ပစ်သံများ ထွက်ပေါ်နေရခြင်းမှာ ဤအမိန့်ကြောင့်ဖြစ်ပါ၏။ ထောင်ဝန်ထမ်းများ၏ ကလေးများပါ ဘူးပေါ်တက်၍ လက်တည့်စမ်းကြသည် ဆိုပါ၏။

အထက်ပါ အမျိုးမျိုးပြောင်းလဲသွားသော အမိန့်များကို အပြင်နံရံ ထောင်ပတ်လမ်းတလျှောက် မော်တော် ကားဖြင့် ပတ်မောင်းရင်း လက်ကိုင် အသံချဲ့စက်ငယ်ဖြင့် ကြေညာသတိပေးနေခဲ့သည်ဟု ဆိုပါသည်။

နံရံကိုကျော်သော ရာဇဝတ်သားအားလွတ်လမ်း ပြပေးရမည်ဟူသော  အမိန့်ထွက်လာပြီးနောက် ဘူးမျှော်စင်နှင့် ထောင်တွင်းမှ ဝန်ထမ်းများ၏ စိတ်ဓာတ်များ ပြောင်းလဲသွားပါသည်။

ဆက်လက်ဖော်ပြပါမည်။

Loading