ကျောင်းမှာ ကျမကို မှော်ဆရာမလေးလို့ ခေါ်ကြတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံက မျက်လှည့်ပညာရှင် တွေကို ကြည့်လိုက်မယ် ဆိုရင် အများစုဟာ အမျိုးသားတွေဆိုတာ တွေ့ရပါတယ်။ နိုင်ငံတကာ မှာတော့ အမျိုးသား မျက်လှည့် ပညာရှင်တွေ သာမက၊ အမျိုးသမီး ပညာရှင်တွေပါ ရှိနေတာကို တွေ့ရ ပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာ အမျိုးသမီး မျက်လှည့်ပညာရှင် တယောက် မြန်မာနိုင်ငံရဲ့ မျက်လှည့်လောက ကို ချင်းနင်း ဝင်ရောက်လာပြီ လို့ သိရပါတယ်။

သူ့ရဲ့ နာမည်အရင်းကတော့ ဆုမြတ်အောင် ဖြစ်ပြီး မျက်လှည့် လောကမှာတော့ ဆုမြတ်လင်းနေ ဆိုတဲ့ နာမည်နဲ့ မျက်လှည့် ပညာရှင် လူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့  Heaven Bone Magic Production Media နဲ့ အတူ ၂၀၁၃ ခုနှစ်က စလို့ နယ်လှည့် ဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီ အဖွဲ့အစည်းဟာ အွန်လိုင်း  Facebook စာမျက်နှာမှာ ပါ ပရိသတ်တွေ တောင်းဆိုတဲ့ မျက်လှည့် ပညာရပ်တွေကို ပြန်လည် သင်ကြားပေး နေတာလည်း တွေ့ရပါတယ်။ ဒါကြောင့် မျက်လှည့်ပညာနဲ့ အသက်မွေး ဝမ်းကျောင်း ရပ်တည်နေတဲ့ ဆုမြတ်လင်းနေကို မစပ်စုက ဆက်သွယ် မေးမြန်းထားသမျှ ဖော်ပြလိုက်ရပါတယ်။

မေး။   ။ ဆုမြတ်လင်းနေရဲ့ ပညာအရည်အချင်းနဲ့ မျက်လှည့်ပညာကို ဘယ်အရွယ်ကတည်းက စပြီး လေ့လာ သင်ယူခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။   ။ ပညာအရည်အချင်းကတော့  B.A (Myanmar) ပါ။ မျက်လှည့်ပညာကို ၂၀၁၁ ခုနှစ်က စပြီး စိတ်ဝင်စားခဲ့ တယ်။ ကမ္ဘာကျော် မျက်လှည့်ဆရာကြီး ဒိုင်နမိုရဲ့ မျက်လှည့် ပညာတွေကို စကြည့်ဖြစ်ခဲ့တယ်။ သူ့ရဲ့ အရမ်းစိတ် လှုပ်ရှားစရာ ကောင်းတဲ့ ပြကွက်တွေကို ကြည့်ပြီး ကိုယ်လည်း အဲဒီလို လုပ်ကြည့်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်။ အဲဒီမှာ စပြီးတော့ မျက်လှည့်ကိုပဲ စိတ်ဝင်စားသွားတယ်။

အဲဒီနောက် စာအုပ်တွေ၊ အခွေတွေ၊ နောက်ပြီး Youtube ကနေပြီး မျက်လှည့်နဲ့ ပတ်သက်တာတွေ ကြည့်ဖြစ်တယ်။ လေ့လာ ဖြစ်တယ်။ နောက်တော့ မျက်လှည့်ပြချင်တဲ့ စိတ် ဖြစ်လာပါတယ်။ ကျမမောင်လေး ဝမ်းကွဲလေးတွေ အိမ်လာရင် အခြေခံလေးတွေ ပေါ့၊ အဲဒါလေးတွေကို ပြဖြစ်တယ်။ သူတို့ကလည်း အရမ်းသဘောကျကြတယ်။  သူတို့  ပျော်ရွှင်တယ် ဆိုတာကိုမြင်တော့ အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် အဲဒီအလုပ်လေးကို ပိုနှစ်သက်လာမိတယ်။

ကျောင်းမှာ ဆိုလည်း သူငယ်ချင်းတွေနဲ့ ဆရာမတွေက မျက်လှည့်ပြပါလား ဆိုပြီး မြှောက်ပေးကြ တယ်။ ဆရာ ကန်တော့ပွဲလို ပွဲလေးတွေမှာ ပြဖို့ သူငယ်ချင်းတွေက တောင်းဆိုကြတယ်။ ပထမတော့ ကျမ မပြရဲဘူး။ ကိုယ့် အရည်အချင်း အဲဒီလောက် မရှိသေးဘူး ဆိုပြီးတော့ မလုပ်ရဲဘူး။ နောက်တော့ သူငယ်ချင်းတွေက ကိုယ့်ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေပဲ ပြပါလို့ ဆိုပြီး ဆရာမတွေ ကိုယ်တိုင်က  တိုက်တွန်းတာနဲ့  စင်ပေါ်မှာ ပထမဆုံး ပြဖြစ်ခဲ့တယ်။ အဲဒီကနေပြီးတော့ တော်တော်လေး အားပေးခံခဲ့ ရတယ်။ ကျောင်းမှာ ကျမကို မှော်ဆရာမလေးလို့ ခေါ်ကြတယ်။ အဲဒီကစပြီး ဒီအလုပ်ကို ပိုပြီး စိတ်ဝင်စားဖြစ်သွားတယ်။

မေး။   ။ မျက်လှည့်ပညာအပေါ် ဝါသနာကြီးတယ် ဆိုတော့ ဒီပညာနဲ့ပတ်သက်ပြီး မျိုးရိုးရှိခဲ့လား။

ဖြေ။   ။ မျိုးရိုးမရှိပါဘူး။ အခုခေတ်မှာတော့ လူငယ်တွေက ကိုယ် ဝါသနာပါရာကို ဦးတည်ပြီးတော့ ကြိုးကြိုး စားစားနဲ့ လုပ်ကြတယ်။ ဝါသနာက မျိုးရိုးနဲ့တော့ မဆိုင်ဘူးလို့ ထင်တယ်။ ကိုယ် ဝါသနာပါတာကိုပဲ လုပ်ဖြစ် တယ်။

မေး။   ။ မျက်လှည့်ပညာကို ဆရာနဲ့ သီးသန့်သင်ခဲ့တာ မျိုးရှိလား။

ဖြေ။   ။ ကျမ ကျောင်းပြီးတော့ မေမေက ဘန်ကောက်မှာ ဆိုတော့ ကျမကို ခေါ်တယ်။ အဲဒီမှာ International School တက်ဖို့ ဆိုပြီးတော့ ရောက်သွားတယ်။ ဘန်ကောက်မှာ စပြီး ရင်းနှီးခဲ့တဲ့ ဆရာမကတော့ Mrs. Mans ပါ၊ ဆရာမက Street Magic Performance တွေ လုပ်ပြရင်း Magic Stuff လေးတွေကို အခကြေးငွေနဲ့ ပြန်လည် သင်ကြားပေးတဲ့ ဆရာမပါ။ ကျမ သူ့ကိုအားကျတယ်၊ လေးလည်း လေးစားမိပါတယ်။ ဆရာမနဲ့ တပတ်တခါလောက် ဆုံဖြစ်ပြီး Magic Technic အသစ်တွေ လေ့လာဖြစ် ပါတယ်။

သင်ဆရာတွေကတော့ မြန်မာပြည်မှာဆိုရင် ဆရာလင်းဏေ (Lynn Nay) ပါ။ ကိုလင်းဏေက ကျမတို့လို လူငယ် မျိုးဆက်သစ်တွေ အားလုံးကို မြေတောင်မြှောက်ပေးနေတဲ့ ပညာရှင်တဦးပါ။ ကျမ အခုလောက်ထိ မြန်မာ ပရိသတ်ကြီးကို အားပါးတရ ဖျော်ဖြေခွင့် ရခဲ့ပြီး ကျမအိပ်မက်တွေကို အကောင်အထည် ဖော်နိုင် အောင် လက်တွေ့ ပံ့ပိုးပေးခဲ့သူပါ။ ဘန်ကောက်မှာ နေတုန်းကတော့ မျက်လှည့်ပညာကို  ဖူးခက်မှာ ရှိတဲ့ Phillips Theater က Magic Show တွေမှာ အမြဲသွားလေ့လာဖြစ်ပါတယ်။

မေး။   ။ မျက်လှည့်ပညာရပ်ကို ဘာကြောင့် စိတ်ဝင်စားခဲ့ရတာလဲ။

ဖြေ။   ။ ဘန်ကောက်မှာရှိတဲ့ Super Market တွေသွားကြည့်တော့ အဲဒီမှာ မျက်လှည့်ပညာရှင် မိန်းကလေး တွေကို တွေ့ခဲ့ရတယ်။ သူတို့က မီးကနေ နှင်းဆီပန်းလေးတွေ ဖြစ်သွားတာတို့၊ ဘောလုံးလေး ဖျောက်ပြ တာတို့ အဲဒီလိုမျိုး လေးတွေ ပြနေကြတော့ မိန်းကလေးတွေလည်း မျက်လှည့်ပြနေကြ ပါလားလို့ မြင်ရတော့ ပိုစိတ်ဝင်စားသွားတယ်။

နောက်တော့ ကျောင်းပိတ်ရက်တွေဆို သွားကြည့်ဖြစ်တယ်။ အဲဒီလို သွားကြည့်ရင်း အဲဒီက မျက်လှည့် ဆရာမကို မေးကြည့်တယ်။ ဒီလိုပစ္စည်းလေးတွေ ဘယ်နားလေးမှာ ဝယ်လို့ရလဲလို့ မေးပြီး တချို့ပစ္စည်း လေးတွေကို ကျမမုန့်ဖိုးနဲ့ စုပြီးတော့ ဝယ်ဖြစ်ခဲ့တယ်။ ဘန်ကောက်က ကျောင်းမှာလည်း အားရင် ကျောင်း ခန်းထဲမှာ သူငယ်ချင်းတွေနဲ့ထိုင်ပြီး ဝယ်လာတဲ့ ပစ္စည်းလေးတွေနဲ့ ပြဖြစ်တယ်။

နောက်တော့ ကျောင်းတနှစ်လောက် တက်ပြီးတော့ အိမ်မှာက မိသားစုကိစ္စလေး နည်းနည်းရှိတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ အဲဒီနောက် ကျမ ဒီအလုပ်ကို ဝါသနာပါတဲ့ အတွက် ဒီအလုပ်ကိုပဲ ဇောက်ချလုပ်မယ် ဆိုပြီး ရည်ရွယ် တဲ့ အတွက် ပထမဆုံး သူငယ်ချင်းတွေနဲ့ အလှူအတန်း လုပ်ရင်း ပရဟိတပွဲလေးတွေမှာ ကလေးလေးတွေ ပျော်အောင်၊ စိတ်ချမ်းသာအောင်ဆိုပြီး မျက်လှည့်လိုက် ပြဖြစ်တယ်။ အဲဒီကနေမှ တော်တော်များများ သိလာကြ တယ်။ မျက်လှည့်ဆရာမလေး ဆိုပြီး၊ မြန်မာနိုင်ငံမှာက မိန်းကလေးလည်း ရှားတယ်ဆိုတော့ မျက်လှည့်ပြတာ အရမ်းကောင်းတယ် ဆိုပြီး အဲဒီကနေစပြီး လူသိလာတယ်။

နောက် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ တင်တယ်။ အဲဒီလို တင်ရင်းနဲ့ Heaven Bone Magic Entertainment ကနေ ဆရာလင်းဏေက သူတို့အဖွဲ့ထဲမှာ ပါဝင်ဖို့ အတွက် ကျမကို ကမ်းလှမ်းလာတယ်။ အဲဒီမှာ ဒီအဖွဲ့အစည်းနဲ့ အတူ စပြီးလုပ်ဖြစ်လာတယ်။ ပရိသတ် တော်တော်များများ ကလည်း မိန်းကလေး မျက်လှည့်ဆရာမ ဆိုတော့ အားပေးကြတယ်။ ကျမ ပြတာကတော့ ပစ္စည်းအကြီးကြီးတွေနဲ့ ယောက်ျားလေး တွေလိုတော့ အရမ်း ကြမ်းကြမ်း တမ်းတမ်း ကြီးတွေတော့ မပါဘူး။

မေး။   ။ မြန်မာ အမျိုးသမီးတယောက် အနေနဲ့ တခြား အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို မရွေး ချယ်ခဲ့ဘဲ အခုလို မျက်လှည့် ပညာရပ်ကိုမှ ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်း တခုအနေနဲ့ ဘာကြောင့် ရွေးချယ်ခဲ့ရတာလဲ။

ဖြေ။   ။ မိန်းကလေး တော်တော်များများ ကတော့ ဆန်းဆန်းပြားပြားနဲ့ ထူးထူးခြားခြား လုပ်ပြနိုင်တာ လေးတွေကို စိတ်ဝင်စား ကြပါတယ်။ ယောက်ျားလေး တော်တော်များများက စိတ်ဝင်စားပြီးတော့ လက်တွေ့ လုပ်ကြည့်ကြတာ များတယ်။ မိန်းကလေးတွေ ကျတော့ အဲဒါမျိုးကို စိတ်ဝင်စားပေးမယ့် စိတ်ကူးယဉ်တဲ့ သဘောလောက်နဲ့ အားပေးတဲ့ သဘောလောက်ပဲ လုပ်ကြတယ်။ တကယ့် လက်တွေ့ကျတော့ မလုပ်ဖြစ် ကြတာများတယ်။

ကျမက အဲဒီလိုမျိုး ယောက်ျားလေးစိတ်ပဲ နည်းနည်း ရှိလို့လားတော့ မသိဘူး၊ ငါကိုယ်တိုင်လည်း အဲဒီလိုမျိုး လုပ်နိုင်၊ ပြနိုင်အောင် ကြိုးစားမယ် ဆိုပြီး လက်တွေ့ကျကျ စပြီးလေ့လာပြီးတော့ လုပ်ဖြစ်သွားတာပါ။ နောက် ထပ်လည်း မြန်မာနိုင်ငံ အနေနဲ့ အမျိုးသမီး မျက်လှည့်ပညာရှင် ရှားပါးတဲ့ အတွက် မြန်မာ့ဂုဏ်ဆောင်နိုင် တဲ့အထိ ကြိုးစားသွားမှာ ပါ။

မေး။   ။ ဒီအလုပ်ကိုပဲ Professional တခုအနေနဲ့ ဇောက်ချပြီး လုပ်သွားမယ် ဆိုတဲ့ သဘောလား။

ဖြေ။   ။ Professional ဆိုတာကတော့ တခြားလုပ်ငန်း မလုပ်ဘဲနဲ့ ဒီအလုပ် တခုတည်း ဆက်လုပ်ပြီး နေသွားတာ များပါတယ်။ ကျမကတော့ တခြားအလုပ်ကို သိပ်ပြီးတော့ မလုပ်ချင်ဘူး။ ဒီအလုပ်ကိုပဲ အရမ်းလည်း ဝါသနာပါပြီး လုပ်ချင်တယ်။ အဲဒါကြောင့် နောက်ဆုံး ထွက်သက်အထိပဲ ဒီအလုပ်ကို လုပ်သွားမှာပါ။

မေး။   ။ ဆုမြတ်လင်းနေ နားလည်ထားတဲ့ မျက်လှည့်ပညာရပ် အကြောင်း နည်းနည်းလောက် ရှင်းပြ ပေးပါလား။

မေး။   ။ မျက်လှည့်ပညာဆိုတာ တကယ်တော့ သင်ယူလို့ ရပါတယ်။ နောက် မျက်လှည့်ပညာကို တချို့ ကျတော့ အောက်လမ်း ဆန်တယ်၊ မှော်ဆန်တယ်လို့ ပြောကြတယ်။ အမှန်တကယ်တော့ သိပ္ပံနည်းကျ လက်တွေ့ကျကျ လုပ်ရတာ ပါပဲ။ သိပ္ပံနည်းကျ ပေါင်းစပ်ရတဲ့ သဘောလေးတွေလည်း ရှိတာပေါ့။

ပစ္စည်းတခုကို ဟိုက်ဒရိုဂျင် တို့လိုမျိုးနဲ့ စပ်သုံးပြီး ဖြစ်အောင် လုပ်ရတာမျိုးပါ။ သဘာဝထက် လွန်ကဲတဲ့ အရာလေးတွေနဲ့လည်း ရောစပ်ပြီး လုပ်ရတာလည်း ရှိပါတယ်။

မျက်လှည့်ပညာကို တကယ် စိတ်ဝင်စားပြီး လုပ်ရင်တော့ အကောင်းဆုံး တတ်မြောက်လာမှာပါ။ မဖြစ်နိုင် ပါဘူး၊ လုပ်ရင်လည်း ဒါဟာ မှော်ဆန်ပါတယ် တို့ အောက်လမ်းတွေလို့ တွေးပြီးတော့ မလုပ်ဖြစ်တဲ့ လူတွေ လည်း တော်တော်များများ ရှိပါတယ်။ တချို့ကျတော့လည်း ကြောက်တော့ မလုပ်ရဲ ကြဘူး။

မျက်လှည့် ပညာရပ် အပိုင်းမှာ လက်လှည့်၊ မျက်လှည့်၊ ပဉ္စလှည့် ဆိုပြီး အခြေခံအပိုင်း ၃ ပိုင်း ခွဲထားပါတယ်။ လက်လှည့်ဆိုတာ ကိရိယာအကူ မလိုဘဲ ပညာရှင်ရဲ့ ကျွမ်းကျင်မှုနဲ့ လက်ချည်းသက်သက်နဲ့ တင်ပြရတဲ့ ပညာပါ။  ပဉ္စလှည့် ဆိုတာကတော့ အာရုံငါးပါး စလုံးကို ဖမ်းစားနိုင်အောင် ပရိယာယ်ပညာ ပေါင်းမြောက် မြားစွာနဲ့ စိတ်ပညာတွေ၊ သချၤာပညာတွေ၊ သရုပ်ဆောင် ပညာတွေ၊ သိပ္ပံလှည့်စားမှု  ယန္တရားတွေနဲ့  အကွက်ကျကျ ကြိုတင် ပြင်ဆင်ချက်တွေ အများကြီးနဲ့ တင်ပြရတဲ့ ပညာတခုပေါ့။

မျက်လှည့် ဆိုတာကတော့ အထူးပြုလုပ်ထားတဲ့ သိပ္ပံလှည့်စားမှု ကိရိယာတွေကို အသုံးပြုပြီး ပညာရှင်ရဲ့ စွမ်းရည်နဲ့ ပူးပေါင်း တင်ပြရတဲ့ ပညာပါ။ Performance ပိုင်းမှာလည်း ၃ ပိုင်း အခြေခံ ခွဲခြားထားပါတယ်။ Street Magic ၊ Close up Magic နဲ့ Stage Magic ဆိုပြီးတော့ပါ။

Magic နဲ့ ပတ်သက်ရင် ကျမက အခုချိန်အထိ လေ့လာရင်း တင်ပြနေသူ တယောက်ပါ။ မျက်လှည့်ပညာကို အခု လူငယ် တော်တော်များများက စိတ်ဝင်စား လာကြပါပြီ။ ဒီထက်မကလည်း လူငယ်တွေကို စိတ်ဝင်စား လာစေချင် တယ်။ တချို့ကျတော့လည်း သိပ်ပြီးတော့ မလုပ်ရဲတာတွေ ရှိတယ်။ စိတ်တော့ဝင်စားတယ် မလုပ်ဖြစ်တာတွေလည်း ရှိတယ်။

အဲဒီလိုမျိုး လူတွေရှိရင်လည်း ကျမတို့က ဖိတ်ခေါ် ပါတယ်။ လုပ်လည်း လုပ်ဖြစ်စေချင်ပါတယ်။ မျက်လှည့် ပညာဆိုတာ  တကယ်တော့  လူတွေကို  သိပ္ပံ နည်းကျကျ  ပျော်ရွှင်မှု အံ့ဩမှုတွေ ဖြစ်အောင်လို့ ပေးဆပ်တဲ့  အနုပညာ တခုပါ။  လိမ်ညာတာတွေ လှည့်စားတာတွေ အဲဒီလိုမျိုး မဟုတ်ပါဘူး။

မေး။   ။ မျက်လှည့် ပညာကို လူငယ်တွေ စိတ်ဝင်စားလာတယ် ဆိုလို့ ဆုမြတ်လင်းနေတို့ရဲ့ Heaven Bone Magic Production အနေနဲ့ Facebook ကနေတဆင့် ပရိသတ်တွေ တောင်းဆိုတဲ့ မျက်လှည့် ပြကွက်တွေ ကို ပြန်သင်ပေး နေတာ တွေ့ရတယ်။ အဲဒါကရော။

ဖြေ။   ။ အဓိကကတော့ ပရိသတ် တောင်းဆိုမှုကြောင့် ပါ။ ကိုယ်ကိုယ်တိုင် ကလည်း လူတွေကို ရှင်းရှင်း လင်းလင်း ဖြစ်ဖို့ လူတိုင်းလည်း ဒါမျိုးလေးတွေ လုပ်လို့ ရပါတယ်ပေါ့။ လက်ဖက်ရည်ဆိုင် ထိုင်နေရင်း နဲ့လည်း သူငယ်ချင်းတွေ ပျော်ရွှင်အောင်လို့ မျက်လှည့် ပညာလေးတွေနဲ့ လုပ်လို့ ရပါတယ် ဆိုတာမျိုး လေးတွေကို ပြချင်တာပါ။  ဘယ်သူမဆို  စိတ်ဝင်စားလို့ ရတယ်။  လုပ်လို့ရတယ်။  တကယ်တော့  ဒီပညာက ကြောက်စရာ မဟုတ်ပါဘူး။

မေး။   ။ မြန်မာ့ မျက်လှည့်လောကမှာ များသောအားဖြင့် တက်သစ်စအနေနဲ့ရော၊ ကျော်ကြားပြီးသား မျက်လှည့် ပညာရှင်တွေ အနေနဲ့ပါ ကြည့်မယ် ဆိုရင် ယောက်ျားလေးတွေပဲ များကြတယ်။ အခုလို လူငယ် အမျိုးသမီး မျက်လှည့် ပညာရှင်တယောက် အနေနဲ့ ရှားရှားပါးပါး ရပ်တည်လာနိုင်တဲ့ အပေါ်၊ ယောက်ျား တွေနဲ့ တန်းတူလုပ်နိုင်တဲ့ အပေါ်ကို ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။   ။ အဓိကကတော့ ဒီဘက်ခေတ်မှာတော့ မိန်းကလေး၊ ယောက်ျားလေးရယ်လို့ ခွဲခြားပြီး လုပ်ကိုင် လာကြတယ်လို့ မရှိတော့ပါဘူး။ မိန်းကလေး တော်တော်များများကလည်း  အခုအချိန်မှာ အရမ်းကို  ပညာ ရေး ပိုင်းမှာရော၊  အစစအရာရာ အနုပညာပိုင်းမှာလည်း ထူးချွန်တဲ့ မိန်းကလေးတွေလည်း တော်တော်များ များ ရှိကြပါတယ်။ အဓိကကတော့ ကိုယ် ဝါသနာပါရာတခုကိုပဲ တစိုက်မတ်မတ်နဲ့ စိတ်ဝင်တစားလုပ်သွား တာ အကောင်းဆုံးပါပဲ။

မေး။   ။ အမျိုးသမီး မျက်လှည့်ပညာရှင်က ပရိသတ်အားပေးမှု ပိုရတယ်လို့ရော ခံစားရလား။

ဖြေ။   ။ အမျိုးသမီး ဖြစ်တဲ့အတွက် ပိုအားပေးတာတော့ ခံရပါတယ်။ ရှားလည်းရှားတယ် ဆိုပြီးတော့ ပိုပြီး အားပေး ကြပါတယ်။ နောက် ကျမတို့က နယ်လှည့်ပြီး ပြဖြစ်တဲ့ ပွဲတွေလည်း ရှိတော့ ပရိသတ်တွေက အရမ်း ကို အားပေးကြ တယ်။ စိတ်ဝင်စားကြတယ်။ မိန်းကလေး မျက်လှည့်ဆရာ တယောက်ဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူပါတယ်လို့ ပြောကြ ပါတယ်။

မေး။   ။ အခုလက်ရှိ မျက်လှည့်ပညာနဲ့ ပတ်သက်လို့ ဘယ်နေရာတွေမှာ အဓိက ပြဖြစ်နေလဲ။ ဘာတွေ ဆက်လုပ်ဖို့ရှိမလဲ။

ဖြေ။   ။ ဟုတ်ကဲ့၊ ကျမ အခုလတ်တလော Junction Center တွေရဲ့ Promotion ပွဲတွေမှာ ဆက်တိုက် ပြနေရတယ်။ ၁၀ လပိုင်းနဲ့ ၁၁ လပိုင်းကို ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာမှာ အပတ်စဉ် ပုံမှန်ဖျော်ဖြေ နေပါတယ်။ တနင်္ဂနွေ နေ့တိုင်းပေါ့ ။ ကျမတို့  Heaven Bone Group ရဲ့ မျက်လှည့်ပြပွဲ အခွေလေး ထုတ်ဖို့ လည်း လုပ်နေကြပါတယ်။ ခွေထွက်လာရင် Promotion လုပ်တဲ့ အနေနဲ့ မျက်လှည့်ပြပွဲကြီး တခုနဲ့ အတူ စာနယ်ဇင်း မိတ်ဆက်ပွဲ တခုလုပ်ဖို့ ကိုလင်းဏေတို့ စုပေါင်း ကြိုးစားနေကြပါတယ်။

မေး။   ။ ဟိုးအရင်က အတိုင်းအတာနဲ့ ဆိုရင် မျက်လှည့် ပညာရပ်ဆိုတာ လူတိုင်း ဖန်တီးနိုင်စွမ်း မရှိခဲ့သလို ဖန်တီးနိုင်တဲ့ ပညာရှင် အနေနဲ့လည်း ရှားပါးခဲ့တဲ့ အခြေအနေ ရှိခဲ့တာကိုး။ မျက်လှည့်ပညာရှင်ဆိုရင် လူထူး ဆန်း တယောက်လို တအံ့တဩနဲ့ ငေးကြည့်ရလောက်တဲ့ အထိ ရှိခဲ့တယ်။ ဒီဘက်ခေတ် ရောက်လာတော့ အခြေခံ မျက်လှည့် ပညာရပ်လေးတွေကအစ အွန်လိုင်းကနေပါ သင်ယူခွင့်ရလာတယ်။ မျက်လှည့် ပညာရပ် တွေကို လူတိုင်း လုပ်နိုင်ခွင့် ရလာကြတယ်လို့ မြင်မိတယ်။ ဒီလို ပရိသတ်နဲ့ မျက်လှည့်ပညာ နီးနီးကပ်ကပ် အလွယ်တကူ ထိတွေ့နိုင် လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။   ။ အဲဒီလိုဖြစ်လာတာ ဝမ်းသာစရာပါ။ အဲဒီလို ချပြလာနိုင်တာ ကလည်း ပရိသတ် တော်တော်များများ က တောင်းဆိုလာ ကြလို့ပါ။ အရင်ကတော့ ဒီပညာဟာ မှော်ဆန်တယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့ရော လုပ် လို့ မရဘူးလား လို့ မေးလာကြ ပါတယ်။ တကယ်တော့ မျက်လှည့်ဆိုတာ လုပ်လို့ရပါတယ်။ မှော်တွေ အောက်လမ်းတွေ လည်း မပါပါဘူး။ လက်တွေ့ကျကျ လုပ်ထားတာပါ။ အဲဒီလိုမျိုးကို ကျမတို့က ပရိသတ်ကို လည်း ချပြချင်တာကိုး။

နောက် ပရိသတ်ကိုလည်း အမြင်အတိုင်း သိစေချင်တယ်။ လှည့်စားပြီးတော့ ငါတို့တွေက မှော်တွေ အောက်လမ်းတွေ နဲ့ လုပ်နေတာပါလို့ မြင်တာမျိုးလည်း မဖြစ်စေချင်ဘူး။ တကယ်ကို သိပ္ပံနည်းကျကျနဲ့ လေ့ကျင့်မှု အားကောင်းကောင်း နဲ့ လုပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ တကယ် ပစ္စည်းကို လုပ်တာမျိုး လက် ကိုလှည့်စားတာမျိုး အဲဒါမျိုးတွေလည်း ရှိပါ တယ်။ အဲဒါမျိုးတွေကိုလည်း ကျမတို့က တင်ဆက်ချင်တာပါ။ ကျမတို့ဘက်က ပရိသတ်ရဲ့ တောင်းဆိုမှုတွေကိုလည်း ဆက်လက် တင်ပြသွားမှာပါ။

မေး။   ။ အခုလက်ရှိမှာ ဘယ်လို မျက်လှည့်ပုံစံမျိုးကို အဓိကထား ပြဖြစ်နေလဲ။

ဖြေ။   ။ ကျမက Stage Magic အပိုင်းကို ပိုပြီးအားသန် ပါတယ်။ မိန်းကလေးလည်း ဖြစ်နေတော့  Stage Magic က Style တွေ ပို့စ်တွေပို ပေးလို့ကောင်းတယ်။ စကားပြောစရာ မလိုဘဲ Action နဲ့ နောက်က Dj music တွေနဲ့ ခေတ်လည်းမီလို့ ကျမကတော့ Stage Magic ကိုရွေးချယ်ထားပါတယ်။

မေး။   ။ နောက်ပိုင်းမှာရော ဘယ်လို ထူးခြားတဲ့ မျက်လှည့် ပညာမျိုးတွေ ဆက်ပြဖို့ရှိမလဲ။

ဖြေ။   ။ နောက်ပိုင်းတွေမှာ လေပေါ်ပျံ ပြတာမျိုး၊ ကိုယ်ဖျောက်ပြတာမျိုး၊ လူကနေ တခြားသတ္တဝါ ဖြစ်သွား တာမျိုး စတဲ့ ကြီးမားတဲ့  Tricks တွေ လုပ်ပြဖို့ လေ့ကျင့်ကြိုးစားနေပါတယ်။ အဲဒီပညာပိုင်းတွေကိုတော့ Big Illusion လို့ခေါ် ပါတယ်။  Dangerous Magic နဲ့  Willpower Magic တွေကလွဲလို့ Stage Magic အားလုံး ကို နှစ်သက် ပါတယ်။ လေ့လည်း လေ့ကျင့်နေပါတယ်။ အခုလက်ရှိတော့ Fancy Magic လေးတွေနဲ့ပဲ ပွဲတွေတော်တော်များများ ဖျော်ဖြေနေ ပါတယ်။ ပေါ့ပေါ့ပါးပါး တင်ပြရတာကို ကျမ အရမ်းသဘောကျလို့ပါ။     ။

Loading