ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရေးအတွက် ခေတ်မီ မီးပွိုင့်စနစ်များ ပြောင်းလဲ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာန ညွန်ကြားရေးမှူး ဦးတင်မောင်ကြည်က ပြောသည်။
အဆိုပါ မီးပွိုင့်စနစ်တွင် ယဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဖြတ်သန်းသွားလာနေသော ယာဉ်ပမာဏ အခြေအနေကို ကင်မရာများ ကဖတ်၍ အလိုအလျောက် ဖြေရှင်းပေးသော စနစ်ပါရှိမည် ဖြစ်သကဲ့သို့ နေ့စဉ်ယာဉ်အရေအတွက် အချက်အလက်များ ကောက် ယူသည့် စနစ်များလည်း ပါရှိကြောင်း သိရသည်။
လမ်းတံတားဌာနမှူး ဦးတင်မောင်ကြည်က“ဒေတာ(အချက်အလက်)ကို လူကကောက်စရာမလိုတော့ဘူး၊ ကင်မရာက အလိုလို ဖတ်တဲ့အတွက် ဒေတာကို ထုတ်ယူရုံပဲ။ ကျနော်တို့မှာ အဲ့ဒီစနစ်မရှိလို့ လူနဲ့ကောက်ရတယ်။ လူနဲ့လုပ်တဲ့အခါ အလုပ်လုပ်တဲ့အခြေ အနေပေါ်မူတည်ပြီး ဒေတာတွေက မမှန်မတိကျတာတွေ ရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် မီးပွိုင့် စုစုပေါင်း ၇၅ ခုကို ကနဦးအနေဖြင့် တပ်ဆင်မည်ဖြစ်ကြောင်း၊ ထိုမီးပွုင့်များတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) က ၁၀ ခု ကိုတာဝန်ယူ ကုန်ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ၆၅ ခုအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဖြစ်ပြီး တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ လတ်တလော ရှိနေသော မီးပွိုင့်အရေအတွက်မှာ ၁၆၉ ခု ဖြစ်ပြီး ထပ်တိုးမည့် အနေအထားနှင့် ဆိုပါက မီးပွိုင့် ၂၀၀ ခန့်ဖြစ်လာရန် ရှိကြောင်း၊ ယင်းမီးပွိုင့် ၂၀၀ အတွက်ကုန်ကျစရိတ်ဆိုပါက ဒေါ်လာ သန်း ၄၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာန က ပြောသည်။
လက်ရှိ ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေမှာ အမေရိကန်နိုင်ငံ၏ စံနှုန်း စနစ်တခုဖြင့် တွက်ချက်ထုတ်ပြန် ထားသော အဆင့်သတ်မှတ်ချက်အရ ဆိုပါက အဆင့် ၆ မျိုးတွင် အဆိုးဆုံးအဆင့် အနေအထားဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို တွက်ချက်မှု စနစ်အရ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေမှန်ကိုသိရန် လမ်းပေါ်တွင် အများဆုံး ဖြတ်သန်းသော ကားအစီးရေ ပမာဏ Volume နှင့် လမ်း၏ အကျယ်ဖြင့် တကယ်သုံးနိုင်သည့် ပမာဏ Capacity ကို သိရန်လိုကြောင်း၊ ယခုတပ်ဆင်မည့် မီးပွိုင့် စနစ်တွင် အချက်အလက်များ ကောက်ယူသည့် စနစ်ပါသဖြင့် နှစ်စဉ်တွက်ချက်နိုင်မှုအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဦးတင်မောင်ကြည်က ပြောသည်။
၎င်းက“သွားနေတဲ့ကားတွေရဲ့ volume ကို လမ်းရဲ့Capacity နဲ့ စားတဲ့အချိုး ငယ်လာလေ လမ်းက ချောင်လေပဲ။ အချိုးကြီး လာ လေ လမ်းကကြပ်လေပဲ။ ကားတွေရဲ့ Volumeကို လျှော့ချဖို့က မရနိုင်သေးဘူး။ ကားစီးနိုင်တဲ့ လူဦးရေးအချိုးကလည်း နိုင်ငံတကာ နဲ့ ယှဉ်ရင် နည်းနေသေးတယ်။ ဒါကြောင့် လမ်း capacity ကို လက်ရှိလမ်းပိုင်းတွေ ကြီးအောင်လုပ်ပြီး မြန်မြန် ဖြတ်လို့ရမယ့် နည်း တွေနဲ့ စဉ်းစားလိုက်ရင် လက်တလောအားဖြင့် အဆင်ပြေသွားမယ်”ဟု ပြောဆိုသည်။
ယင်းသို့လုပ်ဆောင်မှုနှင့်အတူ ယာဉ်ထိန်းရဲ အင်အားများတိုးချဲ့ခြင်း ဘတ်စ်ကားများ သီးသန့် သွားလာရမည့် စည်းဝါ တားခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘတ်စ်ကားများ စနစ်မကျမောင်းနှင်ရန် အတွက်ပါ ကွန်ကရစ်တုံးများချ၍ လုပ်ဆောင်သွားမည်ဟု လည်း သိရသည်။
ယခုကဲ့သို့ ရေတိုဖြေရှင်းမှုများ အဖြစ် ရှိနေသည့်လမ်းများကိုချဲ့ခြင်း မီးပွိုင့်စနစ်များပြောင်းခြင်းနှင့် ယာဉ်ထိန်းရဲအင်အား တိုးခြင်းတို့ကိုလုပ်ဆောင်မည်ဖြစ်သော်လည်း ရေရှည်အတွက်ဆိုပါက ရန်ကုန်၏ ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းသိမ်းနိုင်မည် မဟုတ်ကြောင်း၊ ထို့အတွက် ရေရှည်စီမံကိန်းအနေဖြင့် ရန်ကုန်မြို့တော်ကို အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်း နှင့် ယင်းလမ်းများကို ချိတ်ဆက် သည့်လမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းအချက်အလက်များတွင် ဖော်ပြထားသည်။