သတင်း

မူဆယ် ဗဟို စီးပွားရေးဇုန် သိမ်းမြေများအတွက် လျော်ကြေး နည်းမည်ကို လယ်ပိုင်ရှင်များ စိုးရိမ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဗဟို စီးပွားရေးဇုန်စီမံကိန်း တိုးချဲ့ရန်အတွက် အနီးတွင် ကျန်ရှိနေသေးသည့် လယ်ဧက ၁၀၀ ကျော်ကို နမ့်ခမ်းဖောင် ကုမ္ဗဏီက နစ်နာကြေးပေး သိမ်းယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဗဟိုစီးပွားရေးဇုန် စီမံကိန်း လုပ်ဆောင်ရန် နယူးစတားလိုက် ကုမ္ပဏီက လယ်ဧက ၂၀၀ ကျော်ကို ယမန်နှစ် အောက်တိုဘာတွင် သိမ်းယူခဲ့ပြီး ကျန်ရှိနေသည့် လယ်ယာများကို နမ့်ခမ်းဖောင် ကုမ္ဗဏီက ဆက်လက်သိမ်းယူကာ မြို့ပြစီမံကိန်းအဖြစ် လုံးချင်းအိမ်ယာများ၊ Shopping Hall နှင့် ဟိုတယ်များ တည်ဆောက်သွားမည်ဟု မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းငွေငွေက ဧရာဝတီသို့ ပြောသည်။

“သူတို့ကတော့ နစ်နာကြေးပေးပြီး သိမ်းမယ်ပေါ့နော်။ အခု သူတို့ တောင်သူတွေနဲ့ မတွေ့သေးဘူး။ ဘယ်လောက်အထိ သူတို့ လျော်မယ်လို့ မသိသေးဘူး။ ကုမ္ပဏီနဲ့ တောင်သူတွေနဲ့ ညှိဖို့လိုပါတယ်” ဟု ဒေါ်နန်းငွေငွေက ဆိုသည်။

စီမံကိန်းမြေအနီးတွင် နမ့်ခမ်းဖောင်ကုမ္ပဏီမှ မြို့ပြစီမံကိန်း လာရောက် အကောင်အထည်ဖော်ခွင့်ကို  ရှမ်းပြည်နယ် ဝန်ကြီးက မူအားဖြင့် သဘောတူထားကြောင်း၊ လယ်ယာပိုင်ရှင်များ အနေဖြင့် လျော်ကြေးငွေအနည်းငယ်သာ ရရှိမည်ကို စိုးရိမ်သဖြင့်  ရှမ်းပြည်မယ် ဝန်ကြီးရုံးသို့ စာတင်ထားကြောင်း လယ်ယာပိုင်ရှင်တဦးဖြစ်သူ ဦးစိုင်းအွမ်မှိုင်းက ဧရာဝတီသို့ ပြောသည်။

“အရင်က အစိုးရကနေတဆင့် လယ်သမားတွေရဲ့ လယ်ဧက ၂၀၀ ကျော် ယူပြီးသွားပြီ။ နောက်ထပ်ယူရင် ကျနော်တို့တွေ ပိုင်ဆိုင်တာ ဘာမှ မရှိတော့ဘူး။ သူတို့သာ နောက်ထပ် ယူမယ်ဆိုရင် မျိုးဆက်အတွက် နေရာမရှိတော့ဘူးလေ” ဟု ဦးစိုင်းအွမ်မှိုင်းက ဆိုသည်။

လက်ရှိ စီမံကိန်းအနီး လယ်ယာမြေများသည် တဧကလျှင် သိန်း ၅ ထောင်ကျော် ပေါက်နေကြောင်း၊ ထိုပေါက်ဈေးနည်းတူ လက်ရှိ ဝင်ရောက်လာမည့် နမ့်ခမ်းဖောင် ကုမ္ဗဏီက ပေးဆောင်မည်ဆိုပါ လယ်သမားများ အားလုံးသဘောတူညီမှု ရမှသာ ရောင်းမည်ဖြစ်ကြောင်း၊ လယ်ယာပိုင်ရှင်များသည် ယမန်နှစ်ကဲ့သို့ ကုမ္ပဏီနှင့်အစိုးရ ပူးပေါင်းကာ လျော်ကြေး အနည်းငယ်ပေးမည်ကို စိုးရိမ်နေကြကြောင်း လယ်ယာပိုင်ရှင်တဦးဖြစ်သူ ဦးစိုင်းအောင်မြတ်က ပြောသည်။

၎င်းက “ဗဟို စီးပွားရေးစီမံကိန်းကြောင့် လမ်းတွေဖောက်ထားတဲ့အတွက် အဲဒီနေရာ အနီးဝန်းကျင်မှာ ဈေးတက်လာတယ်။ လက်ရှိ ကုမ္ပဏီကတော့ လုပ်ပိုင်ခွင့်တောင်းထားပြီ။ လက်ရှိတော့ ကုမ္ဗဏီက လွှတ်တော် ကိုယ်စားလှယ်တွေကနေတဆင့် ကျနော်တို့ လယ်သမားတွေကို လိုက်ညှိခိုင်းနေတယ်” ဟု ဆိုသည်။

နမ့်ခမ်းဖောင် ကုမ္ပဏီသည် ယခင် ထုမောဝ်လုံ ကုမ္ဗဏီနှင့် တရုတ်ပိုင် Golden Dagon ကုမ္ဗဏီတို့ ပူးပေါင်းပြီး တည်ထောင်ထားသည့် ကုမ္ဗဏီ ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတခု တည်ဆောက်မည်ဆိုလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် ဒေသခံများအတွက် မည်သည်အခါမှျှ စဉ်းစား ပေးလေ့မရှိကြောင်း၊ စီမံကိန်းပြီး၍ အလုပ်အကိုင် အခွင့်အလမ်း မရှိပါက လယ်သမား မိသားစုများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကာ စီမံကိန်းဇုန်နေရာသည် တရုတ်လူမျိုးများအတွက် ဖြစ်သွားနိုင်ကြောင်း မူဆယ်မြို့ခံများက ပြောကြသည်။

လက်ရှိ ဆောက်လုပ်နေသည့် ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင် ဟိုတယ်ဇုန်များ၊ ကျောက်စိမ်း ရောင်းဝယ်ရေး ဇုန်များ၊ စူပါမတ်ကတ်များ၊ အပန်းဖြေစရာ နေရာများနှင့် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နိုင်ရန်အတွက် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တည်ဆောက်နေသည့် ဗဟို စီးပွားရေး စီမကိန်းဇုန်ကို နယူးစတားလိုက် ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေပြီး ၂၀၁၅ ခုနစ်တွင် အပြီးတည်ဆောက်မည်ဟု ပြောထားသော်လည်း ယခုအထိ ဇုန် ၁ ကို ပြီးအောင် မတည်ဆောက်နိုင်သေးပေ။

ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ခွင့်ကို နယူးစတားလိုက် ကုမ္ပဏီမှ ရရှိခဲ့ပြီး ထိုစီမံကိန်း လုပ်ငန်းများမှ လမ်းတည်ဆောက်ရေး အပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီထံ ၂၀၁၂ ခုနှစ်ကုန်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း၊ စီမံကိန်းအဖြစ် ငွေဆင် အိမ်ယာမှစပြီး လေယာဉ်ကွင်းအထိ မြစ်ကမ်းနား တလျှောက်ကို ပြုလုပ်ဆောင်ရွက် နေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading