လိပ်ကျွန်း လူသတ်မှုကို အထူးအဖွဲ့ဖွဲ့ပြီး ပြန်လည် စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI) ထံ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီ၊ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့နဲ့ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ မိဘတွေက တောင်းဆိုလိုက်ပါတယ်။
လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် နှစ်ဦးဟာ ရိုက်နှက် ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံရခြင်း ဖြစ်တယ်လို့ ထွက်ဆိုလာတာကြောင့် ၎င်းတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေနဲ့အတူ ဘန်ကောက်မြို့ရှိ DSI ရုံးချုပ်မှာ နိုဝင်ဘာ ၃ ရက်နေ့က တင်ပြတောင်းဆိုခဲ့ပြီး DSI အဖွဲ့ကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။
အမှုပြန်လည် စစ်ဆေးပေးဖို့ တောင်းဆိုမှုမှာ ပါဝင်တဲ့ သံရုံး အထူးစုံစမ်းရေး အဖွဲ့ရှေ့နေကြီး ဦးအောင်မျိုးသန့်က “ဒီကလေးတွေအပေါ်မှာ နှိပ်စက် ညှင်းပန်းတယ်ဆိုတဲ့ အကြောင်းအရာလေးတွေ ပေါ်လွင်လာတယ်။ ဒီအချက်တွေကို အားလုံး သုံးသပ်ပြီးတော့ ရှေ့နေများ ကောင်စီက ဦးဆောင်ပြီး DSI ရုံးကို ဒီအမှုနဲ့ ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့ပြီးတော့ ပြန်လည် စစ်ဆေးပေးပါ။ ဒါမှသာလျှင် အမှန်တရား ပေါ်ပေါက်မယ်ဆိုတဲ့ အကြောင်းအရာကို ပြပြီးတော့ လျှောက်လွှာ လာတင်တာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ဝန်ခံထားတယ်လို့ ပြောဆိုခဲ့တဲ့ မြန်မာလူငယ် နှစ်ဦးဟာ မိဘတွေနဲ့ တွေ့ဆုံချိန်မှာ သူတို့ကို ရဲနဲ့စကားပြန်တွေက နှိပ်စက်ခြိမ်းခြောက်ပြီး ဝန်ခံခိုင်းခဲ့တာလို့ ထွက်ဆို ပြောလာတာကြောင့် အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးဖို့ DSI ကို တောင်းဆိုတာ ဖြစ်တယ်လို့ ထိုင်းရှေ့နေများ ကောင်စီက ဆိုပါတယ်။
ထိုင်းရှေ့နေများ ကောင်စီ သဘာပတိ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Surapong Kongchantuk က “အမှုမှန် ပေါ်ပေါက်ဖို့အတွက် မိဘတွေအနေနဲ့ အားကိုးစရာဆိုလို့ အထူးရဲအဖွဲ့ (DSI) ပဲ ကျန်တော့တယ်။ ဒါကြောင့် အထူးရဲ အဖွဲ့ကို ဒီအမှုကိုအပ်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတာ” ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာလူငယ် နှစ်ဦးကို ရိုက်နှက် ခြိမ်းခြောက်ပြီး ဝန်ခံခိုင်းတယ်ဆိုတဲ့ ထိုင်းရဲတွေနဲ့ စကားပြန်တို့ကိုလည်း ထိုင်းရှေ့နေများ ကောင်စီက တရားစွဲဆို သွားမယ်လို့ ပြောဆိုပါတယ်။
လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လိပ်ကျွန်းလူသတ်မှု အမှုမှန် ပေါ်ပေါက်ရေး၊ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး တရားမျှတမှု ရရှိရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်ပြီး ဒီလိုကြိုးပမ်းမှုက ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးနဲ့ ထိုင်းရဲတွေရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တယ်လို့ ထိုင်းရှေ့နေများ ကောင်စီ ဥက္ကဋ္ဌ Dr. Nirun Pitakwatchara က သတင်းထောက်တွေကို ပြောပါတယ်။
Dr. Nirun Pitakwatchara က “ဒီလိုမျိုး လုပ်တာဟာ ထိုင်းတနိုင်ငံလုံးက ရဲတွေရဲ့ ဂုဏ်သိက္ခာကို ဆယ်ပေးတာနဲ့ အတူတူပါပဲ။ ရဲတွေအနေနဲ့ ဒီအမှုကို ပွင့်လင်း မြင်သာမှုနဲ့ လုပ်စေချင်တယ်။ အဲဒါမှ တနိုင်ငံလုံးက ရဲတွေ မှန်မှန်ကန်ကန် လုပ်တယ်ဆိုတာကို မြင်ရအောင် လုပ်တာပါ။ အဲဒီအတိုင်းသာ လုပ်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် အရမ်းကို ဂုဏ်သိက္ခာ ရှိစေပါတယ်” လို့ ဆိုပါတယ်။
ထိုင်းလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် အခင်းဖြစ်ပွားရာ ဒေသကို မကြာခင် ရက်ပိုင်းအတွင်း ကွင်းဆင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ Dr. Nirun Pitakwatchara က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လိပ်ကျွန်း လူသတ်မှု တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦးအတွက် တရားမျှတရေးနဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် လိုက်ပါဆောင်ရွက်နေကြတဲ့ ထိုင်းရှေ့နေများ ကောင်စီ၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ကို အခုလို လိုက်ပါ ဆောင်ရွက်ပေးဖို့ မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့နဲ့ မြန်မာလူငယ် နှစ်ဦးရဲ့ မိဘတွေက အောက်တိုဘာ၂၈ ရက်က သွားရောက်တောင်းဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
DSI အဖွဲ့ထံမှာ မတောင်းဆိုမီ ထိုင်းလူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီ၊ မြန်မာသံရုံး အထူး စုံစမ်းရေး အဖွဲ့နဲ့ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးရဲ့ မိဘတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲကို ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို စစ်ဆေးရာမှာ ပါဝင်တဲ့ ထိုင်းရဲတွေကို လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် ရဲတပ်ဖွဲ့က လာရောက် ဖြေရှင်းခြင်း မရှိပါဘူး။
ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ဒီလိုဖိတ်ခေါ်မှုကို လာရောက် ဖြေရှင်းခြင်း မပြုတာ စွပ်စွဲဖမ်းဆီးခံ လူငယ်နှစ်ဦးနဲ့ မိဘတွေ ကော့စမွေ အကျဉ်းထောင်မှာ တွေ့ဆုံခွင့် ရရှိပြီးကတည်းက ဖြစ်တယ်လို့ ထိုင်း လူ့အခွင့်အရေး ကော်မရှင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။