လက်ရှိကျင်းပနေဆဲ နာမည်ကျော် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ခွန်တန် အမည်ရှိ ညမီးကြီး မီးပုံးပျံ မီးလောင်ပျက်ကျမှုကြောင့် ဒဏ်ရာရရှိသူ ၁၅ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၂ ဦးမှာ နိုဝင်ဘာ ၂ ရက်နေ့က သေဆုံး သွားခဲ့ပြီး တဦးမှာ စိုးရိမ်ဖွယ် အခြေအနေ ရှိနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဧရာဝတီသို့ ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မီးပုံးပျံ ပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းပြီး စတင် စစ်ဆေးနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ထပ်မဖြစ်အောင်လည်း ကျနော်တို့ ကြပ်မတ်နေပါတယ်။ မဖြစ်ဖို့လည်း များပါတယ်။ မဖြစ်အောင်လည်း လုပ်နေ ပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။
သေဆုံးသူ ၂ ဦးမှာ ခန္ဓာကိုယ် တခုလုံး ယမ်းစင် မီးလောင်ဒဏ်ရာများ ရရှိထားသည့် တောင်ကြီးမြို့၊ ရတနာ သီရိ ရပ်ကွက်မှ ကိုခွန်လှစိန်နှင့် စိန်ပန်းရပ်ကွက်မှ ကိုအောင်ကိုလတ်တို့ဖြစ်ပြီး ကျန်အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦးမှာလည်း မီးလောင်ဒဏ်ရာများဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က သေဆုံးသူ ၂ ဦး၏ မိသားစုများ အပါအဝင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ ၅ ဦးကို တဦးလျှင် ကျပ် ၂ သိန်းစီ၊ ဒဏ်ရာရ ရှိသူ ၁၁ ဦးကို တဦးလျှင် ငါးသောင်းကျပ်စီ ကူညီပံ့ပိုးပေးထားကြောင်း သိရ သည်။
သေဆုံးသူတဦး၏ ဦးလေးဖြစ်သူက “ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မယ် ဆိုတာမျိုးမှ မရှိတာ။ အဲဒါကြောင့် အများကြီးကို ဒုက္ခရောက်သွား တာပေါ့။ ရောက်လာတဲ့ မီးသတ်ကား ၃ စီးမှာ တစီးပဲ ရေရှိတယ်၊ ကျန်တဲ့ အစီးတွေ ရေမရှိဘူး” ဟု ပြောပြသည်။
မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ တွဲဘက်အတွင်းရေးမှူး ဦးတင်ဝင်းက “မီးပုံးပျံကတော့ ဒါမျိုးက ဖြစ်ရိုး ဖြစ်စဉ်ပါပဲ။ ပေ ၃၀၀ လောက်အထိ တက်ပြီးမှ ကွဲကျတာလေ။ စက္ကူနည်းနည်းညံ့လို့ ခေါင်ပေါက်ပြီး ကျတာ။ ဒါမျိုးက ၁၀ နှစ် တခါတောင် မဖြစ်ဘူး” ဟု ဆိုသည်။
ပြိုင်ပွဲဝင် ကျောင်းသားအို ညမီးကြီးမှ မီးဆရာ ဦးထွန်းလှက ယခင်က မီးပုံးပျံ လွှတ်တင်သည့် ကွင်းထဲသို့ ပြိုင်ပွဲဝင် အဖွဲ့သားများကိုသာ ဝင်ခွင့်ပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကွင်းအနီး ဆိုင်ခန်းများ အများအပြား တည်ဆောက် လာသည့်အတွက် ပရိသတ်များ ကြည့်ရှုရန် ခက်ခဲလာသဖြင့် ကွင်းထဲဝင်ကြည့် လာကြခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“ပရိသတ်ကတော့ ပွဲကြည့်ချင်လို့ လာတာပဲလေ။ ဘယ်နေရာဖြစ်ဖြစ် ကြည့်နေမှာပဲ။ အမှန်ကတော့ ကွင်းထဲမှာ ဆိုင်ခန်းတွေ မရှိသင့်ဘူး။ အခုဟာက ပြေးတဲ့လမ်းမှာ လူတွေက ထပ်ပြီးပိတ်နေတော့ ရှောင်ချိန်မရဘဲ ထိတာပေါ့” ဟု ၎င်းက ဆိုသည်။
တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တလျောက် မီးပုံးပျံလောင်ကျွမ်း ပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ ဖူးသော်လည်း ယခုနှစ်ကဲ့သို့ သေဆုံး ဒဏ်ရာရရှိမှု မများပြားခဲ့ကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နံနက် ၁ နာရီကျော်ခန့်တွင် ညမီးကြီး မီးပုံးပျံပြိုင်ပွဲဝင် ခွန်တန် ညမီးကြီးမှာ လွှတ်တင်ပြီး မြေပြင်အထက် ပေ ၃၀၀ ခန့်တွင် မီးပုံးပျံ ခေါင်ပွင့်ထွက်ကာ လူအုပ်ထဲသို့ လောင်ကျွမ်းပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တချို့က ဆိုသည်။
ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး ၈၄ လုံး၊ စိန်နားပန် ၃၆ လုံး၊ အရုပ် ၁၉၄ လုံး စုစုပေါင်း မီးပုံးပျံ ၃၁၄ လုံး ပြိုင်ပွဲဝင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်နေ့က မြူများ ပိတ်ဆိုင်းလာသောကြောင့် မီးပုံပျံ ၃ လုံးသာ လွှတ်တင်လိုက်ရပြီး မီးပုံးပျံပြိုင်ပွဲကို ခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း သတင်းရရှိသည်။