နေပြည်တော်တွင် အပူတပြင်းလုပ်ဆောင်ခဲ့သည့် ဆွေးနွေးပွဲကို နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲ၊ အဓိကခေါင်းဆောင်များ ဆွေးနွေးပွဲဟု ခေါ်ဆိုကြရာ အခေါ်အဝေါ်ကစပြီး မှားနေသည်ဟု ဝေဖန်ပါရစေ။ နိုင်ငံရေးထိပ်သီးများ ဆိုသည်မှာ Political heavy weight များပါသော ဆွေးနွေးပွဲ ဖြစ်ရမည်။ ယင်းဆွေးနွေးပွဲမှတဆင့် တိုင်းပြည်တွင် သေရေးရှင်ရေး ရင်ဆိုင်နေရသော အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟု နားလည်ပါသည်။ သို့သော် မြန်မာပြည်တွင် ဒီလို မဖြစ်ခဲ့ပါ။
သမ္မတ ဦးသိန်းစိန်သည် အာဏာရခေါင်းဆောင်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပြည်ပ လေးစားလက်ခံသော အတိုက်အခံ ထိပ်သီးခေါင်းဆောင်တဦး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သောကြောင့် စစ်တပ်၏ ထိပ်သီးခေါင်းဆောင် ဖြစ်သည်။ သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်သည် လွှတ်တော်ဘက်မှ အမြင့်ဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။ သမ္မတ ဖိတ်ခေါ်ထားသော ဒုသမ္မတ နှစ်ဦးသည် ထိပ်ပိုင်းခေါင်းဆောင်များ မဟုတ်သဖြင့် မည်သည့်အဓိပ္ပာယ်လဲတော့ မသိပါ။ လူမှုကွန်ရက်များတွင် ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ဒု သမ္မတနှစ်ဦး၏ ပုံစံမှာ သမ္မတ၏ မူဝါဒအတိုင်း ပေးထားသော ၁၀ မိနစ်ကို အချိန်ကုန်အောင် နှုတ်တိုက်ပြောမည့်သူများ ဖြစ်ပုံရပါသည်။
ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးသည် နိုင်ငံတကာတွင်ရော ပြည်တွင်းတွင်ပါ ရှမ်းအသိုင်းအဝိုင်းများတွင် လက်ခံသူဖြစ်၍ ရှမ်းနိုင်ငံရေးလေက၏ ထိပ်သီးခေါင်းဆောင်တဦးဟု ဆိုနိုင်သည်။ ဦးစိုင်းအိုက်ပေါင်း ကိုယ်စားပြုသည့် ကျားဖြူပါတီမှာမူ အစိုးရနှင့် နီးစပ်သည်ဟု ဆိုကြသည်။ ဦးခင်မောင်ဆွေ၏ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သည် စစ်အစိုးရ၏ လမ်းပြမြေပုံ ထောက်ခံပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီဖြစ်ပြီး ထိပ်သီးပါတီ စာရင်းမဝင်ပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် လက်ကျန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ခေါ်လာခြင်းကတော့ ကျားသေကို အသက်သွင်းသည်ဟုပင် ခံစားကြရသည်။
ထို့အပြင် နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ဆင်ပုံကလည်း ခပ်တောင့်တောင့်၊ ထိုင်ခုံ နေရာချထားမှုကလည်း အဆင်မပြေ။ ဆွေးနွေးပွဲကိုလည်း ပိုပြီး formal ဖြစ်အောင်၊ တောင့်နေအောင် ထားသောကြောင့် အစိုးရမင်းများ စီစဉ်သည့် စည်းဝေးပွဲ ပုံစံမျိုး ဖြစ်နေပြန်သည်။
ဤကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲမျိုးကို နိုင်ငံရေးအသိုင်းအဝိုင်းနှင့် လေ့လာသူများက “အကြောလျှော့သည်” ဟု ဆိုကြသည်။ ယခင် စစ်အစိုးရ (သို့မဟုတ်) တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ် စက်တင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်က တဖက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က တဖက်ထိုင်ပြီး ထမင်းစားပွဲ လုပ်ဖူးသည်။ အသံတိတ် လျှပ်တပြက် မျက်လှည့်ပွဲများ ဖြစ်သည်။ ထိုကဲ့သို့သော ဆွေးနွေးပွဲများသည် ပြည်တွင်းပြည်ပ ဖိအားများ စိန်ခေါ်မှုကို ကြုံရတိုင်း လုပ်လေ့ရှိပြီး ထင်ယောင်ထင်မှားလည်း ဖြစ်စေတတ်သည်။ သို့လောသို့လော တွေးထင်စရာ ဖြစ်သည်။ တခါတရံ မျှော်လင့်ချက်ရောင်ခြည် သန်းလာသလိုလိုပင် ထင်ရသည်။ တကယ်တမ်းတွင် ဘာမျှ မဟုတ်ခဲ့။
ယခု ထိပ်သီးဆွေးနွေးပွဲက ပို၍ ဆိုးသည်။ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ ဆက်သွယ် စကားပြောပြီးချိန်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သံသယများ၊ မေးခွန်းများနှင့် ထို တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်ကြောင်း ပါတီအသိုင်းအဝိုင်းက ဆိုသည်။ ၂၀၁၁ သြဂုတ်လတွင် ပထမအကြိမ် တွေ့ဆုံပွဲနောက်ပိုင်း ယုံမိခဲ့သည့်အမှားကြောင့် အတိုက်အခံခေါင်းဆောင်သည် ယခုတပွဲတွင် သတိကြီးစွာ ထားနေခဲ့သည်။ ထို့သို့ သတိထားမှသာ လက်ရှိ အာဏာရအစိုးရ လိုသလို ကစားနေသော လှည့်ကွက်ထဲသို့ ဝင်မိဖို့ နည်းမည်ဖြစ်သည်။
ပြန်ချုပ်ရလျှင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် တိုင်းပြည်အတွက် ရလဒ်ကောင်းတချို့ ရှိခဲ့သည်။ စစ်အုပ်ချုပ်ရး၏ နို့သက်ခံ အစိုးရဖြစ်နေသော သမ္မတ ဦးသိန်းစိန် အစိုးရသည် အသိအမှတ်ပြုခံ ဖြစ်သွားရသည်။ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ခဲ့ပြီး မျှော်လင့်ချက်များ ရှိခဲ့သည်။ တိုင်းပြည်ကောင်းဖို့ မိမိကို အသုံးချလျှင်လည်း ခံမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ဖူးသည်။ အတိုက်အခံ အသိုင်းအဝိုင်းကမူ မလိမ့်တပတ်လုပ်ခြင်း ခံရပြီး နောက်ဆုံးတွင် ချောင်ထိုးခံရသည်ဟု ခပ်ပြတ်ပြတ် တွက်ကြ၊ တွေးကြသည်။
ထိပ်သီးဆွေးနွေးပွဲတွင် ၁၀ မိနစ်စီပြောပြီး ပြန်ရသည်။ တိုင်းပြည်တွင် ယနေ့ တွေ့ကြုံနေရသော အကျပ်အတည်းများ၊ ပြည်သူပြည်သားများ၏ ဘဝ၊ ပျက်ယွင်းနေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့ကို နီးနီးကပ်ကပ် တိုင်တိုင်ပင်ပင် ထဲထဲဝင်ဝင် ဆွေးနွေးကြမည်ဆိုလျှင် နာရီပေါင်း ၁၀၀ ကျော် ပြောရမည်။ ထို့ထက်မကလည်း ထပ်ပြောရဦးမည်။ အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုများ ရှိရမည်။ သို့သော် စေတနာနှင့် စိတ်ဆန္ဒရှိလျှင် ရလဒ်တချို့ ထွက်နိုင်သည်။ ယခု ဤကဲ့သို့ မဟုတ်ပါ။
မြန်မာ့အပြောင်းအလဲသည် ရင်ခုန်စရာ မကောင်းဘဲ စိတ်ပျက်ဖွယ်ရာ ကောင်းနေသည်။ စိုးရိမ်စရာဘက်သို့ ပိုရွေ့သွားသည်။ မျှော်လင့်ချက်တို့ မြေမြှုပ်သဂြုႋဟ်ခံရသည်။ ဒီအဆင် ဒီအကွက် ဒီလို စိတ်စေတနာမျိုးထားပြီး အရည်အချင်း ကင်းမဲ့စွာ လုပ်ဆောင်နေလျှင် ဒီလိုအခြေအနေအတိုင်း ဆက်ဖြစ်နေတာ ဆန်းသလားဟု မေးကြသည်။
လူထုအကြားတွင် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲသည် ရယ်စရာ ပြက်လုံးတခုအဖြစ်သာ ကျန်ခဲ့သည်။