၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်သူ့ ပါတီသည် ပြည်သူလူထုကို ကရင် စာပေနှင့် ယဉ်ကျေးမှု သင်ကြား ပေးခြင်းဖြင့် မဲဆွယ် စည်းရုံးသွားမည်ဟု အဆိုပါ ပါတီ ဒုဥက္ကဋ္ဌ ဦးစောဆေးဝါးက ဧရာဝတီကို ပြောသည်။
“စည်းရုံးရေးအတွက် တခြား ဘာတွေလုပ်ပေးမယ်လို့ ကတိပေးတာထက်၊ ကရင်တိုင်းရင်းသား တွေရဲ့ အခြေခံ လိုအပ်ချက် ဖြစ် တဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေ တိုးတက်မှု ရှိအောင်လုပ်ဖို့ ဆိုပြီး ရည်ရွယ်တာပါ”ဟု သူက ဆိုသည်။
ကရင်ပြည်သူ့ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ထိုနေရာတို့တွင်သာ ကရင်စာပေနှင့် ယဉ်ကျေးမှုများ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်မူ အဆိုပါ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ကရင်စာပေနှင့် ရိုးရာဓလေ့များကို သင်ကြားပေးရန် ကရင်ပြည်သူ့ ပါတီမှ စာရင်းများ စတင် ကောက်ယူနေပြီ ဖြစ်သည် ။
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွင် ကရင်စာပေသင်ကြားရန် စာရင်းပေးသွင်းထားသူ လေးသောင်းဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး ရန်ကုန်တိုင်းတွင် စာရင်း အတိအကျ မသိရသေးဟု ကရင်ပြည်သူ့ပါတီ၏ ကရင်စာပေနှင့် ယဉ်ကျေးမှု သင်ကြားပေးရေး အဖွဲ့၏ စာရင်းများအရ သိရသည်။
ကျောင်းသား ဦးရေ ၃၀ လျှင် ဆရာမတဦးကျ စတင် သင်ကြားပေးနေသည်ဟု ဦးစောဆေးဝါးက ပြောသည်။
ကရင်စာပေသင်ကြားနိုင်ရန် ကရင်စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆရာများ၊ အစိုးရ တက္ကသိုလ်မှ ပါမောက္ခများဖြင့် ပြုစုထားသည့် သင်ရိုးညွှန်းတန်း စာအုပ်မှာ ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့ပြီးဖြစ်သည်။
အစိုးရ အနေဖြင့် ကရင်ပြည်နယ်တွင်း ကရင်စာပေ သင်ကြားရေးနှင့် ပတ်သက်၍ ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့် ပြုထားသော်လည်း လက်တွေ့သင်ကြားနိုင်ရန် ဆရာ/ ဆရာမများ ခန့်ထားပေးခြင်း၊ ဘတ်ဂျက်ငွေ ချထားပေးခြင်းတို့ မရှိသေးဟု ကရင့်ရေးရာ ကော်မတီမှ အတွင်းရေးမှူး ဦးစောကျော်စွာက ဆိုသည်။
ကရင်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားများမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဖွင့်လှစ်ထားသည့် ကရင်စာပေနှင့် ယဉ်ကျေးမှု ကျောင်းများတွင် အဓိကထား သင်ယူနေပြီး ကရင်အများစု နေထိုင်သည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း တို့တွင်မူ ကရင် စာပေသင်ကြားပေးသည့် နေရာများ အတည်တကျ မရှိဟု ၎င်းက ဆက်ပြောသည်။
ဦးစောကျော်စွာက “ကရင်လူမျိုးတွေအတွက် ကရင်စာပေနဲ့ ယဉ်ကျေးမှု သင်ဖို့က ခက်ခဲတဲ့ စိန်ခေါ်မှုလိုပဲ၊ KNU နယ်မြေထဲ ကျတော့ လူတိုင်းသွားသင်ဖို့ ခက်သလို၊ အစိုးရဘက် ကျတော့လည်း ဆရာမခန့်ထားပေးတာ မရှိဘူး” ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၂) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီမည်ဟု ပြဌာန်းထားသည်။ သို့သော်လည်း ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် တိုင်းရင်းသား စာပေများ သင်ကြားမည်ဆိုပါက အစိုးရ ကျောင်းများ၏ သင်ရိုးညွှန်းတန်းနှင့် ကျောင်းချိန်တွင် သင်ကြားခွင့် မရှိဘဲ၊ ကျောင်းချိန် ပြင်ပတွင်သာ သင်ကြားခွင့် ပြုသည်ဟု ပါရှိသည်။