Human Rights

ဗုံးခွဲမှုဖြင့် ပြစ်ဒဏ်ကျခံရသည့် ကချင်စစ်ဘေး ဒုက္ခသည်နှစ်ဦး နှိပ်စက်ညှဉ်းပန်း ခံရဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင် စစ်ဘေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ကို ဗုံးပေါက်ကွဲမှုဖြင့် အမူစစ်ဆေးစဉ် ကာလအတွင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် လက်အောက်ခံ ခြေလျင် တပ်ရင်း(ခလရ) ၃၇ နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အပြင်းအထန် နှိပ်စက်တယ်၊ အတင်းအဓမ္မ လိင်တူဆက်ဆံခိုင်းတယ်၊ ဘာသာရေး စော်ကားခံရတယ်လို့ လဖိုင်ဂမ်တို့က တရားရုံး မှာ ပြောပြတယ်၊ သူတို့တွေ ပြောပြတဲ့ ထွက်ဆိုချက် ဗီဒီယိုမူရင်းလဲ ကျနော့်မှာ ရှိတယ်။ သမ္မတကို စာတင်တယ်၊ အကြောင်း မပြန် ဘူး၊ တရားဥပဒေ စိုးမိုးရေး ကော်မတီကို စာတင်တယ်၊ စုံစမ်းပါမယ် ပြောပြီး အောက်ခြေကို ရောက်လာတာ လုံးဝမတွေ့ရဘူး”ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးမာခါးက ဧရာဝတီကို ပြောသည်။

ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့က ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ တရားရုံး၌ စစ်ဆေး ခံရစဉ် ထွက်ဆိုချက် ပေးခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း လုံးဝမရှိခဲ့ဟုလည်း ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာဖြင့် တိုင်ကြားခဲ့သော်လည်း အကြောင်း တစုံတရာ ပြန်ကြားခြင်း လုံးဝ မရှိကြောင်း၊ ကုလသမဂ္ဂ(UN) အဖွဲ့အစည်း တခုက ၎င်းတို့အား မတရား ဖမ်းဆီးခံထားရသည့် အပေါ် သမ္မတထံ မေတ္တာရပ်ခံခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဦးမာခါးက ဆက်ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်သော ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့သည် ရွှေစက် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဒုက္ခသည် စခန်းတွင် နေထိုင်ကြစဉ် ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ လောကြီးကျေးရွာ အနီးတွင် ခလရ ၃၇ က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဘရန်ရုန်းကို ဒူကထောင် ရပ်ကွက် ဆက်သွယ်ရေးရုံး ဗုံးပေါက်ကွဲမှု၊ ဗလမင်းထင် တံတား ဗုံးပေါက်ကွဲမှု၊ ဖရော တံတား၊ ကျိန် ခရမ် တံတားနှင့် မြစ်ကြီးနား-မန္တလေးရထား ဗုံးပေါက်ကွဲမှုတို့ဖြင့် ပြစ်ဒဏ် ၁၉ နှစ်၊ ဦးလဖိုင်ဂမ်ကို ဒူကထောင် ရပ်ကွက် ဆက်သွယ် ရေးရုံး ဗုံးပေါက်ကွဲမှု၊ နတ်မြစ် တံတား ပေါက်ကွဲမှု၊ မြစ်ကြီးနား-လိုင်ဇာ ကားလမ်း ဗုံးပေါက်ကွဲမှု၊ မြစ်ကြီးနား-မန္တလေး ရထား လမ်း ပေါက်ကွဲမှုတို့ဖြင့် ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်ဟု နိုဝင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထား သည်။

“သူတို့နှစ်ဦးက ကျပန်း အလုပ်လုပ်ပြီး ရိုးရိုးသားသား နေတဲ့သူတွေ၊ သူတို့တွေ စွပ်စွဲထားတဲ့ ရက်တွေက ကျနော်တို့ အနားမှာပဲ ရှိနေခဲ့တာ၊ အခုလို မတရား နှိပ်စက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကျနော်တို့က လူထုသိအောင် ရှင်းပြတယ်၊ သူတို့တွေရဲ့ မိသားစုတွေလည်း နစ်နာမှုတွေ ရှိတယ်၊ အမြန်ဆုံး လွှွှတ်ပေးစေချင်တယ်”ဟု ရွှေစက် နှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် ဦးပေါမ်ခွန်နော် က ပြောပြသည်။

၎င်းတို့နှစ်ဦးကို ဗုံးပေါက်ကွဲမှုများနှင့် ဖမ်းဆီးထောင်ချခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည့်အတွက် ဒေသခံ လူထုက အမှန်အတိုင်း သိရှိစေရန် ရည်ရွယ်ပြီး မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် ကချင်နှစ်ခြင်း အသင်းတော်တွင် လူထု ရှင်းလင်းပွဲ တခုကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အမှန်အတိုင်း ဖြစ်စေချင်တာ၊ အခုက စွပ်စွဲထောင်ချ ခံထားရတယ်၊ နိုဝင်ဘာမှာ အမေရိကန် သမ္မတ အိုဘားမားလာရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဦးမယ်ဆိုပြီး ကြားတယ်၊ အဲဒီမှာ သူတို့တွေ မလွတ်ရင်တော့ လှုပ်ရှားမှု တခုခုလုပ်ဖို့ ပြောထားကြတာတွေ ရှိတယ်”ဟု အမှုလိုက်ရှေ့နေ ဦးမာခါးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading