မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလအတွင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့သည်။
ဦးဝင်းထိန်က အထက်ပါအတိုင်း အတည်ပြု ပြောကြားခဲ့သော်လည်း ခရီးစဉ် အသေးစိတ်အချက် အလက်များကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။
“ကျနော် အခုပြောပြနိုင်တာကတော့ ဒေါ် အောင်ဆန်းစုကြည်က ဒီဇင်ဘာလထဲမှာ တရုတ် နိုင်ငံကို သွားမယ်ဆိုတာပါပဲ” ဟု ဦးဝင်းထိန်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်းသိရသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက မှတ်ချက်တစုံ တရာပေးခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖိတ်ကြားလွှာတစောင် ပေးပို့လာဖွယ် ရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိသော်လည်း တရုတ်အစိုးရက တိုက်ရိုတ်ဖိတ်ခေါ်မှသာ ဖြစ်နိုင်မည်ဟု အခိုင်အမာ ပြောကြားခဲ့ဖူးသည်။ တရုတ်နိုင်ငံမှ အစိုးရတပိုင်း အဖွဲ့အစည်းများ၏ ဖိတ်ခေါ်မှု အမြောက်အများရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပြည်သူများအကြား ဝေဖန်မှုများစွာ ထွက်ရှိလာခဲ့သဖြင့် သမ္မတဦးသိန်းစိန်က တရုတ်၏ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ တန်ဖိုးရှိ မြစ်ဆုံစီမံကိန်းကို ရပ်စဲခဲ့သည့်နောက်တွင် တရုတ်အစိုးရသည် မြန်မာ့အတိုက်အခံ ခေါင်းဆောင်များနှင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိရန် အထူးစိတ်ဝင်စားနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းစီမံကိန်းကို အဓိက အတိုက်အခံပြုခဲ့သူ ဖြစ်သည်။ ထိုစီမံကိန်းမှာ တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) နှင့် မြန်မာအစိုးရတို့ အကျိုးတူ လုပ်ကိုင်ရန် ရည်ရွယ်ခဲ့သည့် စီမံကိန်းတခုဖြစ်သည်။
တရုတ်အစိုးရဘက်က မြန်မာအာဏာပိုင်များနှင့် ရင်းနှီးစွာ ဆက်ဆံလုပ်ကိုင်သည့် ချဉ်းကပ်မှု ပုံစံမျိုးအပြင် အတိုက်အခံ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်သည့် ချဉ်းကပ်မှု ပုံစံမျိုးကိုပါ လုပ်ဆောင်လာခဲ့သည်။
တရုတ်သံတမန်များသည် စစ်အစိုးရမှ အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်း ပေးလိုက်သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာ့အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ NLD က တရုတ်နိုင်ငံ၏ တရားဝင် ဖိတ်ခေါ်ချက်ဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ၄ ကြိမ်ထက် မနည်း တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး တရုတ်သံရုံးမှလည်း ယခုနှစ်အစောပိုင်းတွင် NLD ၏ အမျိုးသားကျန်းမာရေး ကွန်ရက်အတွက် ဒေါ်လာ ၁ သန်း ထည့်ဝင်လှူဒါန်းခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၃ ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် NLD အဖွဲ့ဝင်များ တရုတ်နိုင်ငံသို့ လာရောက်ရန် အထူးဖိတ်ခေါ်ချက်များ ပေးပို့ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးပါဝင်သည့် အဖွဲ့နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့က ဖိတ်ခေါ်ချက်ကို လက်ခံသွားရောက်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး Ai Ping သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်းသည် ဆယ်စုနှစ်၂ ခုအတွင်း အတိုက်အခံ ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသည့် ပထမဆုံးသော တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိတဦး ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း အာဆီယံနိုင်ငံများနှင့် အနောက်နိုင်ငံများထံမှ ငွေကြေးထောက်ပံ့မှုများ ရယူရန် ကြိုးပမ်းလျက်ရှိနေပြီး တရုတ်အစိုးရ ဘက်ကလည်း ယခင်က ရင်းနှီးခဲ့ဖူးသည့် နိုင်ငံ၌ ရှိခဲ့သော ၎င်းတို့၏နေရာကို ပြန်လည်ရယူရန် ကြိုးပမ်းလိမ့်မည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။
ဝါရင့်သတင်းထောက် တဦးဖြစ်ပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူလည်း ဖြစ်သည့် ဘာတေးလစ်တနာက “တရုတ်တွေက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး သင်ခန်းစာကောင်းကောင်း ရလိုက်ပါတယ်။ သူတို့က မြန်မာနဲ့ အမေရိကန်ကြားမှာ ရင်းနှီးမှုတွေတိုးလာမှာ စိုးရိမ်နေကြတယ်” ဟု ပြောသည်။