ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်း ရပ်ဝန်းသည် ယနေ့ညနေ ၄ နာရီခွဲ အချိန် တိုင်းတာ ချက် အရ ၂၄ နာရီအတွင်း မုန်တိုင်း အဆင့်သို့ ရောက်နိုင်ခြေရှိသည်ဟု သိရသည်။
အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်ဘက် ၅၁၅ မိုင် အကွာခန့်တွင်ဖြစ်ပေါ်နေပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တနာရီလျှင် ၂၅ မိုင် ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ သတင်းများကို ထုတ်လွှင့်သော MM weather Page လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
လေဖိအားနည်း ရပ်ဝန်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် နေရာအနှံ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေပြီး၊ မန္တလေးတိုင်း၊ ပဲခူး တိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးကလည်း ဧရာဝတီကို ပြောသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပွဲတော်ရာသီချိန် တခုဖြစ်သည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဘုံကထိန် ပဒေသာပင် အလှူခံပွဲ ကျင်းပနေသူများ စိုးရိမ်နေကြကြောင်း သိရသည်။
မီးထွန်းပွဲတော် ဈေးတန်းများတွင် ခင်ကျင်း ရောင်းချကြသည့် ဈေးသည်များ၊ ပွဲတော်အတွင်း ခင်ကျင်းပြသကြမည့် ကာတွန်း ရုပ်ပုံ ကားချပ်များ မိုးရွာသွန်းမှုကြောင့် ပျက်စီးပြီး ပွဲပျက်မည်ကို စိုးရိမ်နေရသည်ဟု ကာတွန်းရေးဆွဲပြသမည့်သူ တချိူ့က ပြောသည်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၁၃ လမ်းတွင် ကျင်းပနေသည့် ဦးဘဂျမ်း ကာတွန်းပြပွဲ၌ ပါဝင်တာဝန်ယူထားသည့် ကာတွန်း ဆရာ ဦးရွှေမင်းသားက “ကာတွန်း ၃၃၈ ပုံ ပြသထားပါတယ်။ မိုးရွာရင် ၁၃လမ်း အိမ်ရှင်တွေက ပြန်သိမ်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကာတွန်းများကို အရောင်မပျက်သည့် ဆေးဖြင့် ရေးဆွဲထားပြီး သုံးထပ်သားပေါ်တွင် ရေးဆွဲထားကြောင်း၊ တချိူ့ စက္ကူဖြင့် ရေးဆွဲထားသော ကာတွန်းကားချပ်များကို ပလတ်စတစ် ကပ်ထားသဖြင့် မိုးလေခံကြောင်းလည်း ဦးရွှေမင်းသားက ဆက်ပြောသည်။
နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက် အတွင်း ရွာသွန်းသော မိုးရေချိန်သည် ခန့်မှန်းချက်များအရ မြန်မာပြည် အောက်ပိုင်း ဒေသများတွင် မိုးရေချိန် ၇ လက်မမှ ၁၀ လက်မခန့်နှင့် ကျန်ဒေသများတွင် မိုးရေချိန် ၂ လက်မမှ ၃ လက်မ ခန့် ရှိနိုင်ကြောင်း၊ ယခုမိုးရွာသွန်းမှုသည် သီးနှံပင်များအတွက် ဖျက်မိုး ဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
“ဒီလို မိုးသည်းရင်တော့ တန်ဆောင်တိုင်ပွဲတွေ ကထိန်ပွဲတွေ ပျက်နိုင်တယ်။ ပွဲဈေး ရောင်းတဲ့သူတွေ အတွက်တော့ ခက်မယ်။ မိုးရွာတော့ ပွဲလာမယ့်သူ မရှိရင် သူတို့တွေ ရောင်းရမှာ မဟုတ်ဘူး။ တန်ဆောင်တိုင် လပြည့်ရက်မှာ ဘုရားသွားတဲ့ သူတွေကို အနှောင့်အယှက် ဖြစ်နိုင်တယ်”ဟု လမ်းမတော် မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီး တဦးက ပြောသည်။