နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်အတွင်းမှာပင် ပြင်ဆင်ဆောင်ရွက်ရန် သဘောတူညီခဲ့သည် ဆိုသည်မှာ လုံး၀ မဟုတ်မှန်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအား ဥပဒေနှင့် လွှတ်တော်အတွင်းမှာပင် ဆောင်ရွက်ကြရန် ဆိုသည်ကို အားလုံး သဘောတူ ဆွေးနွေးခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ကိုယ့်ထင်မြင်ချက်ကို ကိုယ် ပြောကြတာပါပဲ။ အားလုံးကနေပြီးတော့ ကိုယ့်အလှည့်နဲ့ကိုယ် ပြောသွားကြတာပဲ။ အာလုံးကနေပြီးတော့ သဘောတူလား၊ သဘောမတူဘူးလား ဆိုပြီးတော့ ဘာမှ မပြောပါဘူး။ အားလုံးပြောပြီး သွားတဲ့အခါမှာ သမ္မတကြီးက အထွေထွေ ရှိပါသေးလားဆိုတော့ ဘယ်သူကလည်း ဘာမှမပြောတော့ ဒါနဲ့ပဲ ပြီးသွားပါတယ်။ သဘောတူညီချက် ယူခဲ့တယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော် ပြင်ပတွင်လည်း ဆောင်ရွက်ခွင့် ရှိကြောင်း၊ ဆန္ဒပြခြင်းသည်လည်း ဒီမိုကရေစီ၏ အခွင့်အရေးပင် ဖြစ်ကြောင်း၊ ထို့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ လွှတ်တော်တခုတည်းဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း၊ အစိုးရအပြင် တပ်မတော်ပါ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ဆိုသည်။
“ကျမတို့ဟာ ပြည်သူလူထုကို အကျိုးှရှိစေမယ့် ဆွေးနွေးပွဲ ဖြစ်စေချင်လို့ ရှိရင် ကျမတို့ရဲ့ မပြေလည်မှုတွေကို နိုင်ငံရဲ့ အကျိုးကို ရှေ့တန်းတင်ပြီးတော့ ပြေလည်အောင် ကျမတို့ လုပ်ရမယ်။ လုပ်ရဲတဲ့ သတ္တိလည်း ရှိရမယ်။ လုပ်နိုင်တဲ့ ပညာဉာဏ်လည်း ရှိရမယ်။ နောက်ဆုံးကျတော့ ပြည်သူတွေက ဆုံးဖြတ်မှာပါ။ ကျမတို့ ပြည်သူတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင်ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
သူက ဆက်ပြီး “ ဆွေးနွေးပွဲရလဒ်မှာ အနိုင်ရတဲ့သူဟာ နိုင်ငံသူ နိုင်ငံသားတွေပဲ ဖြစ်ရမယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက် အကောင်းဆုံး အဖြေကို ရှာတာပဲ ဖြစ်ရမယ်လို့ ကျမပြောချင်တယ်” ဟု ဆိုသည်။
လွှတ်တော်အတွင်းမှနေ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရန် ဆိုသည်မှာ NLD ပါတီ၏ ရပ်တည်ချက်ပင် ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း၊ ဥပဒေဘောင် အတွင်းမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှန်မှန်ကန်ကန် လုပ်သွားနိုင်ရန် အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုကြောင်းလည်း ပြောသည်။
“ကျမတို့ကလည်း လွှတ်တော်ထဲမှာ ၄၆ ယောက်ပဲ ရှိတာ။ အဲဒီ ၄၆ ယောက်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု ရှိကြောင်း ပြောဆိုခဲ့သည့် အပြင် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကိုလည်း ဥက္ကကြီးက ဖြောင့်ဖြောင့် မတ်မတ်ပါပဲ ဟု ပြောဆိုခဲ့သည်။
သို့သော် ထိုသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း သိသာသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ မရှိခဲ့ပေ။
ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ “ ကျမကတော့ ကျမကိုယ်ကျမ အသုံးချခံရတယ်လို့ ဘယ်တော့မှ မထင်ဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်တာပါ။ အသုံးချခံတယ်ဆိုရင်လည်း ခံချင်လို့ ခံတာပါ။ ပြီးတော့ ရလဒ်မရှိခဲ့ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ ကျမတို့ရဲ့ NLD ဟာ လွှတ်တော်အတွင်းမှာလည်း လူ ၄၀ ကျော်ပဲ ရှိပါတယ်။ ၆၀၀ ကျော် လွှတ်တော်ထဲမှာ ရှိတဲ့အတွက် အင်မတန်မှ နည်းတဲ့ အရည်အတွက်ပါ။ ဒီလောက် နည်းတဲ့ အရည်အတွက် အနေနဲ့တောင်မှ ဒီလောက် ထိထိရောက်ရောက် အလုပ်လုပ်နိုင်တယ်ဆိုတော့ လွှတ်တော်အတွင်းမှာ ကျမတို့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ကျမအနေနဲ့ ကျေနပ်ပါတယ် ” ဟု ပြန်လည် ဖြေကြားခဲ့သည်။