မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားသော သတင်းထောက်ကိုပါကြီး၏ အလောင်းကို ယနေ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက် နေ့လည်တွင် ပြန်လည်တူးဖော်ခဲ့သည်။
ကျန်ရစ်သူ ဇနီး ဒေါ်သန္တာနှင့်အတူ တပ်မ ၂၂ မှ အရာရှိများ၊ စစ်သည်များ၊ ကျိုက်မရော ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မော်လမြိုင်ဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ ရန်ကုန်နာရေး ကူညီမှု အသင်းမှ လိုက်ပါ ကူညီသူများ၊ ရှေ့နေများ၊ မွန်အမျိုးသားပါတီဝင်များနှင့် သတင်းမီဒီယာများ ရှေ့တွင် ကိုပါကြီး အလောင်းကို ပြန်လည်ဖော်ယူခြင်း ဖြစ်သည်။
အလောင်းကို မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ သယ်ဆောင်ယူပြီး စစ်ဆေးနေသည်။ ဆေးစစ်ချက် မည်မျှကြာမြင့်ပြီး အများပြည်သူ သိရှိစေရန် ထုတ်ပြန်မည်၊ မထုတ်ပြန်ဆိုသည်ကို မသိရှိရသေးပေ။
အလောင်းတူးဖော်ရာတွင် ပါဝင်ခဲ့ပြီး မော်လမြိုင်ဆေးရုံသို့ ဝင်ရောက်ခွင့်ရခဲ့သော ရှေ့နေ ဦးရောဘတ်စန်းအောင်က မော်လမြိုင်ဆေးရုံတွင် ဆေးစစ်ချက်ယူပြီးနောက် ကိုပါကြီး၏ အလောင်းကို ကျန်ရစ်သူ မိသားစုက ရန်ကုန်သို့ ပြန်လည် သယ်ဆောင်ယူလိုကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“အလောင်းကို ပြန်ဖော်တဲ့ အခါမှာ ဦးခေါင်းချိုင့်နေတာ တွေ့ရတယ်။ မေးရိုးတွေ ကျိုးပြီး ရွဲ့စောင်းနေတယ်။ ညာဘက် ဒူးခေါင်းနားမှာ အညိုအမည်းနဲ့ ခြေသလုံးရိုး ကျိုးနေတာ တွေ့ရတယ်။ ဆေးရုံက စစ်ပြီးလို့ အလောင်း ပြန်ပေးမလားတော့ မသိဘူး။ ကျနော်တို့က အလောင်းပြန်သယ်ယူခွင့်ရတာနဲ့ ရန်ကုန်ပြန်သယ်ဖို့ အဆင်သင့် ပြင်ထားတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
ထို့အပြင် ကိုပါကြီး အလောင်းသည် သိပ်မပျက်ယွင်းသေးဘဲ တွေ့ရသည့် ဒဏ်ရာများကို ကြည့်လျှင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု မခန့်မှန်းနိုင်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသော်လည်း မွန်အမျိုးသားပါတီဝင် တဦးက ဧရာဝတီသို့ ပြောဆိုချက်မှာမူ ကိုပါကြီး ခေါင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံထားရသည်ဟု ယူဆရသော အပေါက်များကို တွေ့ရကြောင်း ဆိုသည်။
သို့သော် ဦးနေမျိုးဇင်ကမူ ဒီဗီဘီ သတင်းဌာနကို ပြောဆိုရာ” “ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ” ဟု ဆိုသည်။
ကျိုက်မရော မြို့နယ်ရှိ တပ်မ ၂၂ မှ စစ်သည်တချို့က ကိုပါကြီးသည် ထွက်ပြေးရန် ပြင်ပြီး အစောင့်စစ်သား၏ သေနတ်ကို လုယူသောကြောင့် ပစ်ခတ်ဖမ်းဆီးရခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။
ကိုပါကြီးကို ဖမ်းမိပြီးနောက်ပိုင်း ကြိုးတုပ်ခြင်း၊ လက်ထိပ်ခတ်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ DKBA အဖွဲ့မှ ဗိုလ်မှူး စောစန်းအောင်နှင့် ဆုတ်ခွာရာလမ်းကြောင်းကို ပြသစဉ် ထို့သို့ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း တပ်မ ၂၂ မှ အမည် မဖော်လိုသော အရာရှိတဦးက ပြောသည်။
“DKBA နဲ့ တိုက်ပွဲဖြစ်ခဲ့တာတော့ ကျနော်တို့ ကိုယ်တိုင် ပါဝင်ခဲ့ပေမယ့်၊ ကျနော့်လူတွေ အပြောအရ ကိုပါကြီးကို ကျိုက်မရော ဆိပ်ကမ်းမှာ ဖမ်းမိတယ်။ ရွှေဝါချောင်ကို ပြန်ခေါ်ပြီး DKBA တပ်တွေ ဆုတ်တဲ့လမ်းကို ပြရင်း ဒီလို ဖြစ်ရတာ။ သူက အပေါ့သွားချင်တယ် ဆိုတာနဲ့ လိုက်ပို့တဲ့ စစ်သားရဲ့ သေနတ်ကို လုလို့ ကျန်တဲ့ စစ်သား တယောက်က ပစ်လိုက်တာ” ဟု ဆိုသည်။
ကိုပါကြီးသည် ရွှေဝါချောင်ကျေးရွာတွင် အစိုးရစစ်တပ်ကိုပစ်ခတ်သော DKBA မှ ဗိုလ်မှူးစောစန်းအောင်နှင့် အတူ လိုက်ပါခဲ့သူ ဖြစ်ပြီး၊ ၎င်း အဖမ်းခံရပြီး ရွှေဝါချောင်သို့ ပြန်ရောက်သည် အထိ နှိပ်စက်ခံရသည့် အနေအထားကို မတွေ့ရကြောင်း ရွှေဝါချောင်ကျေးရွာ ဘုန်းတော်ကြီးက မိန့်ကြားသည်။
သို့ရာတွင် ကျေးရွာမှ ဆက်လက်ထွက်ခွာသွားပြီးနောက်ပိုင်း အခြေအနေများကို မိမိ မသိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“သူ့ကို ပြန်ဖမ်းမိလို့ ပြန်ခေါ်လာတာ၊ သူကတော့ အေးအေးဆေးဆေး စကားပြောနေတယ်။ စစ်တပ်က အရာရှိတွေ မေးတာကို ကောင်းကောင်းမွန်မွန် ပြန်ဖြေပါတယ်။ ဗိုလ်မှူးစောစန်းအောင်တို့ ပြန်ထွက်တဲ့ လမ်းကို သိလားလို့ မေးလို့ သိတယ်လို့ ဖြေတာပါ၊။ အဲဒါနဲ့ သူ့ကို ခေါ်ပြီးတော့ ရွာထဲက ထွက်သွားတာ။ သေတာကို မသိဘူး။ သတင်းတွေမှာ ပါမှ ဆရာတော်က သိရတာ” ဟု မိန့်သည်။