စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမား ၁၅၀၀၀ ကျော်ကို အစိုးရ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က တရားလိုပြုလုပ်၍ အမှုဖွင့် အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၁၃ ခုနှစ် မိုးစပါးနှင့် ဆောင်းစပါးစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပေးထားသည့် ချေးငွေပြန်မဆပ်သူ ၁၅,၄၇၂ ဦးရှိပြီး ငွေကြေးအားဖြင့် ကျပ် ၈ ဒသမ ၉ ဘီလီယံရှိကြောင်း၊ ချေးငွေ ပြန်ဆပ်ရန် စက်တင်ဘာလကုန်အထိ စောင့်ဆိုင်း ပေးခဲ့သော်လည်း သတ်မှတ်ချိန်ကျော်လွန်သည် အထိ ပေးဆပ်ခြင်းမရှိသည့်အတွက် အရေးယူရခြင်းဖြစ်ကြောင်း တိုင်း ဒေသကြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။
ထို့အပြင် သတ်မှတ်ချိန်ကျော်လွန်၍ ချေးငွေမဆပ်နိုင်သူများ၏ နေအိမ်များကို လေလံတင်ရောင်းချမည်ဟူသော ဝရမ်းကပ်ခြင်းနှင့် စိုက်ပျိုးရရှိထားသော စပါးများနှင့် ပတ်သက်၍ ဝရမ်းကပ်ခြင်းများလည်း ပြုလုပ်ကြောင်း သိရသည်။
“ချေးငွေပြန်မဆပ်တဲ့ လယ်သမားကို နီးရင် ၇ ရက်၊ ဝေးရင် ၁၀ ရက်၊ ၁၅ ရက် နို့တစ်စာ(သတိပေးစာ)ကို ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် အကြောင်းကြားပါတယ်။ ချေးငွေပြန်ဆပ်ဖို့ပေါ့နော်။ အဲဒါမှ လယ်သမားက မဆပ်ရင် သူပိုင်တဲ့အိမ် ဒါမှမဟုတ် သူ စိုက်ထားတဲ့ စပါးအားလုံးကို ဝရမ်းကပ်ပါတယ်။ ရိတ်ပြီး၊ ရောင်းပြီးရင် ဆပ်ဖို့ပြောထားပါတယ်။ ရိတ်ပြီး ရောင်းပြီးကာမှ မဆပ်ဘူး ဆိုရင်တော့ ယုံကြည်လို့အပ်နှံထားတဲ့ ပစ္စည်းကို အလွဲသုံးစားလုပ်မှု ပုဒ်မ ၄၀၆ နဲ့ အရေးယူသွားမှာပါ”ဟု ဦးခင်မောင်လွင် က ရှင်း ပြသည်။
ချေးငွေမဆပ်သဖြင့် အရေးယူဆောင်ရွက်နေသည့် မြို့နယ်များမှာ ပုသိမ်ခရိုင်တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ရေကြည်၊ ဟင်္သာတခရိုင်တွင် အင်္ဂပူ၊ လေးမျက်နှာ၊ မြောင်းမြခရိုင်တွင် မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာခရိုင်တွင် လပွတ္တာနှင့် မော်လမြိုင်ကျွန်း၊ မအူပင်ခရိုင်တွင် မအူပင်၊ ပန်းတနော်နှင့် ဖျာပုံခရိုင်တွင် ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်များဖြစ်ကြောင်း တိုင်း လယ်ယာ ဘဏ်က ထုတ်ပြန်ထားသည်။
စိုက်ပျိုးစရိတ်ချေးငွေ လိမ်လည်ထုတ်ယူသူများကိုလည်း အမြန်ဆုံးပြန်လည်ပေးဆပ်ရန် သတိပေး အကြောင်းကြားထားပြီး သတ် မှတ်ချိန် ကျော်သည်အထိ လာရောက်ပေးဆပ်ခြင်းမရှိပါက ရာဇဝတ်ပုဒ်မ ၄၂၀(လိမ်လည်မှု) ဖြင့် မြို့နယ်ဘဏ်မန်နေဂျာများက တရားလိုပြုလုပ်၍ အမှုဖွင့် တရားစွဲဆိုသွားရန် ညွှန်ကြားထားကြောင်း၊ လက်ရှိတွင် မအူပင်မြို့နယ်၌ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူနေကြောင်း ဦးခင်မောင်လွင်က ပြောသည်။
“ချေးငွေလိမ်ထုတ်သူတွေကို ချက်ချင်း အရေးယူတာမျိုး ကျနော်တို့ မလုပ်ပါဘူး။ အဲဒီလယ်သမားကို အထောက်အထားနဲ့တကွ သူ လိမ်ထုတ်ထားကြောင်း သေချာပြောဆိုပြီးမှ ၅ ရက်အတွင်း မဟုတ်ရင် ၁၀ ရက် အတွင်း ပြန်ဆပ်ဖို့ ပြောပါတယ်။ အဲဒီရက် အတွင်း ပြန်ဆပ်ရင် အမှုမဖွင့်ပါဘူး။ ပြန်မဆပ်မှ အမှုဖွင့်တာပါ။ လက်ရှိတော့ မအူပင်မှာ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ဆောင်ရွက် နေတာ တွေ ရှိပါတယ်”ဟု သူက ပြောပြသည်။
စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့်ဖြစ်ရပ်များမှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မအူပင်နှင့် လပွတ္တာမြို့နယ် ၂ ခုသာချေးငွေအကြေဆပ်ရန် ကျန်ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင် ဧရာဝတီတိုင်း မြို့နယ် ၂၆ မြို့နယ်အနက် တိုင်းအစိုးရရုံးစိုက်သည့် ပုသိမ်မြို့ အပါအဝင် မြို့နယ် ၁၆ မြို့နယ်မှာ ချေးငွေ အကြေဆပ်ရန် ပျက်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဧရာဝတီတိုင်းတွင် စိုက်ပျိုးစရိတ်ပြန်မဆပ်သူ အများဆုံးမြို့နယ်မှာ ဘိုကလေးမြို့နယ်ဖြစ်ပြီး ချေးငွေမဆပ်သူ လယ်သမားဦးရေ ၅၉၉၀ ရှိကြောင်း၊ လပွတ္တာမြို့နယ်မှာ ၁၈၈၉ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေပြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ ၁၅၃၆ ဦးဖြင့် တတိယ နေရာတွင် ရှိကြောင်း တိုင်း လယ်ယာဘဏ်၏ စာရင်းများ အရ သိရသည်။
ပုသိမ်မြို့နယ် အမှတ် ၉ ရပ်ကွက်မှ လယ်သမားတဦးက“လယ်သမားတွေက မိုးရာသီရောက်လို့ စပါးစိုက်ရမယ့် အချိန်မှာ အစိုးရ ဘဏ်ချေးငွေက မရဘူး။ ချေးငွေရတာ နောက်ကျနေတာပေါ့။ အဲဒီတော့ အပြင်ကနေ အတိုးကြီးကြီးနဲ့ယူပြီး စိုက်ပျိုးရတယ်။ အစိုးရဘဏ်ကနေ ချေးငွေထုတ်တော့လည်း အသုံးစရိတ်ထဲ ပါသွားပြီး စပါးပေါ်တော့ အပြင်က ချေးထားတဲ့လူကို ဆပ်လိုက်ရ တယ်။ အဲဒီမှာ ဘဏ်ချေးငွေကို မဆပ်နိုင်ဘူး ဖြစ်တာပေါ့။ တချို့ ကျတော့လည်း ချေးငွေတွေကို တခြားနည်းလမ်းနဲ့ သုံးပစ်တာ တွေရှိတယ်။ ရွှေဝယ်တယ်၊ ဆိုင်ကယ်ဝယ်တယ်။ အဲဒီတော့ ပြန် ဆပ် ချိန်ကျ မဆပ်နိုင်တော့ဘူး”ဟု ပြောသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို နိုင်ငံတော်ဗဟိုဘဏ်မှ အစိုးရပိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ချေးယူ၍ လယ်သမားများထံ အတိုးနှုန်း ၁၀၀ ကျပ်လျှင် ၄၈ ပြားနှုန်းဖြင့် လယ် ၁ ဧက ကျပ် ၁ သိန်းနှုန်း ထုတ်ချေးခြင်း ဖြစ်သည်။
“ချေးငွေပြန်မဆပ်တဲ့လူ များလာရင် ချေးငွေလမ်းကြောင်း ပိတ်ဆို့သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်လာလို့ အစိုးရက လယ်သမားကို
စိုက်ပျိုးစရိတ် ထုတ်မချေးနိုင်တော့ဘူးဆိုရင် အဆုံးသတ်မှာ လယ်သမားတွေပဲ နစ်နာ ပါလိမ့်မယ်”ဟု တိုင်း လယ်ယာဖွံ့ဖြိုးရေး ဘဏ် မန်နေဂျာ ဦးခင်မောင်လွင်က ပြောသည်။
လက်ရှိတွင် မိုးစပါးစိုက်ပျိုးရန်အတွက် တိုင်း လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ဧရာဝတီတိုင်းအတွင်းရှိ လယ်ဧက ၂၃ သိန်းကျော် အတွက် စိုက်ပျိုးစရိတ် ကျပ် ၂၃၄ ဘီလီယံ ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။