ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူ ၇ ဦးကို ရွေးကောက် ပွဲ စည်းမျဉ်းဥပဒေနှင့် မကိုက်ညီသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများတွင် ၇ ဦးသည် သတ်မှတ်ထားသည့် စည်းမျဉ်း ဥပဒေများနှင့် ကိုက်ညီမှု မရှိသဖြင့် ယှဉ်ပြိုင်ခွင့် ရုပ်သိမ်း လိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည်။
စည်ပင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဇင်မင်းက“အသက် မပြည့်တာ၊ နေထိုင်မှုတွေမှာ သတ်မှတ်စည်းမျဉ်း မကိုက်ညီတာ တွေကြောင့် ဝင်ရောက်ရွေးချယ်ခွင့်မရတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ သတ်မှတ် ဥပဒေတွေအတိုင်း ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ရွေးတာမျိုး မရှိပါဘူး”ဟု ပြောသည်။
တခြားသော ယှဉ်ပြိုင်သူ ၇ ဦးသည်လည်း ၎င်းတို့၏ သဘောဆန္ဒအရ နုတ်ထွက်သွားကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က လျှောက်ထားသူ ၃၀၅ ဦးကို အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် စိစစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်တွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရသူများစာရင်းကို စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့သည့် လျှောက်လွှာ တင်ထားသူများတွင် တိုင်းဒေသကြီး စည်ပင်ရွေးကောက်ပွဲ ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၄ ဦး၊ ခရိုင်စည်ပင် ရွေးကောက်ပွဲ ကော်မတီဝင် အဖြစ် ဝင်ရောက်ဝင်ပြိုင်သူ ၁ ဦး၊ မြို့နယ်စည်ပင် ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၉ ဦး စုစုပေါင်း ၁၄ ဦး ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း ၂၉၁ ဦး၏စာရင်းကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များ၌ ကြေညာပေးမည် ဖြစ်ပြီး ထိုကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးခွင့်ရပြီးနောက် လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု ဦးဇင်မင်းက ပြောသည်။
ကိုယ်စားလှယ်လောင်းများကို အသက်ကန့်သတ်ချက် အရ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အရွေးခံမည့်သူသည် အသက် ၃၅ မှ ၅၅ နှစ် အတွင်း၊ ခရိုင် ကော်မတီဝင်အဖြစ် အရွေးခံမည့်သူသည် အသက် ၄၀ မှ ၆၀ အတွင်း၊ တိုင်း ကော်မတီဝင် အဖြစ် အရွေးခံမည့်သူသည် အသက် ၄၅ မှ ၆၅ နှစ် အတွင်း ရှိသူများသာ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် အသက် ထက် ကျော်လွန်သူများသည် ရွေးကောက်ခံခွင့်မှ ရုပ်သိမ်းခံရမည် ဖြစ်ကြောင်း သိရသည်။
ရုပ်သိမ်းခံရသည့် အခြားအချက် တခုတွင် လျှောက်ထားသူ၏ နေထိုင်ရာမြို့နယ် သက်တမ်းသတ်မှတ်ချက်ကြောင့် ရုပ်သိမ်း ခံရသူများ စာရင်းတွင် ပါဝင်ကြောင်း၊ သတ်မှတ်ချက်အရ ဝင်ရောက်ယှဉ်ပြိုင်သူ အနေဖြင့် ယှဉ်ပြိုင်မည့် မြို့နယ်တွင် ၁၀ နှစ် သက်တမ်း နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ထို ၁၀ နှစ် နေထိုင်ရမည် ဆိုသည့် အချက်ကို ကိုယ်စားလှယ် တချို့က ဝေဖန်လျက် ရှိသည်။
“ကျနော် မပါဘူး ကြားတယ်။ တိုင်းကော်မတီဝင် အနေနဲ့ လျှောက်တာပါ။ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ကနေ ဝင်ပြိုင်ဖို့ တင်ထား ခဲ့တာ။ ကျနော့်ကို မရွေးတဲ့ အချက်က အခုနေနေတဲ့ ဒဂုံမှာ ၁၀ နှစ် နေတာ မဟုတ်လို့ ဆိုတဲ့အချက်က မတရားပါဘူး။ ကျနော်နေ တာက အနောက်ပိုင်းခရိုင်၊ အခုနေတဲ့ ဒဂုံမှာ ၁၀ နှစ် မပြည့်တာပါ။ အရင် ခရိုင်တူ မြို့နယ် ကျောက်တံတားမှာ ၁၀ နှစ်ကျော် နေခဲ့ တာပါ။ ကျနော်လျှောက်တာ မြို့နယ် မဟုတ်ပါဘူး။ တိုင်းကော်မတီဝင် လျှောက်တာပါ။ မြို့နယ်မို့ ၁၀ နှစ်နေမှဆို မှန်တယ်။ ကျနော် က ခရိုင်တခုတည်းမှာ နေလာခဲ့တာ သတ်မှတ်တဲ့ ၁၀ နှစ်ထက် ကျော်ပါတယ်။ ဒါက မတရားပါဘူး”ဟု ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရုပ်သိမ်းခံရသည့် ဦးဝင်းချိုက ဧရာဝတီကို ပြောသည်။
ဦးဝင်းချိုကို ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခွင့် ရုပ်သိမ်းသည့်စာရင်းတွင် ပါဝင်သည်ဟု အနောက်ပိုင်း ခရိုင်မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အဆင့်ဆင့် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများ အတွက် သတ်မှတ်ထားသည့် အသက် ကန့်သတ်ချက်၊ နိုင်ငံ့ဝန်ထမ်း မဖြစ်ရခြင်း၊ ပြစ်မှု တခုခုကြောင့် ထောင်ဒဏ် ကျခံနေရသူ မဖြစ်ရခြင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခံရသူ မဖြစ်ရခြင်း စသည့် အချက် ၂၀ ကျော် ပါဝင်နေခြင်းသည် မျှတလွတ် လပ်မှု မရှိဟု ကိုယ်စားလှယ်လောင်း တချိူ့က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အဆင့်ဆင့် ရွေးချယ်ရာ၌ ပြည်သူ့ ကိုယ်စားလှယ် ၄ ဦး၊ ခရိုင်တခုလျှင် ၃ ဦးနှုန်းဖြင့် ခရိုင် ၄ ခုမှ စုစုပေါင်း ၁၂ ဦး၊ မြို့နယ်တခုလျှင် ၃ ဦးနှုန်းနှင့် မြို့နယ် ၃၂ ခု အတွက် ၉၉ ဦး စသည်ဖြင့် ၁၁၅ ဦး ရွေးချယ် မည် ဖြစ်ကြောင်း သိရသည်။