ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများရဲ့ တရားမျှတရေးအတွက် လိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းတွေက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
လိပ်ကျွန်း လူသတ်မှု တရားခံတွေ အဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦးရဲ့ မိဘတွေကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံကို ပြန်ရာ ရန်ကုန် မင်္ဂလာဒုံလေဆိပ် အရောက်မှာ လဝက ဝန်ထမ်းတွေက ဦးကျော်သောင်းကို ရုံးခန်းထဲ ခေါ်ယူပြီး မြန်မာအစိုးရရဲ့ (Black List) နာမည်ပျက် စာရင်းသွင်းထားတယ်လို့ ခြိမ်းခြောက် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“မင်္ဂလာဒုံ လေယာဉ်ကွင်း လဝကကို ဖြတ်တဲ့ အခါမှာ ခင်ဗျားကို Black List ထည့်ထားတယ်တဲ့။ ကျနော် တော်တော့်ကို အံ့သြသွားတယ်။ ဘယ်သူသွင်းထားတာလည်း မေးတော့ ဟိုဖုန်းဆက်၊ ဒီဖုန်းဆက်နဲ့ ၅ မိနစ်လောက် ကြာတော့ လေဆိပ်မှာရှိတဲ့ လဝက ရုံးထဲကိုခေါ်ပြီး မေးတယ်” လို့ ဦးကျော်သောင်းက ဧရာဝတီကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်လေဆိပ်ရှိ လဝကရုံးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာတော့ ဖြစ်စဉ်ကို တိတိ ကျကျ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပြီး လူမှားပြီး စစ်ဆေးတာမျိုး ဖြစ်ဖွယ်ရှိတယ်လို့ တာဝန်ကျ လဝက အရာရှိ တဦးက ပြောဆိုပါတယ်။
“ကျနော်က အခုမှ ဂျူတီချိန်းတာပါ။ သူ့ကို စစ်ဆေးတာတွေ လုပ်တယ်၊ မလုပ်ဘူးဆိုတာ ဒီမှာ စာရင်း မရှိပါဘူး။ Black List ထဲမှာ ရှိနေတဲ့ ဦးကျော်သောင်းနဲ့ ဒီဦးကျော်သောင်းနဲ့ နာမည်တူနေလို့ မေးမြန်းကြည့်တာမျိုးပဲ ဖြစ်နိုင်ပါတယ်” လို့ အမည်မဖော်လို့တဲ့ လဝက အရာရှိ တဦးက ဧရာဝတီကို ပြောပါတယ်။
လဝက ဝန်ထမ်းတွေက ဦးကျော်သောင်းကို မေးမြန်မှုတွေ ပြုလုပ်တဲ့အခါ အစိုးရ ဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ Black List မျိုး မဟုတ်ဘဲ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) စာပို့ တိုင်တန်းထားမှု အပေါ်မှာ လေဆိပ် လဝက အဖွဲ့က သူ့ကို ဒီလို လုပ်ဆောင်တာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဦးကျော်သောင်းက ဆိုပါတယ်။
“ကျနော်တို့နိုင်ငံက လဝကကို တော်တော်လေး အံ့သြသွားတယ်ဗျာ။ တော်တော်လေးလဲ စိတ်ကုန်သွားတယ်။ MOEAF ဆိုတာ အစိုးရက တရားဝင် ပြည်ပ အလုပ်သမား ပို့ဆောင်ခွင့် လိုင်စင်တောင် ရသေးတာ မဟုတ်ဘူး။ ဒီလို လူတွေခိုင်းတာကို စိစစ်မှု မရှိဘဲကျနော့်ကို ဒီလိုလုပ်တာ” လို့ ဦးကျော်သောင်းက ပြောပါတယ်။
ဦးကျော်သောင်းဟာ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးက တရားဝင် ဖွဲ့စည်းပေးထားတဲ့ လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေး အဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီမှာ အဖွဲ့ဝင် တဦး အဖြစ် ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ (MAT) ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက် နေတဲ့ ဦးကျော်သောင်းကို အလုပ်သမား ပို့ဆောင်နေတဲ့ အေဂျင်စီတွေက ပုဂ္ဂိုလ်ရေးအရ ကျေနပ်မှု မရှိဘူးလို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
“တကယ်တော့ ကိုကျော်သောင်းက အလုပ်သမားတွေ အပေါ်မှာ အေဂျင်စီတွေက တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေကို ဖော်ထုတ်တယ်။ ဒါတွေကို အေဂျင်စီတွေက မကျေနပ်ဘူး။ ခုကိစ္စမှ အလုပ်သမား အေဂျင်စီတွေကတိုင်လို့ လဝကက လုပ်ရတယ် ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” လို့ ဦးထူးချစ်က ဧရာဝတီကို ပြောပါတယ်။
ဦးကျော်သောင်း ဦးဆောင်တဲ့ MAT အဖွဲ့ဟာ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ အတွင်းမှာ တရားမဝင် လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သားတွေကို ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဌာန (DSI) ရဲ့ အကူအညီနဲ့ ကယ်ဆယ်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဦးကျော်သောင်းက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူ ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) တို့ကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။