“နိုင်ငံရေး ပရဟိတကိုပဲ တဖက်တလမ်းက ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်မယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးရေး အသင်း (ယာယီ) တည်ထောင်သူ ဒေါ်ကေခိုင်အောင်ခင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) ကိုယ်စားလှယ်အနေဖြင့် ရန်ကုန်မြို့ လသာမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ တဦးဖြစ်သည်။

ဒေါ်ကေခိုင်အောင်ခင်သည် ၂၀၁၂ ခုနှစ်က ယာဉ်လိုင်း ၅ ခုကို အမျိုးသမီးများအတွက် သီးသန့်ပြေးဆွဲပေးရန် ဆောင်ရွက်ခဲ့သူ ဖြစ် သည်။ လက်ရှိတွင်လည်း ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်ဆောင်ရွက် နေ သည်။

ထိုသို့ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် နှင့် အမျိုးသမီး ယာဉ်မောင်းများ ပေါ်ထွက်လာရန် အတွက် လုပ်ဆောင် ပေးနေသည့် ဒေါ်ကေခိုင်အောင်ခင်အား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။

မေး။   ။ အမျိုးသမီးတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ အတွက် ဘယ်အချိန် ကစပြီး လုပ်ဆောင်ခဲ့တာလဲ။

ဖြေ။   ။ ဒီလုပ်ငန်းကို စခဲ့တာကတော့ အမျိုးသမီးတွေ နိုင်ငံခြားမှာ တရားဝင်လုပ်ပိုင်ခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းတွေ ဖတ်ရတယ်။ အရင်ကတော့ တရားဝင် ခွင့်ပြုတာတွေ မရှိခဲ့ဘူး။ တရားဝင် ခွင့်မပြုခင်တုန်းက သွားတဲ့ အခါမှာ ကိုယ့်အမျိုးသမီးတွေ ထိခိုက်လာ ရင် ဘယ်သူမှဖြေရှင်းပေးမှာ မဟုတ်ဘူးပေါ့ နော်။ တရားဝင် ခွင့်ပြုလိုက်တဲ့အခါတော့ ကိုယ့်အမျိုးသမီးတွေကို ဒုက္ခပေးလို့ မရတော့ ဘူးပေါ့။ အဲ့ဒါကြောင့် တရားဝင် အဖြစ် ခွင့်ပြုလိုက်တာကို လက်ခံတယ်။

ဒါပေမယ့် ကိုယ့်အမျိုးသမီးတွေက တခြားနိုင်ငံမှာ အိမ်ဖော်သွားလုပ်တာ မပြေလည်တာတွေကို တွေ့ရတယ်။ လစာ ကတော့ များပေမယ့် နှစ်ဘက် အေးဂျင်စီ(အလုပ်ရှာဖွေပေးတဲ့ အေးဂျင်စီ) တွေက ဖြတ်တာတွေရှိသေးတယ်။ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေ တော်တော်များများက သွားလုပ်ပါတယ်။ စိတ်ချမ်းသာတာတွေကိုတော့ မတွေ့ရဘူး။ အတိုက်အခိုက်တွေ အစော်ကား ခံရတာတွေလည်း များတယ်။ ကျမအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့တယ်။ ဘာလုပ်ပေးရမယ် မှန်းလည်း မသိဘူး။

အဲ့ဒါနဲ့ အမျိုးသမီး ယာဉ်မောင်းတွေကို လုပ်ပေးရင်ကောင်းမယ် ဆိုတဲ့ အတွေးတခုဝင်လာပြီး အမျိုးသမီး ယာဉ်မောင်းတွေ လစာ ဘယ်လောက်ရမယ် ဆိုတာ မေးတော့ ကျပ်တသိန်းခွဲ နှစ်သိန်းလောက် ရမယ်ပေါ့ ကျွမ်းကျင်တဲ့ အဆင့်ပေါ့။ အဲ့ဒါဆိုရင်တော့ နိုင်ငံခြားမှာ သွားရောက်တဲ့ အမျိုးသမီးတွေ သုံးသိန်းခွဲလောက် ရတယ် ဆိုပေမယ့် အိမ်ကို တကယ် ပြန်ပို့နိုင်ရင် ၅ သောင်းလောက်ပဲ ပို့နိုင်တယ်။ သေချာအောင် မေးကြည့်တာပေါ့။

အဲ့ဒါကြောင့် ဒီနိုင်ငံထဲမှာပဲ ယာဉ်မောင်း ကျွမ်းမယ် ဆိုရင် တသိန်းခွဲ၊ နှစ်သိန်းခွဲလောက်ရရင် အိမ်ကို တသိန်းလောက် ပြန်ပေးနိုင် တယ် ပေါ့ ။ ဒါဆို အမျိုးသမီးတွေ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နိုင်တယ် ဆိုပြီး အကောင်အထည် ဖော်လိုက်တာပါ။  အောက်တိုဘာ လမှာ အကောင်အထည် ဖော်တာပါ။

မေး။   ။ ဘာကြောင့် အမျိုသမီး ယာဉ်မောင်းကို ရွေးချယ်ပြီးတော့ လုပ်ဆောင်ပေးတာလဲ။

ဖြေ။   ။ ယာဉ်မောင်း တခုတည်းကပဲ လစာ တော်တော်များများ ရတယ်။ သူတို့အနေနဲ့ လုပ်ငန်း အခွင့်အလမ်း နည်းပါးပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးတွေပေါ့။ ပညာရေးမှာလည်း နိမ့်ကျတယ်။  စာ ရေးနိုင် ဖတ်နိုင်ရှိမယ်ဆိုရင် မိန်းကလေးတွေက အိမ် ဖော် အလုပ်ပဲ လုပ်လို့ရတယ်။ အိမ်ဖော်အလုပ် မလုပ်ရင် KTV တို့ အနှိပ်ခန်းတို့ ရောက်သွားတယ်။ အဲ့ဒါမျိုးတွေကို သိနေတဲ့ အခါကျတော့ KTV လည်းမရောက်စေချင်ဘူး။ အနှိပ်ခန်းလည်း မရောက်စေချင်ဘူး။ ဒီအလုပ်က KTV လည်း သွားစရာမလိုဘူး။ အနှိပ် ခန်းလည်း သွားစရာမလိုဘူး။ ဒါဆို ယာဉ်မောင်းလုပ်ရင်းနဲ့ ကုမ္ပဏီယာဉ်တွေ၊ အိမ်ကားတွေ၊ ကျောင်းကားတွေ မောင်းမယ် ပေါ့။

အဲ့ဒါဟာ သူတို့ အတွက် လစာ တသိန်းခွဲ၊ နှစ်သိန်းလောက် ရမယ်။ ဒီယာဉ်မောင်း အတတ်သင်ကို သင်ပေးမယ် ဆိုတဲ့စိတ်နဲ့ အမျိုးသမီးတွေကို ယာဉ်မောင်း တတ်ရောက်ခွင့် ပေးတာပါ။ သင်တန်းကျောင်းကတော့ သူတို့ လိုင်စင်ရတဲ့ အထိ ကျပ် ၇ သောင်းခွဲ ရှိတယ်။ ဒါပေမယ့် သင်တန်းကျောင်းက တဝက် လျှော့ပေးတယ်။ ကျမက တဝက်ပေး ပေးတာပေါ့။ ကျမကိုယ်ပိုင်ငွေနဲ့ စိုက်ပြီး သင် ပေးတာပါ။ အခုတော့ ရန်ကုန်မြို့နယ် အတွင်းပဲ လုပ်ပေးနိုင်သေးတယ်။ နောင် အဆင်ပြေလာရင် နယ်ကအမျိုးသမီးတွေကို ခေါ်ပြီး တော့ အဆောင် ထားတာတွေ ပြုလုပ်ပေး နိုင်မယ်၊ ထားလို့ ရမယ်။

မေး။   ။ ယာဉ်မောင်းအလုပ်က အမျိုးသမီးတွေ အတွက် တကယ်ကို ယုံကြည်စိတ်ချမယ့် အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။   ။ နေရာတိုင်းမှာ အမျိုးသမီးတွေ အတွက်တော့ အန္တရာယ် ရှိပါတယ်။ ဒီလို အစိုးရကလည်း အမျိုးသမီးတွေကို လုံခြုံနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးမယ် ဆိုရင် လုံခြုံမှု ရှိမှာပါ။ လောလောဆယ်ကတော့ ကျမ စဉ်းစားထားတာကတော့ တယ်လီဖုန်းတွေ ကိုင်နိုင်ပြီ ဆိုတော့ တခုခုဖြစ်ရင် ကျမတို့ကို ဖုန်းလှမ်းဆက်လို့ ရတယ်။ ကျမတို့က သူတို့ရောက်တဲ့နေရာကို ရဲစခန်းကို အကြောင်းကြား ပြီး အကူအညီ တောင်းမယ်ပေါ့။ အန္တရာယ် ဖြစ်မယ် ဆိုရင် အဲ့ဒီလိုလုပ်ဖို့ပဲ စဉ်းစားရသေးတယ်။

မေး။   ။ ဒီအဖွဲ့အစည်းက လူဘယ်နှယောက်နဲ့ စတင်လည်ပတ်ပါသလဲ။

ဖြေ။       ။ ဒီအဖွဲ့ စဖွဲ့တော့ ကျမ တယောက်တည်းနဲ့ လည်ပတ်တာပါ။ ပြီးတော့ ကျမရဲ့ သမီးနဲ့ ကျမသူငယ်ချင်း သမီးတွေက အကူအညီပေးလာ ပါတယ်။ အခုတော့ ကျမရဲ့ သူငယ်ချင်းတွေလည်း ပါဝင်လာပါတယ်။ ကျမတို့ အဖွဲ့ယာယီ အဖွဲ့အစည်းအနေနဲ့ တင်တဲ့အခါမှာ ၉ ယောက် ပြည့်အောင် တင်ထားပါတယ်။

မေး။   ။ ဒီအဖွဲ့အစည်း အနေနဲ့ရော ငွေကြေး ဘယ်လောက် မတည်ထားတာလဲ။

ဖြေ။   ။ ငွေကြေး သိန်း ၅၀ နဲ့ မတည်နိုင်တယ်။ လစဉ် ကုန်ကျ စရိတ် ကတော့ ကျမ တလကို ၅ သိန်းနဲ့ ၁၀ သိန်းအထိ စဉ်းစား ထား ပါတယ်။ ကျမမှာ အစီရင်ခံစာရေးပြီး တင်ပြတာတွေ မရှိဘူး။ NGO တွေ အလှူရှင်တွေထံလည်း တောင်းဖို့ မရှိပါဘူး။ အစိုးရ ဆီကနေလည်း ဘာတောင်းမယ် ညာတောင်းမယ် ဆိုတာလည်း မရှိပါဘူး။ ကျမအနေနဲ့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ပါမယ်။

အလှူရှင်တွေက လာလှူရင် လွတ်လွတ်ကင်းကင်းနဲ့ လာလှူမယ် ဆိုရင်တော့ အမျိုးသမီး အတွက်ပဲသုံးမယ်။ ဒါပေမယ့် လိုအပ်နေ တဲ့ အမျိုးသားတွေ အတွက်လည်း ကူညီပံ့ပိုး သွားမှာပါ။ အဓိကတော့ မိန်းကလေးတွေပေါ့။ ဆင်းရဲနွမ်းပါးပြီး ပညာရေးမှာ အခက် အခဲရှိ မယ်။ တဝက်တပြက်နဲ့ ဘဝကို ဆုံးရှုံး မခံချင်တာပေါ့နော်။ မိန်းကလေးတွေကို ကြည့်လိုက်မယ် ဆိုရင် KTV တို့၊ အနှိပ်ခန်း တို့မှာ အရမ်းများတယ်။ ဒါကြောင့် မိန်းကလေးတွေကို ဦးစားပေးရတာပါ။

မေး။   ။ ယာဉ်မောင်း သင်တန်းကို လူဦးရေ ဘယ်နှဦးလောက် စတင်ပို့ဆောင်မှာလဲ။

ဖြေ။   ။ ကျမ နိုင်သလောက် တလကို လူဦးရေ ၁၀ ဦးပဲ ပို့မှာပါ။ သင်တန်းက တလပေါ့။ ပထမပတ်မှာတော့ စက်မဲ့ ယာဉ်မောင်းနဲ့ စာတွေ့ပါ။ ကျန်သုံးပတ်မှာတော့ လက်တွေ့ သင်မောင်းနဲ့ မြို့ထဲ မောင်းပေါ့။

မေး။   ။ ယာဉ်မောင်း သင်တန်းပြီးတော့ အလုပ်အကိုင် ဝင်တဲ့ အခါမှာရော အန်တီ့အနေနဲ့ ဘယ်လို ကူညီ ဆောင်ရွက် ပေးသွားမှာလဲ။

ဖြေ။   ။ ကျမဆီကို အမျိုးသမီး ယာဉ်မောင်း လိုချင်တဲ့ အိမ်တွေ၊ ကုမ္ပဏီတွေ၊ နောက်ပြီးကျောင်းတွေက လာလျှောက်ပေါ့။ အဲဒီမှာ ကျမတို့က ကျွမ်းကျင်တဲ့သူတွေကို လွှတ်ပေးမယ်။ လွှတ်ပေးရင်လည်း ကျမက ယာဉ်မောင်း အမျိုးသမီးတွေဆီက အခကြေးငွေ မယူပါဘူး။ ဘာအကျိုးမှလည်း မယူဘူး။ လာခေါ်တဲ့သူတွေ ကုမ္ပဏီတွေ ဆီကပဲ တလစာရဲ့ တဝက်ကို ကျမကို ပေးရမယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလစာ ကနေပြီး အခြားအမျိုးသမီးတွေကို ထပ်သင်လို့ ရအောင်ပါ။

မေး။   ။ ယာဉ်မောင်း အမျိုးသမီးတွေ ရမယ့် လစာကိုရော အန်တီ့အနေနဲ့ ညှိနှိုင်းပေးမှာလား။

ဖြေ။   ။ ဟုတ်ပါတယ်။ ကျမတို့ဘက်က နေပြီးတော့ လစာ အတွက် ညှိနှိုင်း ဆောင်ရွက်ပေးမှာပါ။ စ,လက်ခံရင် တသိန်း နှစ် သောင်း ပေါ့။ ၆ လ ပြည့်ရင် တသိန်းခွဲပေါ့။ ကျန်တဲ့ ဟာကတော့ သုံးသိန်းအထိ ရအောင်တောင်းဆို ပေးမှာပါ။

မေး။   ။ အမျိုးသမီး အငှားယာဉ်လိုင်းတွေ လုပ်ဖို့ရော အစီအစဉ် ရှိပါသလား။

ဖြေ။   ။ ဟုတ်ကဲ့ ကျမမှာ အစီအစဉ် ရှိပါတယ်။ အဲ့ဒီရည်ရွယ်ချက်က အကြီးကြီး ပါပဲ။ အခု ကျွမ်းကျင် ယာဉ်မောင်း သင်တန်း တက်တဲ့ အမျိုးသမီးတွေက နောက် ၂ နှစ် ဆိုရင် အညိုလိုင်စင် ရမယ်။ အညိုလိုင်စင် ဆိုရင် အငှားယာဉ်မောင်းတွေ မောင်းလို့ရမယ်။ ကျမ စိတ်ကူးရှိပါတယ်။

မေး။   ။ အလုပ်အကိုင် အခွင့်အလမ်း လျှောက်တဲ့ အခါမှာ အမျိုးသားတွေကို ဦးစားပေးခေါ်တဲ့ အပေါ်ရော ဘယ်လိုမြင် ပါသလဲ။

ဖြေ။   ။ ကမ္ဘာနဲ့ ယှဉ်ပြောရရင် ကမ္ဘာဦးကတည်းက အမျိုးသားတွေက ကြံ့ခိုင်တယ်။ တခုခု ဆိုရင် စိတ်ဓာတ်က ပြတ်သားတယ်။ ဦးဆောင်နိုင်မှု ပေးနိုင်တယ်လို့ ယူဆထားကြတယ်။ အမျိုးသမီးတွေက အားနွဲ့တယ်။ နောက် တခုခုဆိုရင် ဆုံးဖြတ်ချက်ကို ချက်ချင်း မချနိုင်ဘူး။ မိခင်စိတ် ရှိတယ်ပေါ့။ သနားတတ်တယ် ကြောက်တတ်တယ် ပေါ့။ အဲ့ဒါကို အခြေခံပြီး အမျိုးသမီးက မဖြစ်နိုင်ပါဘူး၊ အမျိုးသမီးတွေ အပြင်ထွက် လုပ်ရင် ဘယ်လောက်ရမှာလဲ။

အန္တရာယ်လည်း ရှိတယ်။ သူတို့ ခွန်အားလည်း ငယ်တယ်။ ကြောက်လည်း ကြောက်တတ်တယ် ဆိုပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်လာရင် သဘာဝအရ အမျိုးသမီးတွေကို စိတ်ပူကြတယ်။ ဒါကြောင့် အမျိုးသမီးတွေက အမြဲတမ်း နောက် ရောက် သွားကြတယ်။ တကယ်တော့ စိတ်ဓာတ်ခွန်အား လိုတယ်။ အမျိုးသားနဲ့ ရင်ပေါင်တန်းတယ် ဆိုတာ ကိုယ်လုပ်မှ ဖြစ်တာ ဘယ်သူ့ကိုမှ တောင်းစရာ မလိုဘူး။

မေး။   ။ အန်တီ ၂၀၁၀ တုန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကနေပြီးတော့ ရန်ကုန်မြို့ လသာ မဲဆန္ဒနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ် လို့ သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနစ် ရွေးကောက်ပွဲရော ဝင်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။   ။ ကျမတို့ ငယ်တုန်းက လမ်းစဉ်လူငယ် သင်တန်းတွေ တက်ခဲ့တယ်။ ဗဟိုနိုင်ငံရေး တက္ကသိုလ်တွေ တက်ခဲ့တယ်။ အဲ့ဒါကြောင့် ၂၀၁၀ မှာ ဝင်ရောက် အရွေးခံတာပါ။ ၂၀၁၅ မှာတော့ ကျမ ဘယ်ပါတီကမှ အရွေးမခံပါဘူး။ လက်ရှိလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှာ မဟုတ်တော့ပါဘူး။ ၂၀၁၁ ခုနစ် ကတည်းက ကျမ ပါတီကနေ နုတ်ထွက်ခဲ့ပြီးပါပြီ။ ဘာလို့လဲ ဆို တော့ ပါတီဆိုးမွေ ကောင်းမွေ အားလုံးကို ခေါင်းညိတ်လက်ခံရတာ ကျမ မကြိုက်လို့ပါ။ ကျမ ပါတီ နိုင်ငံရေးအစား အမျိုးသားနိုင်ငံ ရေး ကိုပဲ စိတ်အားထက်သန်တဲ့ အတွက် အမျိုးသား နိုင်ငံရေးကိုပဲ ဦးတည်ပြီးတော့ ကျမတို့ နိုင်ငံရေး ပရဟိတကိုပဲ တဖက်တလမ်း က ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်မယ် လို့ စဉ်းစားထားပါတယ်။

မေး။   ။ လွှတ်တော်မှာ အမျိုးသမီး ဦးရေ နည်းပါးတဲ့အပေါ်ရော ရွေးကောက်ပွဲ ဝင်ပြိုင်ဖူးတဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တဦး အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။   ။ အမျိုးသမီးတွေ အရည်အချင်း ရှိလာရင် လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် ရှိလာမယ်။ အရည်အချင်း ရှိအောင်လို့ ကိုယ့် ဘက်က ပြင်ဆင်ရမှာပေါ့နော်။ နိုင်ငံရေး ပရိယာယ်။ ဒါလွှတ်တော်ရွေးပြီ ဆိုကတည်းက နိုင်ငံရေးသမားပဲ လေ။ အမျိုးသမီး နိုင်ငံ ရေး သမားပေါ့။ နိုင်ငံရေး ပရိယာယ် ကြွယ်ဝစေချင်တယ် ပေါ့။ နိုင်ငံရေး အသိ၊ နိုင်ငံရေး သတိ ရှိစေချင်တယ်။ ကျမ အနေနဲ့ ဟို ဟာတောင်းဆို ဒီဟာ တောင်းဆိုမယ့် အစား တိကျခိုင်မာတဲ့ ကိုယ့်ဘက်ကလည်း မှန်ကန်တဲ့ တောင်းဆိုမှုမျိုးနဲ့ ရရှိနိုင်တဲ့ အခွင့် အရေး ဆုပ်ကိုင်နိုင်တဲ့ သူဆိုရင်တော့ လွှတ်တော်ကို ရောက်နိုင်ပါတယ်။

မေး။   ။ နောက်ဆုံးအနေနဲ့ အန်တီ ဘာများဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။   ။ အမျိုးသမီးတွေ အတွက် တို့ နိုင်ငံတော်က ဘာများ ရှေ့ဆက်တဲ့ လုပ်ငန်းစဉ်မှာ ဘာတွေများ ပံ့ပိုးပေးနိုင်မလဲဆိုတာ မျှော်လင့်တယ်။ ကျမ အဖွဲ့အစည်းအနေနဲ့ မျှော်လင့်တာမဟုတ်ဘူး။ အမျိုးသမီးထုအနေနဲ့ မျှော်လင့်ပါတယ်။ အမျိုးသမီးတွေမှာ ငယ်ရွယ် မရွေး အကြမ်းဖတ်မှုတွေခံနေရတယ်ပေါ့နော်။ လိင်မှုဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ခံနေရတာတွေကို နိုင်ငံတော်ကနေ ပြီးတော့ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ ဥပဒေတွေ ထွက်လာစေချင်တယ်။ ဒါမှ စင်္ကာပူနိုင်ငံ တွေလို အမျိုးသမီးတွေအတွက် သီးခြား အခွင့်အရေးရှိမယ်။ ဘယ်အမျိုးသားမှ ပါးစပ်ဆော့ပြီး မပြောရဲဘူး။ ချက်ချင်းသွားတိုင်ရင် အရေးယူဆောင်ရွက်မှု ရှိတာပေါ့နော်။   ။

Loading