မနက်မိုးလင်းပါပြီ။ ကျမအိမ်ရှေ့ကနေ ကြည့်လိုက်မယ် ဆိုရင် ကျောင်းသားမိဘတို့ ကလေးကို ကျောင်းလိုက်ပို့ ကြတဲ့ မြင်ကွင်းကို အထင်းသား မြင်နေရပါတယ်။ ကျောပိုးအိတ်ကြီးက တဖက်၊ စားစရာ ထည့်ထားတဲ့ ခြင်းတောင်းကို ကိုင်ထားတဲ့ လက်က တဖက် နဲ့ မနိုင်မနင်း ဖြစ်နေသူကတော့ အမေပါ။ အမေ့ဘေးကနေ လိုက်ပါလာတဲ့ ရှစ်နှစ်၊ ကိုးနှစ် အရွယ် ကလေး ကတော့ လက်ထဲမှာ ဘာမှ မကိုင်ဘဲနဲ့ အမေ့ ဘေးကနေ လျှောက်လာ ကြပါတယ်။
ဒီမြင်ကွင်းကို မြင်ရတဲ့ အခါမှာတော့ ကျမတို့ နိုင်ငံက မိဘများရဲ့ သားသမီးကို အနစ်နာခံနိုင်မှု ချစ်ခင်နိုင်မှုကို လေးစားမိပါတယ်။ ကျမတို့ ဝန်းကျင်မှာ ကလေးတို့ကို ဘာတခုမှ လုပ်ခွင့် ကိုင်ခွင့် မပေးဘဲနဲ့ နေရာတကာ လိုက်လုပ် ပေးတတ်ကြတဲ့ မိဘတွေကို နေရာတိုင်း လိုလိုမှာပဲ ကျမတို့ မြင်တွေ့ နေကြရမြဲပါ။ အသက် ခြောက်နှစ်၊ ခုနှစ် အရွယ်လောက် ကြီးကို ထမင်းခွံ့ကျွေးတဲ့ မိဘတွေ၊ ကိုးနှစ် ဆယ်နှစ်လောက် အထိ ရေကို ကိုယ်တိုင် လိုက်ချိုးပေး နေတဲ့ မိဘတွေကို ကျမတို့ဝန်းကျင်မှာ တွေ့နေရ တတ်သလို၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း တက်တဲ့ အချိန်ထိ မုန့်စား ကျောင်းဆင်းချိန်မှာ ကလေးကို ကိုယ်တိုင် ထမင်းလိုက်ခွံ့ကျွေးတဲ့ မိဘမျိုး တွေကိုတောင်မှ တွေ့ရဖူးပါတယ်။
တကယ်တော့ ဒီလိုမျိုး နေရာတကာ လိုက်လုပ်ပေးနေခြင်းဟာ ကလေးတို့ကို ချစ်လို့ လိုက်လုပ်ပေးနေတာ ဖြစ်ပေမယ့် ချစ်ရာ မရောက်တဲ့ ချစ်နည်းဖြစ်တဲ့ အပြင် ကလေးတို့ရဲ့ စိတ်ထဲကို မှီခိုလိုတဲ့ (Dependency) စိတ် ထည့်သွင်းပေးနေသလို ဖြစ်နေတာကိုလည်း မသိကြပါဘူး။ ငယ်စဉ်ကတည်းက မှီခိုစိတ်ရှိနေတဲ့ ကလေးတို့ ကြီးပြင်းလာတဲ့ အခါမှာ ကိုယ့်အားကိုကိုး စိတ် မရှိတဲ့ လူညံ့လူဖျင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
တကယ်တော့ မိဘရဲ့ အကူညီကို အလုံးစုံ အပြည့်၀ လိုအပ်တဲ့ အရွယ် ဆိုတာဟာ မွေးကာစ နို့စို့ကလေးများ ပါပဲ။ နို့စို့ အရွယ်က လွန်လို့ နည်းနည်းလောက် ကြီးပြင်းလာပြီဆိုတာနဲ့ တပြိုင်နက်တည်း ကလေးတို့ ကိုယ်တိုင်လုပ် တတ်၊ လုပ်နိုင်အောင်လို့ မိဘများ အနေနဲ့ ကလေးဘေးက နေပဲ ကူညီပေးဖို့ လိုပါတယ်။ ဘယ်အရွယ်လောက် က စရမလဲ ဆိုရင်တော့ လေးဘက်ထောက် အရွယ်လောက်ကပဲ စတင်ရမယ်လို့ ကလေးပြုစု စောင့်ရှောက်သူများနဲ့ ကလေး စိတ်ပညာရှင်များက ဆိုထားပါတယ်။
ဥပမာ- လေးဘက်ထောက် သွားတဲ့ အရွယ်ဆိုပါတော့။ ကလေးက အရုပ်လေး တရုပ်ကို လိုချင်လို့ လေးဘက်ထောက် ပြီးတော့ အရုပ် ဆီကို သွားပြီ ဆိုရင် မိဘက ကလေး သွားရတာ ပင်ပန်းမှာ စိုးလို့ ဆိုပြီးတော့ အရုပ်လေးကို ကလေးနားကို ရွှေ့ပေးတာမျိုး မလုပ်ရပါဘူး။ အရုပ်လေးဆီကို ကလေး ကိုယ်တိုင် လေးဘက်ထောင်ပြီးတော့ သွားချင်အောင်၊ ကိုယ်တိုင် အရုပ်လေးကို ဆွဲပြီးတော့ ယူနိုင်အောင်လို့ ဘေးကနေ အားပေးတိုက်တွန်း ပေးရမှာပါ။
ဒီလိုမျိုး အရုပ်လေးဆီကို ကလေးကိုယ်တိုင် လေးဘက်ထောက်ပြီးတော့ သွားခြင်းဟာ ကလေးရဲ့ လက်မောင်း၊ လက်ဖျံမှာ ရှိတဲ့ ကြွက်သားမျှင်ကြီးတွေ (Gross Motor skills) ကို သန်စွမ်း လာစေပါတယ်။ လေးဘက်တောက် အရွယ်မှာ ကလေးတို့ လေးဘက်ထောက် သွားလာခွင့် ရဖို့၊ လမ်းလျှောက်တဲ့ အရွယ်မှာ လမ်းလျှောက်ခွင့် ရဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ အတွက် သိပ်ကိုမှ အရေးကြီးတဲ့ ကိစ္စရပ်ကြီး ပါပဲ။
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဘက်က ကြည့်မယ် ဆိုရင်လည်း ကလေးဟာ အရုပ်လေးကို သူရအောင် ယူနိုင်လိုက်တဲ့ အတွက်ကြောင့် သူ့ကိုယ်သူ ကျေနပ်တဲ့ စိတ်လေး ဝင်လာသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်လေးလည်း ကလေးရဲ့ စိတ်မှာ ဖွံ့ဖြိုးလာစေပါတယ်။ ဒါဟာ အရုပ်လေးတရုပ်ကို ကလေးဘာသာ သွားယူခြင်းကနေ ရလာတဲ့ အကျိုးကျေးဇူးပါပဲ။
မိဘက ကလေးကို ချစ်လို့ ဆိုပြီးတော့ ကလေး ဘာလေးပဲ လိုချင်ချင် အနားကို ယူပေးတာ၊ ဝမ်းလျားထိုးခွင့်၊ လေးဘက်ထောက်ခွင့် မပေးဘဲ ချစ်လို့ ဆိုပြီးတော့ တချိန်လုံး ချီပိုးထားတာတွေဟာ ကလေးတယောက်ရဲ့ ဖွံ့ဖြိုးမှု မိုင်တိုင် (mile stone) ကို အားနည်း သွားစေပါတယ်။
ဒီလိုပဲ ကလေးတို့ကို ဇွန်းလေးတွေ ကိုင်တတ်အောင်၊ ရေခွက်လေးနဲ့ ကိုယ့်ဘာသာ ရေကို ခပ်ပြီးတော့ ချိုးတတ် အောင်၊ အန္တရာယ် မရှိတဲ့ ကလေးရဲ့ တကိုယ်ရေစာ အလုပ်လေးတွေကို သူ့ဘာသာသူ လုပ်တတ်ကိုင် တတ်အောင် လို့ မိဘများက ကူညီသင်ကြားပေးဖို့ လိုပါတယ်။ ၂ နှစ်ကျော် ၃ နှစ်လောက် ရောက်ပြီ ဆိုရင်ဖြင့် ဇွန်းလေးနဲ့ ဟင်းရည်လေးတွေကို ခပ်ပြီးတော့သောက်တတ်အောင် သင်ပေးလို့ရပါပြီ။
ဒီလို သင်ကြားပေးခြင်းဟာ ကလေးတို့ရဲ့ လက်ချောင်းလေးတွေမှာ ရှိတဲ့ ကြွက်သားမျှင်ငယ်လေးတွေ (fine motor skills) ကို သန်စွမ်း စေပါတယ်။ ဒါ့အပြင် လက်ရယ်၊ မျက်စိရယ် အတူတူ ပူးပေါင်းဆောင်ရွက်မှု လို့ ခေါ်တဲ့ ပူးပေါင်း လုပ်ဆောင်နိုင်မှုစွမ်းရည် (Coordination) ကိုလည်း ဖွံ့ဖြိုးတိုးတတ် စေပါတယ်။ ဒါတွေဟာ ကလေးတို့ ကျောင်းနေတဲ့ အရွယ်မှာ ခဲတံကို ကိုင်ပြီးတော့ စာရေးတတ်စေဖို့ အတွက် လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းများလို့ လည်း ဆိုလို့ရ ပါတယ် ။
စာရေးတဲ့ အချိန်မှာ ခဲတံကိုင်ဖို့ အတွက် လက်ချောင်းမှာ ရှိတဲ့ ကြွက်သားမျှင်ငယ်လေးတွေ သန်စွမ်းဖို့ လိုသလို၊ လက်မောင်းလက်ဖျံမှာ ရှိတဲ့ ကြွက်သားမျှင်ကြီးတွေလည်း သန်စွမ်းဖို့ လိုပါတယ်။ အဲဒီလိုပဲ မျက်စိနဲ့ လက် တသားတည်း ပူးပေါင်း ဆောင်ရွက်မှု ဆိုတဲ့ အပိုင်းကိုလည်း ကောင်းကောင်းလုပ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ လေးဘက်ထောက် အရွယ်ကစလို့ ကျောင်းမနေခင်မှာ ကလေးတို့ကို ဘယ်လို ပြုစုစောင့်ရှောက်ခဲ့သလဲ ဆိုတဲ့ ကိစ္စဟာ ကျောင်းစနေတဲ့ အချိန်မှာ ကလေးတို့ ခဲတံ ကိုင်နိုင်သလား၊ မကိုင်နိုင်ဘူးလား ဆိုတာနဲ့ ပတ်သက်မှု အများကြီး ရှိနေတာပါပဲ။
တကယ်တော့ ကလေးတို့ရဲ့ ဦးနှောက်လေးတွေဟာ မွေးကတည်း ကစလို့ အပြည့်စုံ ဖွံ့ဖြိုးပြီးတော့ ပါလာတာ မဟုတ်ပါဘူး။ အပြင်ရောက်မှ ဆက်လက် ဖွံ့ဖြိုးလာတာပါ။ တယောက်နဲ့ တယောက် ဉာဏ်ရည် ကွာခြားခြင်း တွေထဲက အကြောင်းကြီး တချက်ကတော့ ကလေးတို့ မွေးပြီးတော့ အပြင်ရောက်လာတဲ့ အချိန်မှာ ကလေးတို့ကို ဘယ်လို လှုံ့ဆော်မှုတွေ လုပ်ပေးသလဲ၊ ဘာတွေကို ကိုယ်တိုင်လုပ်ကိုင် စူးစမ်းနိုင်အောင်လို့ ခွင့်ပေးသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကွဲပြားသွားတာပါပဲ။ ကလေးတို့ ကို အန္တရာယ်မရှိလောက်တဲ့ အရာမှန်သမျှ ကိုယ်တိုင် လုပ်ကိုင်၊ စူးစမ်းခွင့် ပေးခြင်းဟာ တကယ်တော့ ကလေးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးဖို့ အတွက် လေ့ကျင့်ပေးခြင်းပါပဲ။
ကျမတို့ နိုင်ငံက တချို့မိဘများ အနေနဲ့ ကလေးကို ချစ်လို့ ဆိုပြီးတော့ ကလေးကို ဘာမှ လုပ်ခွင့်ကိုင်ခွင့် မပေးဘဲနဲ့ နေရာတကာမှာ လိုက်လုပ်ပေးတတ်ကြပါတယ်။ ကလေးလုပ်နိုင်တဲ့ အရာကို ကလေးကို ကိုယ်တိုင် လုပ်ကိုင်ခိုင်းခြင်း ဟာ မချစ်ရာ၊ ရက်စက်ရာ မရောက်ပါဘူး။ လမ်းလျှောက်နိုင်ပြီ ဆိုတာနဲ့ ကလေးကို လမ်းလျှောက်စေတာ၊ ကိုယ့်ထမင်းကို ကိုယ့်ဘာသာ ခပ်စားစေတာ၊ ကလေးနိုင်လောက်တဲ့ ပစ္စည်းလေးတွေ ကလေးကို သယ်ခိုင်းတာဟာ တကယ်တော့ ကလေးတို့ရဲ့ ကြွက်သားတွေကို သန်မာစေရုံ သာမကဘဲ ကိုယ့်အားကိုယ်ကိုးစိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်လေးတွေ ဝင်လာအောင်လို့ ကလေးတို့ကို လေ့ကျင့်ပေးခြင်းပါပဲ။
ကလေးတို့ရဲ့ ငယ်ဘဝဟာ တကယ်တော့ အင်မတန် အရေးကြီးလှ ပါတယ်။ ငယ်ဘဝမှာ ဘာတွေကို ဘယ်လို သင်ယူလာခဲ့ သလဲ၊ ပတ်ဝန်းကျင် မိဘအသိုင်းဝိုင်းက ဘယ်လိုတွေ သွန်သင်ဆုံးမ လေ့ကျင့် ပေးလိုက်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကလေးတယောက် (လူတယောက်) ချင်းစီရဲ့ အရည်သွေးတွေ၊ အရည်ချင်းတွေ ကွာခြား သွားကြတာပါပဲ။
တကယ်တော့ ကလေးတယောက်ကို ပြုစုပျိုးထောင် စောင့်ရှောက်တယ် ဆိုတာဟာ ကလေးတို့ ကျန်းမာရေး၊ ပညာရေးတို့ အပြင် ကလေးတို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကိုပါ ကျန်းမာ ဖွံ့ဖြိုးအောင်လို့ ထိန်းကျောင်း ပြုစုရတာပါပဲ။ အမှီခို ကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင်၊ တာဝန်ယူတတ် အောင်လို့ ငယ်စဉ်ကတည်းက ကလေးတို့ကို သင်ကြားပေးဖို့ လိုပါတယ်။
ဒါကြောင့် မိဘများ အနေနဲ့ ကလေးတို့ကို ချစ်ရင် နေရာတကာ လိုက်မလုပ်ပေးဘဲ ကလေးတို့ကို ကိုယ်တိုင်လုပ်ခွင့်၊ ကိုင်ခွင့် လေးပေးကြပါ။ လုပ်ရင်း၊ ကိုင်ရင်းနဲ့ အန္တရာယ် မရှိလောက်တဲ့ အမှားမျိုး ( ဥပမာ-ထမင်းတွေ ဖိတ်ပြန့်ကျဲတာ၊ ရေတွေ မှောက်သွားတာ) စတာလောက်ကိုလည်း မှားခွင့် ပေးကြဖို့ လိုပါတယ်။
ကိုယ်တိုင် လုပ်ရင်းကိုင်ရင်း နဲ့ပဲ သူတို့ ကိုယ်တိုင် လုပ်တတ်၊ ကိုင်တတ်သွားတဲ့ အခါမှာ သူတို့ စိတ်ထဲမှာ ဖြစ်ပေါ်လာ မယ့် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်၊ ဝမ်းသာကြည်နူးတဲ့ စိတ်လေးကို ကလေးတို့ ကိုယ်တိုင် ခံစားရစေဖို့ အတွက် ကလေးတို့ကို ကိုယ်တိုင် လုပ်ကိုင်ခွင့်လေး ပေးကြပါဦးလို့။ ။