တဝုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်လှိုင်းများကြားထဲတွင် ရွှေရောင်တဝင်းဝင်းနှင့် ရေထဲတွင် တဝက်မြုပ်နေပြီး ရေပြင်ပေါ်တွင် တဝက်ပေါ်နေသည့် စေတီတော်ကိုကြည့်ရင်း ဦးရွှေတယောက် စိတ်ဆင်းရဲသည်မှာ ကြာခဲ့ပြီ။
လွန်ခဲ့သည့် ၁၅ နှစ်ခန့်က သူနှင့် မိတ်ဆွေအပေါင်းအသင်းများ စုပေါင်း၍ သူတို့နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်အုပ်စု၊ တော်ပေါင်စိန် ကျေးရွာအနီးမှာ စေတီတဆူ တည်ထားကိုးကွယ်ခဲ့ပြီး တော်ပေါင်စိန် စေတီတော်ဟုပင် ဘွဲ့တော်သတ်မှတ်ခဲ့ကြသည်။
စတင်တည်ထားကတည်းက ပင်လယ်ရေတိုက်စားမှုဒဏ်မှ ကင်းဝေးစေရန် ပင်လယ်ကမ်းစပ်နှင့် ၂ ဖာလုံခန့် ကွာဝေးသည့် သူတို့ကျေးရွာအနီးမှာ တည်ထားခဲ့ပေမယ့် ၁၅ နှစ်ခန့် ကြာချိန်မှာတော့ ပင်လယ်က ရေတိုက်စားသည့်နည်းလမ်းဖြင့် ကုန်းမြေများသာမက တော်ပေါင်စိန် စေတီကိုပါ ဝါးမျိုခဲ့တော့သည်။
“ဘုရား ပင်လယ်ထဲကျသွားတာတော့ ၄ နှစ်ကျော်လောက် ရှိပြီ။ ဒါပေမယ့် ကိုယ်လုပ်နေကျဖြစ်တဲ့ ဘုရားပန်းကပ်တာ၊ အမွှေးတိုင်ထွန်းတာတွေတော့ ကမ်းခြေသောင်ခုံပေါ်ကနေ ရေထဲကဘုရားကို ကပ်လှူနေဖြစ်ပါတယ်။ ကိုယ်တွေ တည်ခဲ့တဲ့ဘုရားက အခုလို ရေထဲတဝက် ရေပေါ်တဝက် ဖြစ်နေတာ မြင်ရတော့ ဘယ်စိတ်ကောင်းမလဲဗျာ” ဟု ရေထဲမှစေတီတော်ကို ကြည့်ရင်း ဘုရားဒကာ ဦးရွှေက စိတ်မကောင်းသည့် လေသံဖြင့်ပြောသည်။
မုတ္တမပင်လယ်ကွေ့အနီးတွင် တည်ရှိသည့် ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ဒေသတွင် ကျေးရွာပေါင်း ၄၇ ရွာရှိပြီး လူဦးရေ ၄ သောင်းကျော် အခြေချနေထိုင်သည့် ပင်လယ်ကမ်းစပ်ဒေသ ဖြစ်သည်။ ယင်းဒေသရှိ တော်ပေါင်စိန်၊ ချောင်းသစ်ပေါက်၊ ဥသြလမ်း၊ ကျွန်းပင်၊ ဆူးကလပ်၊ တိုး၊ သံဒိပ်စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၁၃ ရွာမှာ ပင်လယ်ရေတိုက်စားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဆိုးဝါးစွာ ရင်ဆိုင်နေရသည်။
“ဒီဒေသတဝိုက်မှာဆိုရင် ဆူးကလပ်ရွာက ဘုရားက မနှစ်ကပြိုတယ်။ သံဒိပ်ဆိုရင် နဂါးဘုရားက ရေထဲပါသွားပြီ။ တိုးကျေးရွာက ဘုရားလည်း ပင်လယ်ရေတိုက်စားလို့ ပါသွားပြီ။ တော်ပေါင်စိန်မှာဆို ဘုရား ၂ ဆူရှိတာ၊ တဆူက ရေတိုက်စားတာနဲ့ လှိုင်းရိုက်တာတွေကြောင့် တစစီ ပျက်စီးသွားပြီ။ အခုတဆူကျန်တာတောင် ပင်လယ်ထဲမှာ တည့်တည့်မတ်မတ် ထောင်နေလို့ မြင်နေရတာ” ဟု ကျောင်းဆိပ်ကျေးရွာမှ ဒေသခံ ကိုအောင်ကျော်စန်းက ပြောသည်။
အဆိုပါဒေသတွင် အင်္ဂလိပ်အစိုးရလက်ထက်က ပင်လယ်ရေတိုက်စားမှုဒဏ်နှင့် မုန်တိုင်း၊ ဆူနာမီလှိုင်းကဲ့သို့သော သဘာဝဘေးဒဏ်များမှ ကာကွယ်နိုင်ရန်အတွက် ဒီရေတော စားကျက်မြေဧက ၂၀၀၀ ကျော် သတ်မှတ် ပေးခဲ့ရာ တောများက နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် သဘာဝဘေးဒဏ်များနှင့် ပင်လယ်၏ဝါးမျိုခြင်းရန်မှ ကာကွယ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
သို့သော် ၁၉၉၇ ခုနှစ်တွင် ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်းရှိ ဒေသခံများကို ကံဆိုးမိုးမှောင် ကျစေမည့် စီမံကိန်းတရပ် ပေါ်ပေါက်လာခဲ့သည်။
ယင်းမှာလက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေပြီး ထိုစဉ်က အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး တာဝန်ယူထားသည့် ဗိုလ်ချုပ် သူရရွှေမန်း လက်ထက်တွင် ဧရာဝတီတိုင်း၌ လယ်ယာမြေဧက ၁ သန်း ဖော်ထုတ်ရေးစီမံကိန်း လုပ်ဆောင်ခဲ့ရာ ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်းရှိ ဒီရေတော စားကျက်မြေများမှာလည်း အာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့် လယ်ယာမြေများ ဖြစ်သွားခဲ့သည်။
“အရင်တုန်းက ဒီရေတောတွေ ခုတ်လို့မရဘူး။ ဥပဒေနဲ့ ကာကွယ်ထားတယ်။ ခုတ်တဲ့လူ ထောင်ကျတာပဲ။ ၉၇ – ၉၈ ခုနှစ်ကျတော့မှ ကျေးရွာဥက္ကဋ္ဌ ဦးမြတ်စိုးက စားကျက် ၁ ဧက ၄၅၀၀ ဆိုပြီး ဆိုင်းဘုတ်ထောင် ရောင်းစားခဲ့တာ။ လယ်လုပ်ချင်သူတွေကလည်း ဝယ်တယ်။ ပြီးတော့ လူတဖက်စာမက ရှိတဲ့ ဒီရေတော အပင်ကြီးတွေကို ခုတ်လှဲ၊ မီးတွေရှို့ပြီး လယ်လုပ်ပစ်လိုက်တော့ ဒီရေကာတောတွေ အကုန်လုံး ပျက်စီးပြုန်းတီးသွားခဲ့တယ်” ဟု တော်ကနိ – ညောင်လိန်ကုန်း ကျေးရွာမှ ရာအိမ်မှူး ဦးခင်ဝင်းက လယ်ယာမြေဖြစ်နေသည့် ဒီရေတော စားကျက်မြေများကို ညွှန်ပြရင်းပြောသည်။
သဘာဝဒီရေတောများ ပျက်စီးပြုန်းတီးခဲ့သည့် ၁၉၉၇ ခုနှစ်နောက်ပိုင်း ပင်လယ်ရေ တိုက်စားမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး လက်ရှိအချိန်တွင် ဒီရေကာတောများ မရှိတော့ဘဲ အကာအကွယ်မဲ့နေသည့် ဒေးဒရဲမြို့နယ် တောင်ဘက်ခြမ်းမှ ကျေးရွာများကို ဝါးမျိုရန် ပင်လယ်ပြင်က တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။
တော်ပေါင်စိန်၊ အလယ်ကုန်း၊ ကျွန်းပင်၊ ဥသြလမ်း၊ ချောင်းသစ်ပေါက် စသည့်ကျေးရွာများနှင့် ကပ္ပလီပင်လယ်ပြင်မှာ ကိုက် ၁၀၀ ခန့်သာ ကွာဝေးပြီး တော်ပေါင်စိန်နှင့် ကျွန်းပင်ကျေးရွာများတွင် အစိုးရအစီအစဉ်ဖြင့် တည်ဆောက် ပေးထားသည့် ကမ်းပတ် တာနံဘေးအထိပင် ပင်လယ်ရေ တိုက်စားနေသည်ကို တွေ့ရသည်။
ငလျင်ကြောင့်ဖြစ်သော ဆူနာမီရေလှိုင်းများ၊ မုန်တိုင်းကြောင့်ဖြစ်သော ဒီရေလှိုင်းများ ဖြစ်ပေါ်လာပါက အကာအကွယ် မဲ့နေသော ဒေးဒရဲမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှာ ပင်လယ်လှိုင်းတို့၏ ရိုက်ပုတ်ဖျက်ဆီးခြင်းကို မလွဲမသွေ ရင်ဆိုင်ရမည့် အခြေအနေတွင် ရှိနေသည်။
“ပြီးခဲ့တဲ့လတွေတုန်းက ရေတက်ရက်မှာဆိုရင် ကျနော့်အိမ်ရှေ့ကို ပင်လယ်ရေတေ ွလျှံကျတယ်။ ပင်လယ်ရေ တက်လာတော့ ရွာနဲ့ပင်လယ်ကြားက သောင်ခုံကိုပါ ရေတွေကျော်ကျလာတာလေ။ အရင်ကဆို ပင်လယ်ကမ်းစပ်ကရွာနဲ့ ကိုက် ၃၀၀ လောက်ဝေးမယ်။ အဝေးကြီးသွားရတာ။ အခုက ကိုက် ၁၀၀ တောင် မဝေးတော့ဘူး။ မတော်လို့များ ဆူနာမီရေလှိုင်းလိုဟာမျိုး၊ မုန်တိုင်းဒီရေ တက်တာမျိုး ဖြစ်လာရင်တော့ ဘယ်လိုမှ ပြေးလို့လွတ်မှာ မဟုတ်ဘူး။ အကုန်သေမှာပဲ” ဟု ချောင်းသစ်ပေါက်ရွာမှ ဦးခင်ရွှေက ရေလှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်ပြင်ကို ကြည့်ရင်း ပြောသည်။
ဦးခင်ရွှေ စိုးရိမ်မည်ဆိုလည်း စိုးရိမ်လောက်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မုန်တိုင်းနှင့် ပင်လယ်ဒီရေ လှိုင်းများ လက်ချက်ကြောင့် ဒေးဒရဲမြို့နယ်တွင် လူပေါင်းသောင်းနှင့်ချီ သေကြေပျောက်ဆုံးခဲ့ပြီး နေအိမ်အဆောက်အဦး များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။
နာဂစ်မုန်တိုင်းနောက်ပိုင်း အစိုးရနှင့် အလှူရှင်များ ပူးပေါင်း၍ ဒေးဒရဲမြို့နယ်တောင်ပိုင်း ဒေသအတွက် မုန်တိုင်းခို အဆောက်အဦး (ဆိုင်ကလုန်း ရှယ်လ်တာ) ၅ လုံး တည်ဆောက်ပေးခဲ့သည်။ သို့သော် ရွာပေါင်း ၄၇ ရွာရှိပြီး လူပေါင်း ၄ သောင်းကျော် အခြေချနေထိုင်သည့် ဒေသအတွက်လူ ၅၀၀ ဆန့်ရှယ်တာ ၅ လုံးဆိုသည်မှာ အင်မတန် မမျှတသော အချိုးအစား ဖြစ်သည်။
“အခုနေများ တနာရီမိုင် ၈၀ လောက် မုန်တိုင်းလာခဲ့ရင်တောင် ကျနော်တို့ဒေသက မလွယ်ဘူး။ လေဒဏ်ရေဒဏ်နဲ့ အကုန်သေကုန်မှာ။ ရှယ်လ်တာရှိလို့ အဲဒီပေါ် တက်ပြီးခိုလို့ရတယ် ထားဦး။ လူအသက်ရှင်ပြီး စီးပွားဥစ္စာ၊ နေအိမ်တွေ ပျက်စီးသွားတော့ ဘယ်သူက ပြန်ပေးမှာလဲ။ ကျနော်တို့ လိုချင်တာက သဘာဝဘေးကနေ ကာကွယ်ပေးနိုင်တဲ့ ဒီရေတောတွေ လိုချင်တာ။ အဲဒါရှိမှ ကျနော်တို့ဘဝတွေ လုံခြုံမှာ” ဟု ကျွန်းပင်ကျေးရွာမှ ကိုမြင့်ဌေးက ပြောသည်။
လက်ရှိတွင် ကျောင်းဆိပ်နှင့် တော်ပေါင်စိန်ကျေးရွာမှ ရေတွင်းများ သုံးစွဲ၍ မရတော့ဘဲ ရေငန်များ ဖြစ်ကုန်ကြောင်း၊ ဒီရေတောစားကျက်မြေများကို ခုတ်ထွင်ရှင်းလင်း၍ စပါးစိုက်ပျိုးကြသည့် လယ်ယာမြေများမှာလည်း သဲမြေများ ဖုံးလွှမ်း၍ တဖြည်းဖြည်း ပျက်စီးလာနေကြောင်း ဒေသခံများက ပြောပြသည်။
“ကျွန်းပင်ရွာဘေးက ဒီရေကာတောကို ခုတ်ထွင်ပြီး လယ်လုပ်ထားတဲ့နေရာတွေဆိုရင် အခု သဲဖုံးလို့ တချို့အကွက်တွေ စိုက်လို့မရတော့ဘူး။ ပျက်စီးကုန်ပြီ။ ပင်လယ်ကနီးလာတော့ လှိုင်းရေက သဲသောင်ပြင်ဖြစ်အောင် လုပ်ပေးတယ်လေ။ အဲဒီသဲတွေက လေတိုက်တော့ တဖြည်းဖြည်း လယ်တွေထဲကို ဝင်ကုန်တာပေါ့။ တော်ပေါင်စိန်၊ ကျွန်းပင်ရွာတွေဘက်က ရေတွင်းတွေဆိုလည်း ရေငန်တွေဖြစ်ကုန်ပြီ” ဟု ဒေသခံ ဒေါ်ကရင်မက ပြောသည်။
ထို့ကြောင့် ပင်လယ်ရေ တိုက်စားခြင်းနှင့် သဘာဝဘေးဒဏ်များမှ ကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်အစိုးရ လက်ထက်က ဖော်ထုတ်သတ်မှတ်ခဲ့သော ဒီရေတောစားကျက်မြေများကို မူလအတိုင်း ပြန်လည် သတ်မှတ်ပေးရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ၂၀၁၂ ခုနှစ်ကတည်းက အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်းတိုင်းအစိုးရက လုပ်ဆောင်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
“အင်္ဂလိပ်အစိုးရ လက်ထက်က မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ သန်းပဲရှိတယ်။ အခုက သန်း ၆၀ ဖြစ်နေပြီ။ တိုးတက်လာတဲ့ လူဦးရေနဲ့အညီ စားနပ်ရိက္ခာဖူလုံရေးက အရေးကြီးပါတယ်။ ဒါကြောင့်လည်း ၁၉၉၇ ခုနှစ်က လယ်ယာမြေဧက ၁ သန်းဖော်ထုတ်ရေး စီမံချက်နဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ လယ်သမားတွေက လယ်စိုက်လာတာ ၁၇ နှစ်လောက် ရှိပြီဆိုတော့ အခုကျမှ စားကျက်မြေ ပြန်လုပ်ပေးဖို့က အခက်အခဲတွေရှိတယ်” ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းအစိုးရက ဒီရေတော စားကျက်မြေများ ပြန်လည် သတ်မှတ်ပေးရန် တုံ့ဆိုင်းနေခဲ့သဖြင့် ဒေသခံများက တိုင်းအစိုးရ ဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းတော့ဘဲ ဒီရေတော စားကျက်မြေများအတွင်း အပင်ပေါင်း ၁ သိန်းကျော်ကို ပြီးခဲ့သည့်မေလအတွင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဒေသခံအများစုက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဒီရေတောများ စိုက်ပျိုးခဲ့သော်လည်း ယင်းစိုက်ပျိုးမှုကို ဧရာဝတီတိုင်း အစိုးရက အသိအမှတ်မပြုခဲ့ဘဲ အဆိုပါ ဒီရေတောစားကျက်မြေ ၁၀၈၃ ဧကနှင့် အခြားမြေ ၅၂ ဧကပေါ်တွင် ခါတိုင်း နှစ်များကဲ့သို့ လယ်စိုက်ပျိုးရန် ဆက်လက် ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
တိုင်းအစိုးရက လယ်စိုက်ခွင့်ပြုသဖြင့် လယ်သမားများက ဒီရေတော စားကျက်မြေများအတွင်း ဝင်ရောက် ထွန်ယက်ခဲ့ကြရာ ဒီရေတော တောင်းခံနေသူများ စုပေါင်းစိုက်ပျိုးခဲ့ကြသည့် အပင်ပေါင်း ၁ သိန်းကျော် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဒီရေတောစိုက်ပျိုးသူ ၃၇ ဦးမှာလည်း တရားစွဲဆိုခံခဲ့ရသည်။
ဒေသခံလူပေါင်း ၄ သောင်းကျော်၏ ဘဝလုံခြုံမှုအတွက် ဒီရေတောများ စိုက်ပျိုးရန် အရေးတကြီး လိုအပ်နေချိန်တွင် ဒီရေတောမြေများကို လယ်စိုက်ခွင့်ပြုခဲ့သည့် ဧရာဝတီတိုင်းအစိုးရ၏ လုပ်ရပ်အပေါ် အလွန်စိတ်ပျက်မိကြောင်း ယင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှားမှုများ ပြုလုပ်နေသည့် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးက ပြောသည်။
“လက်ရှိမှာ ပင်လယ်ရေတိုက်စားမှု အခြေအနေက အရမ်းစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ သဘာဝဘေး တခုခု ဖြစ်လာရင် ဒေသခံတွေအတွက် ဘာအကာအကွယ်မှ မရှိဘူး။ ဒီလို အခြေအနေမျိုးမှာ ဒီရေတောတွေ အလျင်အမြန် စိုက်ပျိုးပြီး ပင်လယ်ရေ တိုက်စားမှုကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ အဲဒါကို ဒီရေတော မစိုက်ဘဲ လယ်စိုက်ဖို့ခွင့်ပြုခဲ့ပြီး လိုအပ်တာတွေ ကူညီပေးခဲ့တဲ့ ဧရာဝတီတိုင်း အစိုးရရဲ့လုပ်ရပ်ကို အရမ်းအံသြမိသလို အရမ်းလည်း စိတ်ပျက်မိတယ်” ဟု သူက ပြောသည်။
ဒေသခံကျေးရွာများ ကိုယ်ထူကိုယ်ထ စုပေါင်းစိုက်ပျိုးခဲ့သည့် ဒီရေတောအပင်များ ပျက်ဆီးခဲ့ပြီးနောက် ဧရာဝတီတိုင်း အစိုးရက ၎င်းတို့အစီအစဉ်ဖြင့် ဒေသခံများ အသုံးမပြုသည့် မြေလွတ်ဧက ၃၀၀ ပေါ်တွင် ဒီရေတောအပင်များ စိုက်ပျိုးသွားမည်ဟု ပြောသည်။
“အခု အဲဒီဒေသက မြေလွတ်ဧက ၃၀၀ ပေါ်မှာ ဒီရေတောစိုက်ဖို့ ပျိုးပင်တွေလည်း စုထားပြီးပြီ။ အစိုးရအစီအစဉ်နဲ့ ဒေသခံတွေ စုပေါင်းပြီး ဒီရေတောစိုက်ဖို့ မကြာခင် လုပ်သွားမယ်” ဟု ဝန်ကြီး ဦးစန်းမောင်က ပြောသည်။
အစိုးရအစီအစဉ်ဖြင့် ပြုလုပ်မည့် ဒီရေကာတော စိုက်ပျိုးမှုများအောင်မြင်မည် မဟုတ်ကြောင်း HRWDN အဖွဲ့မှ ဦးထွန်းထွန်းဦးက ပြောသည်။
“ကျနော်တို့အဖွဲ့တွေ ဒီဒေသမှာ သေချာကွင်းဆင်း လေ့လာပြီးပါပြီ။ မြေလွတ်ဆိုလို့ သဲသောင်ခုံတွေပဲ ရှိတယ်။ အပင်စိုက်လို့ ရတဲ့နေရာမှန်သမျှ လယ်တည်ပြီး စပါးစိုက်ထားတာ။ မြေလွတ်တွေမှာသာ အပင်ပေါက်နိုင်ရင် ဒီရေတောအပင်က စိုက်စရာမလိုပါဘူး၊ အပင်ပေါက်ပြီး တောဖြစ်နေတာ ကြာပါပြီ။ အပင်စိုက်မယ်ဆို အခုလယ်လုပ်ထားတဲ့ ဒီရေတော စားကျက်မြေထဲမှာ စိုက်မှပဲရမယ်” ဟု သူက ပြောသည်။
ပင်လယ်ရေ တိုက်စားမှုကိုဒီရေတောများ စိုက်ပျိုး၍ ကာကွယ်နိုင်ခြင်း မရှိပါက ကျေးရွာများ ရွှေ့ပြောင်းရသည်အထိ အခြေအနေ ဆိုးဝါးလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က သတိပေး ပြောဆိုသည်။
“ဒီရေတောတွေဟာ ပင်လယ်လှိုင်းရဲ့ ရိုက်ပုတ်ဖျက်ဆီးမှုဒဏ်ကို ၉၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ နောက်ပြီး မြေအောက်ကနေ ရေငန်မဝင်နိုင်အောင်လည်း ဟန့်တားပေးပါတယ်။ တော်ရုံတန်ရုံ လေဒဏ်မိုးဒဏ် မုန်တိုင်းဒဏ်ကိုလည်း ကာပေးထားနိုင်တယ်။ အခုလိုအကာအကွယ် မရှိဘဲ ပင်လယ်ရေ တိုက်စားပုံမျိုးနဲ့ဆိုရင် ဒီရွာတွေ အကုန်လုံးရွှေ့ပြောင်းရတာတွေ ဖြစ်လာနိုင်တယ်။ မြေအောက်ကလည်း ရေငန်တိုးတဲ့အတွက် ရေချိုတွေ ရေငန်တွေ ဖြစ်ကုန်မယ့် အနေအထားမျိုး ကြုံတွေ့လာနိုင်တယ်” ဟု သူကပြောသည်။
ပင်လယ်ရေတိုက်စားမှုနှင့် သဘာဝဘေးဒဏ်များ ကာကွယ်လိုပါက ဒီရေတောများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ လက်ရှိအချိန်က စတင်စိုက်ပျိုး လုပ်ဆောင်ပါက အချိန်မီနိုင်သေးကြောင်း ဦးစည်သူလွင်က အကြံပြုသည်။
“တကယ်က ဒီရေတောအပင်ဆိုတာ စိုက်စရာမလိုပါဘူး။ ဒီရေတော သစ်မျိုးတွေက သူ့ရာသီနဲ့သူ အသီးကြွေနေတာ ဆိုတော့ လုံးဝမထိဘဲ ဒီအတိုင်း ပစ်ထားလိုက်ရင်ကို ၁ နှစ် ၂ နှစ်ဆိုရင် သူ့ဘာသာ တောဖြစ်လာတာ။ ၄ နှစ် ၅ နှစ်ကြာတဲ့ အချိန်မှာ အပင်ရဲ့အမြစ်တွေက ကောင်းကောင်း ကုပ်ဆွဲထားပြီ ဆိုတော့ အပေါ်က ဆင်းလာတဲ့မြေကြီးတွေက အဲဒီမှာလာဖို့ပြီးတော့ ပင်လယ်ကလာတဲ့ လှိုင်းဒဏ်ကို အတိုင်းအတာတခု အထိတော့ ခံနိုင်ရည်ရှိသွားပါလိမ့်မယ်” ဟု သူကပြောသည်။
ပင်လယ်ရေ တိုက်စားခံနေရသည့် ကျောင်းဆိပ်ကျေးရွာမှ အသက် ၈၁ နှစ် ရှိပြီဖြစ်သည့် ဦးစိမ်းကတော့ သူမသေခင် သူ့သားမြေးများ လုံခြုံအေးချမ်းသောဘဝမျိုး ဖြစ်သွားသည်ကို မြင်ချင်ကြောင်း ပြောသည်။
“ဒီရေတောတွေရဲ့ တန်ဖိုးကို နာဂစ်မုန်တိုင်းကာလမှာ ကျနော်တို့တွေ ကောင်းကောင်း နားလည်သွားခဲ့တယ်။ ဒါပေမယ့် အခုနာဂစ်ဖြစ်တာ ၆ နှစ်ကျော်ပြီ။ ကျနော်တို့ဆီမှာ ဒီရေတောတွေ မရှိသေးဘူး။ အဲဒီတော့ သဘာဝဘေးတခုခု ဖြစ်မှာကို လူတွေက အမြဲတမ်း စိုးရိမ်ထိတ်လန့် နေကြတယ်။ ကျနော် မသေခင် ကျနော့်သားမြေးမြစ်တွေ ဒီရေတောတွေကြားမှာ လုံခြုံတဲ့ဘဝမျိုး ရရှိသွားတာ မြင်ချင်တယ်ဗျာ” ဟု အဘိုးအိုက ၎င်း၏ဆန္ဒကို ပြောပြသည်။
အဘိုးဦးစိမ်း မျှော်လင့်သကဲ့သို့ သူတို့ဒေသတွင် ဒီရေတောစိုက်ပျိုးမှုများ ဖြစ်လာပြီး ပင်လယ်ပြင်၏ ဝါးမျိုခြင်းရန်ကို ကာကွယ်နိုင်မလား၊ ပင်လယ်ကြီးကပဲ အဘိုးအိုတို့ ဒေသတခုလုံးကို ဝါးမျိုသွားမလား ဆိုသည်မှာ မည်သူမျှ တပ်အပ်သေချာ မဖြေဆိုနိုင်သည့်မေးခွန်းတခုအဖြစ် တည်ရှိနေသည်။
တကယ်တော့ အဘိုးဦးစိမ်းကဲ့သို့ ဒေးဒရဲမြို့နယ်တောင်ပိုင်း ဒေသခံတို့၏ ဘဝတွေသည် ပင်လယ် ခံတွင်းပေါက်ထဲ အချိန်မရွေး ကျရောက်သွားနိုင်သည့် ပင်လယ်ခံတွင်းဝက ဘဝများသာ ဖြစ်လေသည်။