ကရင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း မြန်မာ အစိုးရတပ်က လူမဆန်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကို အခြေခံကာ ထိုင်း- မြန်မာ နယ်စပ်ရှိ ရွာများကိုသွားရောက် လေ့လာပြီးနောက် ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ရာဇဝတ်မှုများနှင့် လူမဆန်သည့် ပြစ်မှုများကို စနစ်တကျ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ အဓိကတာဝန်ရှိသူများမှာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်သူများဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ အထူးစစ် ဆင်ရေး အဖွဲ့မှူး(ကစထ) ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာရေးသားသူများထဲမှ တဦးဖြစ်သည့် မက်သရူး ဘူဂါက “ ကျနော်တို့မှာ စိတ်ကျေနပ်လောက်အောင် ခိုင်လုံတဲ့ သက်သေတွေ ရှိပါတယ်”ဟုဆိုသည်။
ယခုအစီရင်ခံစာအတွက် လူပေါင်း ၁၅၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပြီး စစ်သားဟောင်း ၇ ဦးပါဝင်ကြောင်း သိရ သည်။
အဆိုပါ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်ထံ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ညွန့်က အဆိုပါ အစီရင်ခံစာသည် မှားယွင်းပြီး ရရှိထားသည့် သတင်းရင်းမြစ်သည်လည်း တဖက်ထဲမှ ဖြစ်နေကြောင်း ဆိုသည်ဟု သိရသည်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကလည်း “တဖက်နဲ့ တဖက် အပြစ်တင်နေရုံနဲ့တော့ ပြီးမှာမဟုတ်ဘူး ပြည်တွင်း စစ် မှာတော့ တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကပါ လူအခွင့်အရေးချိုးဖောက်မှုတွေရှိကောင်းရှိ နိုင်ပါ တယ်”ဟု နယူးယောက်တိုင်းမ် သို့ ပြောဆိုသည်။
ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာတပ်မတော်က ကရင်ရွာများအတွင်းသို့ မော်တာများဖြင့် ပစ်သွင်းခြင်း၊ ထွက်ပြေးသည့် ရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခံရသည့် ရွာသားများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။
ယခုထွက်ပေါ်လာသည့် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာသည် အမေရိကန် သမ္မတ အိုဘားမား ရှေ့အပတ် မြန်မာပြည်ခရီးစဉ်မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်သည်။