ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် တရားသူကြီး၏ အမှုစီရင်ဆုံးဖြတ်မှုများအပေါ် မကျေနပ်သည့် အတွက် ပန်းတနော်ဒေသခံ ၂၀၀ ကျော်က ယနေ့နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ် တရားရုံးရှေ့၌ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ပန်းတနော်မြို့နယ် တရားသူကြီးသည် အမှုနှင့်ပတ်သက်၍ လာဘ်ငွေရယူခြင်း၊ သက်သေခိုင်လုံစွာ တင်ပြခဲ့သော်လည်း တရားခံများကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း၊ လယ်သမားများကို ငါးခိုးသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုမှုများကို အချိန်ကြာမြင့်စွာ ကြားနာစစ်ဆေးခြင်းနှင့် အာမခံပေးရန် ငြင်းဆန်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ပန်းတနော်ဒေသခံများက ပြောသည်။
“ကျမ အမျိုးသားက မအူပင်မှာ ထောင်ကျနေပါတယ်။ အကြောင်းရင်းကတော့ ရပ်ရွာထဲမှာ ဆိုးသွမ်းတဲ့လူကို တာဝန်အရ ခဏထိမ်းသိမ်းထားတာကို အဲဒီလူက ဒဏ်ငွေ ၁ သောင်းပဲ ဒဏ်ရိုက်ခဲ့ပြီး ရပ်ရွာက တာဝန်ရှိတဲ့ ဆယ်အိမ်မှူးတွေကို ကျတော့ မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ထောင် ၁ လ ချမှတ်ခဲ့တဲ့အတွက် မကျေနပ်လို့ အခုလို ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု ပန်းတနော်မြို့နယ်၊ သရက်ငူအုပ်စု ကင်းဝကြီးကျေးရွာမှ မသင်းသင်းခိုင်က ဧရာဝတီသို့ ပြောသည်။
သရက်ငူကျေးရွာအုပ်စု ကင်းဝကြီးကျေးရွာတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ကျေးရွာအတွင်း မူးယစ်ရမ်းကား ဆဲဆိုသူတဦးအား ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ၃ ဦးက ခေတ္တ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ရာ ထိမ်းသိမ်းခံခဲ့ရသူမှ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၉ ဦးကို မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် ပန်းတနော်မြို့နယ် တရားရုံးတွင် ပြန်လည် တရားစွဲဆိုခဲ့သည်။
ယင်းအမှုကို ၁ နှစ်ကျော် ကြားနာစစ်ဆေးပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ နေ့တွင် ပန်းတနော်မြို့နယ် တရားသူကြီးက ဆယ်အိမ်မှူး ၃ ဦးအပါအဝင် လူ ၈ ဦးအား ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ပြီး ကျေးရွာအတွင်း မူးယစ်ရမ်းကားဆဲဆိုသူကိုမူ ဒဏ်ငွေ ၁ သောင်းကျပ် ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ် ချမှတ်ခံရသူတို့၏ မိသားစုဝင်များက ပန်းတနော်မြို့နယ် တရားသူကြီးအား ဦးဆောင်ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အစိုးရဌာနဆိုင်ရာများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူကုန်တား ရဲတပ်ဖွဲ့တို့အား ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တရားရေးဌာနမှ မြို့နယ်တရားသူကြီးတဦးအား ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ဆန္ဒပြသူများသည် “လယ်သမားများအား မတရားဖမ်းဆီးထောင်ချနေသော ပန်းတနော်မြို့နယ် တရားသူကြီးနှင့် ဥပဒေအကျိုးဆောင် အလိုမရှိ”၊ “တရားသူကြီးနှင့်ပေါင်းပြီး လာဘ်ပေးလာဘ်ယူမှု မလုပ်ရေး”၊ “တရားသူကြီးများ
မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး လယ်သမားများကို မြန်မြန်လွှတ်ပေးရေး”၊ “မှန်ကန်သော တရားစီရင်ရေး ချက်ခြင်း လုပ်ဆောင်ပေး” စသည့်ပိုစတာများ ကိုင်ဆောင်ကာ ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနရုံးရှေ့မှ မြို့နယ်တရားရုံးရှေ့အထိ လှည့်လည် ဆန္ဒပြခဲ့ကြသည်။
“ရပ်ထဲရွာထဲ မူးပြီး ဆဲဆိုရမ်းကားနေသူကိုကျတော့ ဒဏ်ငွေ ကျပ် ၁ သောင်းပဲ ရိုက်တယ်။ တာဝန်အရ ထိမ်းသိမ်း လုပ်ဆောင်ခဲ့ကြသူတွေရော၊ ဒီကိစ္စမှာ လုံးဝမပါဘဲ ကိုယ့်အိမ်ကိုယ် နေကြတဲ့လူတွေကိုပါ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်က လုံး၀ တရားမျှတခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်တရားသူကြီးချုပ်တို့က ဒီလိုမျိုး မတရားပြစ်ဒဏ် ချမှတ်တဲ့တရားသူကြီးကို စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ကင်းဝကြီးကျေးရွာမှ ဦးအေးမြင့်က ပြောသည်။
ထို့အပြင် ငါးခိုးမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ပန်းတနော်မြို့နယ် တရားရုံး၌ အချိန် ၄ လကျော်ကြာ အမှုရင်ဆိုင် နေရသည့် လယ်သမား ၁၉ ဦးကိစ္စတွင်လည်း လယ်သမားတို့အား အာမခံပေးရန် ပန်းတနော်တရားရုံးက ငြင်းဆန်ခဲ့ခြင်းနှင့် အချိန်ကြာမြင့်စွာ အမှုစစ်ဆေးနေခြင်းတို့အတွက် တရားသူကြီးအား စစ်ဆေး အရေးယူပေးပါရန် ဖမ်းဆီးခံနေရသည့် လယ်သမားတို့၏မိသားစုများက တောင်းဆိုခဲ့ကြသည်။
“ကျနော်တို့ လယ်သမားတွေကို လယ်ကိစ္စညှိနှိုင်းဖို့ဆိုပြီး ပန်းတနော်တရားရုံးကို ခေါ်ပါတယ်။ တရားရုံးထဲလည်း ရောက်ရော လယ်သမားတွေကို အကုန်လက်ထိပ်ခတ်ပြီး ဖမ်းခဲ့တာပါ။ အခုဆို လယ်သမားတွေကို အချုပ်ထဲ ထည့်ထားလို့ အချုပ်ထဲကနေ အမှုရင်ဆိုင်နေရတာ ၄ လကျော်နေပါပြီ။ အာမခံပေးဖို့ တင်တာလည်း မြို့နယ်တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူတွေကို ပြောချင်တာက တရားရေးမဏ္ဍိုင်ဟာ တော်တော် ယိုင်နေပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲပေးပါလို့ ပြောချင်ပါတယ်” ဟု အစ်ကိုဖြစ်သူ ဖမ်းဆီးခံထားရသည့် ကျောင်းကုန်းမြို့နယ် ကုန်းရှမ်းကျေးရွာမှ ကိုအောင်မြဦးက ပြောသည်။
ပန်းတနော်မြို့နယ် တရားရုံးတွင် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း လယ်ယာမြေနှင့် ပတ်သက်သည့် အမှုပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး လယ်သမားပေါင်း ၂၀၀ ကျော် တရားစွဲဆိုခံခဲ့ရကာ ယင်းအနက်မှ လူ ၅၀ ကျော် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီးဖြစ်ကြောင်း ပန်းတနော်မြို့မှ လယ်သမားအရေးလှုပ်ရှားသူ ဦးဇော်ဇော်က ပြောသည်။