ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွင် စည်းမျဉ်း ဥပဒေနှင့် မကိုက်ညီသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရုပ်သိမ်းခံရသူများအား အယူခံ တင်သွင်းခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“၇ ဦးစလုံး သူတို့ဘက်ကနေ အယူခံ ဝင်နိုင်ပါတယ်။ ဝင်မယ်ဆို လက်ခံမှာပါ။ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ပိုင်ခွင့် ရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးခန်း၌ ယနေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလွှာ ပေးအပ်သည့် အခမ်းအနားတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
အယူခံ ဝင်ပါက ရွေးကောက်ပွဲ ကော်မတီမှ ပြန်လည်စိစစ်ရေး ကော်မတီဖွဲ့ကာ အယူခံဝင်မှုကို စိစစ်သွားမည် ဖြစ်ပြီး အဆိုပါ စိစစ်ဆေးချက်များကို ကော်မရှင်မှ ထပ်မံစိစစ်မည် ဖြစ်ကြောင်း သိရသည်။
“အယူခံ စိစစ်တာမှာ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်က အတည်ပဲ။ ကော်မရှင်က သတ်မှတ်ထားတဲ့ နည်းဥပဒေ၊ ဥပဒေတွေကို လိုက်နာပြီး ဆုံးဖြတ်ပေးမှာ။ အဖွဲ့ ၄ ဖွဲ့ ဖွဲ့ပြီး သေချာ စိစစ်ခဲ့တယ်။ ကိုယ်စာလှယ်လောင်း ဝင်ရွေးခံဖို့ ရုပ်သိမ်းခံရတဲ့ ၇ ဦး ကို ကော်မရှင်က အစည်းဝေးတွေ အထပ်ထပ်ထိုင် စိစစ်ပြီးမှ ရုပ်သိမ်းခဲ့တာ။ အခု အဲဒီလူတွေ အယူခံ ပြန်ဝင်ရင်လည်း ကျနော်တို့က အဆင့်ဆင့် စစ်ဆေးသွားမှာပဲ” ဟု ဥက္ကဌ ဦးတင်အေးက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်ချက်အရ ရုပ်သိမ်းခံခဲ့ရသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း လျှောက်ထားသူများသည် အသက် ကန့်သတ်ချက်၊ ကိုယ်တိုင်ရေး အချက်အလက် မပြည့်စုံမှုတို့ကြောင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ရုပ်သိမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဦးတင်အေးက ပြောသည်။
စည်ပင် ရွေးကောက်ပွဲဝင်ခွင့် ရုပ်သိမ်းခံရသည့် ကိုယ်စားလှယ်လောင်း ဦးဝင်းချိုက “အယူခံ ဝင်ပါမယ်။ မဝင်ခင်မှာ ဘာကြောင့် အပယ်ခံရလဲကို တိကျစွာ သိချင်ပါတယ်။ ဒီအတွက် တရားဝင် စာပို့ပြီး မေးပါမယ်။ ဘာကြောင့်လဲဆိုတာ တိကျစွာ မသိရရင် ကျနော်အနေနဲ့ အယူခံဝင်ရာမှာ လွဲနေမှာ စိုးလို့ပါ” ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် အဆင့်ဆင့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်မည့် ကိုယ်စားလှယ်ပေါင်း ၂၉၁ ဦး ရှိပြီး အဆိုပါ ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် အသိမှတ်ပြု လက်မှတ် ထုတ်ပေးထားပြီး ရွေးကောက်ပွဲ မကျင်းပမီ ၁ ရက် အလိုအထိ မဲဆွယ်စည်းရုံးခွင့် ပေးထားသည်ဟု ဥက္ကဌ ဦးတင်အေးက ပြောသည်။
ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းများသည် တရားမဲ့ ပြုကျင့်မှုများကို လူကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲပေးသူများက သော်လည်းကောင်း မပြုလုပ်ဘဲ ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း၊ ယင်းသို့ တရားမဲ့ ပြုကျင့်မှုများရှိပါက မည်သည့် ကိုယ်စားလှယ်လောင်းကိုမဆို အရေးယူမည် ဖြစ်သည်ဟု ဥက္ကဌ ဦးတင်အေးက ဆက်ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အဆင့်ဆင့် ရွေးချယ်ရာ၌ ပြည်သူ့ ကိုယ်စားလှယ် ၄ ဦး၊ ခရိုင်တခုလျှင် ၃ ဦးနှုန်းဖြင့် ခရိုင် ၄ ခုမှ စုစုပေါင်း ၁၂ ဦး၊ မြို့နယ်တခုလျှင် ၃ ဦးနှုန်းနှင့် မြို့နယ် ၃၂ ခု အတွက် ၉၉ ဦး စသည်ဖြင့် ၁၁၅ ဦး ရွေးချယ် မည် ဖြစ်ပြီး ရွေးချယ်ခန့်အပ်ခြင်း ခံရသူများ၏ လစာနှင့် ခံစားခွင့်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
“ရွေးချယ်ခံရတဲ့ ၁၁၅ ယောက်ဟာ ဝန်ထမ်းအနေနဲ့ တာဝန် ထမ်းဆောင်ရမှာပါ။ သူတို့တွေ အတွက် လစာအနေနဲ့ တိုင်းကော်မတီဆိုရင် ၃ သိန်း ၂ သောင်း၊ ခရိုင်ဆိုရင် ၂ သိန်း၂ သောင်း၊ မြို့နယ်ဆိုရင် ၁ သိန်း၂ သောင်း ခံစားခွင့် ရမယ်။ တခြားသီးခြား ခံစားခွင့်တွေပါ ပေးမှာပါ။ သူတို့တွေအတွက် ကားတွေပါပေးဖို့ မှာထားပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှုး ဦးညီညီက ပြောသည်။