အမေရိကန် ဖက်ဒရယ်ပုံစံနဲ့ ပတ်သက်ပြီး နောက်ဆုံးအချက်ကို ပြောရအောင်ပါ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ အမေရိကန်
အခြေခံဥပဒေက အချိုးညီ ဖက်ဒရယ်ပုံစံတမျိုးကို တည်ထောင်ပေးပါတယ်။ ဒါ့အပြင် စုပေါင်းတောင်းဆိုပြီးမှ ရယူတဲ့ အခွင့်အရေး (collective rights) တွေကို တောင်းဆိုရယူဖို့ဆိုတဲ့ အလေ့အကျင့်တွေလည်း အမေရိကန် နိုင်ငံသားတွေမှာ အားနည်းနေတာကြောင့် အချိုးညီဖက်ဒရယ်ပုံစံက ပိုပြီးအားကောင်းသွားပါတယ်။ ဆွစ်ဇာလန် (ဘာသာစကားတခု ဒါမှမဟုတ် ကိုးကွယ်ရာ ဘာသာတခုကို အခြေခံကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ဆိုတာ ဆွစ်ဇာလန်မှာ မရှိပါ) ကလွဲပြီး ကျန်တဲ့ တိုင်းရင်းသားလူမျိုးစုံ ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံဥပဒေကို ကြည့်လိုက်ရင် အချိုးမညီတာကို တွေ့ရပါတယ်။
တိုင်းရင်းသားလူမျိုးစုံ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်းကို တစုတစည်းထဲ ဖွ့ဲစည်းထားနိုင်ဖို့ဆိုရင် မတူညီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဥပဒေရေးရာ လုပ်ပိုင်ခွင့်တွေကို မတူညီတဲ့ ပြည်နယ်တွေကို ပေးထားရပါတယ်။ အမေရိကန် ပုံစံအတိုင်းသာ အချိုးညီညီဖက်ဒရယ်ကို တည်ဆောက်လိုက်မယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ မဖြစ်မနေ လုပ်ဆောင်ပေးရမယ့် အရာတွေတော်တော်များများကို လုပ်ဆောင်ပေးနိုင်မယ် မဟုတ်တော့ပါ။ အခြေခံဥပဒေအရ အချိုးညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေ အားလုံး (သြစတီးယား၊ ဂျာမနီ၊ သြစတေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ဘရာဇီးလ်နဲ့ အာဂျင်တီးနား) က တိုင်းရင်းသားလူမျိုး တမျိုးတည်း နေထိုင်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကတော့ ခြွင်းချက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အိန္ဒိယ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါနဲ့ စပိန် တို့ကတော့ တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ နိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့ဖက်ဒရယ်စနစ်က အချိုးမညီကြပါ။ ရုရှနိုင်ငံ ဖက်ဒရယ်စနစ်ကလည်း အချိုးမညီသလို အခြေခံဥပဒေ အနေအထားနဲ့ ပြောရရင်လည်း ဒီမိုကရေစီတော့ မဟုတ်ပါ။
ဘာသာစကား၊ ကိုးကွယ်ရာဘာသာနဲ့ ယဉ်ကျေးမှုဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် တသီးပုဂ္ဂလအခွင့်အရေး အဖြစ်သာ
အမေရိကန်တွေက စဉ်းစားကြတာဖြစ်လို့ စုပေါင်းအခွင့်အရေး (collective rights) ဆိုတဲ့ အယူဝါဒနဲ့တော့ မကိုက်ညီပါ။
နိုင်ငံသားတွေရဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေကို အခြေခံဥပဒေထဲမှာ ထည့်သွင်းမပေးထားရင် နိုင်ငံတခု
လူ့အဖွဲ့အစည်းတခုက ဒီမိုကရေစီမဖြစ်နိုင်လို့ ပြောရင်လည်း မှန်ပါတယ်။ တခါ အဲဒီအခွင့်အရေးတွေကို
ထောက်ပံ့ကာကွယ် ပေးထားဖို့အတွက် ရေပြင်ညီလိုက် အထိန်းအကွပ်တွေရော၊ ဒေါင်လိုက် အထိန်းအကွပ်တွေရောကို
နိုင်ငံတဝှမ်းမှာ တည်ထောင်ပေးထားတာ မရှိရင်လည်း ဒီမိုကရေစီမဖြစ်နိုင်ပါ။ ဖက်ဒရယ်မှာ ပါဝင်ထားတဲ့ပြည်နယ်တွေ
ဒေသတွေအနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးတွေကို ရယူပိုင်ဆိုင်ထားသည်ဖြစ်စေ နိုင်ငံသားတွေရဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေကို အခြေခံဥပဒေ ဘောင်ထဲကနေရော၊ နိုင်ငံရေးဘောင်ထဲကနေပါ ချိုးဖောက်လို့မရပါ။
နိုင်ငံသားတွေက သူတို့ရဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေရအောင် အကောင်အထည် ဖော်ပေးရမှာက ဗဟိုအစိုးရရော၊
ပြည်နယ်တွေရောရဲ့ တာဝန်ပါပဲ။ ဒါပေမယ့် ဒီမိုကရေစီအခွင့်အရေးတွေ ကာကွယ်ထိန်းသိမ်းပေးရမယ့် တာဝန်တွေကို
ဗဟိုအစိုးရက လုံးလုံးလျားလျား ခေါင်းရှောင်ပြီး ပြည်နယ်တွေကိုပဲ လွှဲပေးထားလိုက်မယ် ဆိုရင်လည်း အဲဒီနိုင်ငံက
ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်တော့ပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အလက်ဇီးဘီတော့ကဗီလာ က သေသေချာချာ
ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အမေရိကန်ဒီမိုကရေစီမှာ ဒေသအလိုက် စုဖွဲ့လုပ်ဆောင်မှု အားကောင်းတာကို
သူက နှစ်ထောင်းအားရ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတခုလုံးမှာ ဖြန့်ကျက်ထားသင့်တဲ့ တရားဥပဒေစိုးမိုးမှုကို ဗဟိုအစိုးရက အကောင်အထည်ဖော်ပေးပြီး အာမခံပေးထားရမယ်လို့ ထောက်ပြခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ နိုင်ငံတွေမှာ တချို့တိုင်းရင်းသား အုပ်စုတွေက ပညာရေးကို လက်လှမ်းမီဖို့၊ လူထုမီဒီယာကို
သုံးစွဲနိုင်ဖို့၊ (သူတို့ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုအလိုက်) ဘာသာရေးနဲ့ ဥပဒေကြောင်းအရ အကာအကွယ်
အစီအမံတွေရဲ့ စောင့်ရှောက်မှုကို ခံယူနိုင်ဖို့ နိုင်ငံသားတယောက် အခွင့်အရေးရသလို ရထားဖို့လိုပါတယ်။ အဲဒီလို ရထားမှသာ သူတို့က နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီထဲက တချို့အခွင့်အရေးတွေဟာ
အုပ်စုသီးသန့် စုပေါင်းအခွင့်အရေး (group-specific collective rights) တွေ ဖြစ်နိုင်ပါတယ်။ လစ်ဘရယ်အယူအဆကို
အစဉ်အလာစွဲကိုင်ခဲ့တဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ အမြင်ကတော့ တမျိုးပါ။ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ အားလုံးက လူတဦးတယောက်ချင်းနဲ့သာဆိုင်ပြီး လောကလုံးသဘောကို ဆောင်တယ်လို့ အယူရှိပါတယ်။ လူတဦးတယောက်သဘော လောကလုံးသဘောကနေ သွေဖည်သွားပြီဆိုရင် သံသယဝင်ရတော့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လစ်ဘရယ်သမားတွေရဲ့ အမြင်တွေကိုလည်း မေးခွန်းထုတ်ရပါဦးမယ်။
အုပ်စုအလိုက်ရကြတဲ့ ဒီမိုကရေစီအခွင့်အရေး (ကနေဒါနိုင်ငံသား နိုင်ငံရေး ဒဿနပညာရှင် ဝီလ်ကင်လစ်ကာရဲ့
စကားလုံးကို ယူသုံးတာဖြစ်ပါတယ်) တွေနဲ့ ပတ်သက်ပြီး မှတ်ချက် ၄ ခုနဲ့ အခု နိဂုံးချုပ်ပါတော့မယ်။
သမိုင်းကြောင်း တလျှောက် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်လာတာအပေါ် လေ့လာချက်တွေကနေ တစိတ်တပိုင်း ဆွဲထုတ်ပြီး သုံးသပ်ထားတာလည်း ဖြစ်ပါတယ်။
ပထမအချက်။ တသီးပုဂ္ဂလ အခွင့်အရေးတွေက အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အုပ်စုအခွင့်အရေးတွေက တသီးပုဂ္ဂလ အခွင့်အရေးတွေကို ကျော်လွန်လို့မရပါ။ ဆိုလိုတာကတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတွေမှာ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့် (bill of individual rights) လို အခြေခံကျတဲ့ အခွင့်အရေးတွေကို ဗဟိုအစိုးရက သတ်မှတ်ပြဌာန်းပေးရပါမယ်။ ဒါပေမယ့် တခါတလေမှာတော့ အဲဒီ အခြေခံရပိုင်ခွင့်တွေကို ချိုးဖောက်ပြီး ဥပဒေတွေ၊ လူမှုရေးပေါ်လစီတွေ ချမှတ်ပေးရတာလည်း ကြုံကောင်း ကြုံလာနိုင်ပါတယ်။ အဲဒီလိုကြုံလာရင်လည်း အဲဒီလို ဥပဒေတွေ ပေါ်လစီတွေကို ချမှတ်ပြဌာန်းတာက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် မဖြစ်စေရပါ။ အခြေခံဥပဒေထဲမှာလည်း ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုပါတယ်။
ဒုတိယအချက်။ တသီးပုဂ္ဂလ အခွင့်အရေးတွေဆိုကို လူသားအားလုံး ခံစားခွင့်ရှိစေရပါမယ်။ ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံတွေမှာလည်း အဲဒီအခွင့်အရေးတွေကို တကယ်လက်တေ့ွမှာ လူတွေအားလုံး ခံစားနေရပါပြီလို့ ပြောလာရင်တော့ သမိုင်းကြောင်းတွေ မှားနေပါပြီ။ တိုင်းပြည်တွေမှာ နိုင်ငံရေးအရ တစည်းတလုံးတည်း ရှိနေအောင် မဖြစ်မနေ ကြိုးစားတည်ဆောက်ရပါတယ်။ ဒါ့အပြင် တဖက်မှာလည်း ယဉ်ကျေးမှုအရ ကွဲပြားခြားနားချက်တွေ ရှိနေတာကြောင့် သူတို့ ၂ ခုကို ပေါင်းစည်းပေးဖို့ ကြိုးစားရင်းနဲ့ တချို့လူနည်းစု အုပ်စုတွေကို သီးသန့် အခွင့်အရေးတွေ ပေးအပ် လာရတာလည်း မကြာခဏပါပဲ။ ကနေဒါနိုင်ငံက ပြင်သစ်စကားပြော ကွီဘက်အုပ်စုတွေကို အခွင့်အရေး ပေးရသလိုမျိုး။ ဘယ်လ်ဂျီယမ်နိုင်ငံက ယဉ်ကျေးမှုကောင်စီတွေကို အခွင့်အရေး ပေးရသလိုမျိုးနဲ့ အိန္ဒိယနိုင်ငံက မွတ်စလင်မိသားစု တရားရုံးတွေကို Muslim family courts သီးသန့် အခွင့်အရေး ပေးရသလိုမျိုးတွေပါ။ တခုပဲရှိတာက အုပ်စုအလိုက် သီးသန့်ပေးတဲ့ အခွင့်အရေးတွေက တသီးပုဂ္ဂလ အခွင့်အရေးတွေနဲ့ လောကလုံးသဘောဆောင်တဲ့ အခွင့်အရေးတွေကို မချိုးဖောက်မိစေအောင် လုပ်ပေးရမှာက ဒီမိုကရေစီနိုင်ငံတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
တတိယအချက်။ နိုင်ငံသားတဦးချင်း တယောက်ချင်းက တသီးပုဂ္ဂလ အခွင့်အရေးတွေကို ကိုင်စွဲကျင့်သုံးခွင့် ရှိတယ်လို့
ဆိုပေမယ့် ပေးထားတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ သုံးစွဲခွင့်မရ ဒါမှမဟုတ် တိုးတက်ကောင်းမွန်အောင် လုပ်လို့မရတဲ့
အခြေအနေတွေလည်း အသေအချာ ရှိပါတယ်။ နိုင်ငံသားတွေအများစုနဲ့ အကျုံးဝင်သက်ဆိုင်တဲ့ ကောင်းရာကောင်းကျိုး ကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အုပ်စုထဲမှာ တက်တက်ကြွကြွ မပါဝင်ဘူးဆိုရင် အခွင့်အရေးတွေကို သုံးစွဲခွင့် မရဘူးဆိုတဲ့ အခြေအနေပါ။ ဥပမာ၊ စပိန်နိုင်ငံတွင်းက ကာတာလန် ပြည်နယ်သားတွေရဲ့ ကိုယ်ပိုင် ဘာသာစကားကို တရားဝင် အသိအမှတ်ပြုပေးတာ အပါအဝင် တချို့အုပ်စုလိုက်ပေးတဲ့ အခွင့်အရေးတွေကို
သာမပေးခဲ့ဘူးဆိုရင် ကာတာလန် ပြည်နယ်သားတွေက စပိန်နိုင်ငံသားအဖြစ် နေထိုင်ပါ့မလားဆိုတာကို သံသယ ဝင်စရာပါပဲ။ အလားတူပဲ တူရကီနိုင်ငံတွင်းက ကာ့ဒ်တွေကလည်း အုပ်စုလိုက်ပေးတဲ့ တချို့အခွင့်အရေးတွေ
(ကာ့ဒ်လူမျိုးတွေ အများစုနေထိုင်တဲ့ တူရကီအရှေ့တောင် ဒေသမှာ ကာ့ဒ်သတင်းစားတွေ ထုတ်ဝေခွင့်နဲ့ အသံလွှင့်ရုံတွေ
တည်ထောင်ခွင့် လိုမျိုး) ကို မရဘူးဆိုရင် ဒီမိုကရေစီ တူရကီရဲ့ နိုင်ငံသားတွေအဖြစ် လက်ခံလိမ့်မယ်တော့ မထင်ပါ။
နောက်ဆုံးအချက်။ အုပ်စုအလိုက် သီးသန့်အခွင့်အရေး ပေးတာတွေက ၁၉ ရာစု အင်ဂလိုဆက်ဆွန် လစ်ဘရယ် ဒီမိုကရေစီရဲ့ သက်ဝင်ယုံကြည်မှုတချို့နဲ့ သဟဇာတ ဖြစ်ချင်မှဖြစ်မှာပါ။ အမျိုးသားနိုင်ငံတခုရဲ့ နိုင်ငံသားစရိုက် လက္ခဏာတွေနဲ့လည်း သဟဇာတ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် အုပ်စုအခွင့်အရေးတွေက တသီးပုဂ္ဂလ အခွင့်အရေးတွေကို မကျော်လွန် မချိုးဖောက်တဲ့ နိုင်ငံမှာ၊ ဒီမိုကရေစီနိုင်ငံသား အခွင့်အရေးတွေနဲ့ သစ္စာခံမှုကို
နိုင်ငံတခုလုံးမှာ ပျံ့နှံ့တည်ရှိအောင် ထိထိရောက်ရောက် ခွင့်ပြုထားတဲ့ နိုင်ငံမှာတော့ သဟဇာတ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုံနေထိုင်ပြီး လူဦးရေများပြား၊ အုပ်ချုပ်ရခက်ခဲတဲ့ နိုင်ငံတွေမှာ အုပ်စုအလိုက်ပေးတဲ့ သီးသန့် အခွင့်အရေးတွေက ဒီမိုကရေစီကို အောင်အောင်မြင်မြင် ထုဆစ်ဖန်တီးဖို့ လက်နက်ကိရိယာတွေထဲက
တခုဖြစ်ပါတယ်။
အမေရိကန် ဖက်ဒရယ်လစ်ဇ်ရဲ့ ကန့်သတ်ချက်များ
ဖက်ဒရယ်စနစ်တွေကို အခု ဒီဆောင်းပါးမှာ လေ့လာဆန်းစစ်ထားပြီးပါပြီ။ အဲဒီ လေ့လာဆန်းစစ်ချက်တွေအရ အမေရိကန်
ပုံစံက မူလဇစ်မြစ်အားဖြင့် အတူယှဉ်တွဲ (coming together) ဖြစ်ပါတယ်။ အခြေခံဥပဒေ တည်ဆောက်ပုံအရ အချိုးညီ
(Symmetrical) ပါတယ်။ နိုင်ငံရေး အကျိုးဆက်တွေအားဖြင့် ပြည်သူ့ဆန္ဒ အရှိန်သတ်ပေး (demos-constraining) ပါတယ်။ အမေရိကန် ဖက်ဒရယ်စနစ်က ဂုဏ်သိက္ခာ ကြီးမားပေမယ့် သမိုင်းကြောင်းကို လေ့လာတဲ့နေရာမှာ အထောက်အကူ ပြုရုံလောက်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တခြား ဒီမိုကရေစီ နိုင်ငံတွေအတွက် နမူနာယူ လုပ်ဆောင်ရလောက်အောင် ဆွဲဆောင်မှုမရှိပါ။
ပြင်သစ်တော်လှန်ရေးပြီး နောက်ပိုင်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမျိုးသားနိုင်ငံတွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ အချုပ်အခြာ အာဏာပိုင်ပြီး ဒီမိုကရေစီကျင့်သုံးတဲ့ အမျိုးသားနိုင်ငံတွေထဲမှာ အတူယှဉ်တွဲပုံစံနဲ့ ဖက်ဒရယ်ကို တည်ဆောက်ခဲ့တယ် ဆိုတဲ့ နိုင်ငံမရှိပါ။ Unitary လက္ခဏာတွေ လွန်ကဲတဲ့ နိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ စပိန်တဲ့ အိန္ဒိယတို့ကတော့ အတူပေါင်းစည်း (Holding-together) ဖက်ဒရေးရှင်းတွေကို တည်ဆောက်ထားကြပြီး အမေရိကန် ပုံစံနဲ့တော့ မတူပါ။ သူတို့တွေရဲ့ အခြေခံဥပဒေ တည်ဆောက်ထားပုံက အချိုးမညီဘဲ ပြည်သူ့ဆန္ဒအရှိန် လွှတ်ပေးပါတယ်။ အရှိန်သတ်ပေးတာ မဟုတ်ပါ။ ယူနိုက်တက်ကင်းဒမ်း အနေနဲ့ ဖက်ဒရေးရှင်း နိုင်ငံတခု ဖြစ်လာမယ်ဆိုရင်လည်း မူလသဘာဝအရ အတူပေါင်းစည်း ဖက်ဒရယ်ပဲ ဖြစ်လာပါလိမ့်မယ်။
ဖက်ဒရေးရှင်း နိုင်ငံတခုဖြစ်လာရင် အထက်လွှတ်တော်မှာ ဝေးလ်စ်ပြည်နယ်၊ စကော့တလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်
ပြည်နယ်တွေက အမတ်နေရာအရေအတွက် အင်္ဂလန်လို ညီတူမျှတူရမှာ မဟုတ်တဲ့အတွက် ဒါမှမဟုတ် အထက် လွှတ်တော်နဲ့ အောက်လွှတ်တော်က လုပ်ပိုင်ခွင့်အာဏာချင်း တူမှာမဟုတ်တဲ့အတွက် (ကျနော်တီထွင် သုံးစွဲထားတဲ့ စကားလုံး) ပြည်သူ့ဆန္ဒ အရှိန်သတ်ခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါ။ အခြေခံဥပဒေအရ အချိုးညီအောင် လုပ်ထားမယ် ဆိုရင်လည်း ဖက်ဒရေးရှင်းအသစ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယူနိုက်တက်ကင်းဒမ်း ဖက်ဒရယ်က အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်နဲ့တော့ တူမှာမဟုတ်ပါ။
ပိုပြီးအားကောင်းတဲ့ နိုင်ငံသစ်ကို ဖက်ဒရယ်ပုံစံနဲ့ တည်ထောင်ဖို့ ရှိပြီးသား အချုပ်အခြာအာဏာတွေကို အလယ်မှာ စုပုံထားပြီး အတူတကွစုဝေးခဲ့တဲ့ အမျိုးသားနိုင်ငံတွေဆိုတာ ပြင်သစ်တော်လှန်ရေး နောက်ပိုင်းမှာ မရှိသေးပါဘူး။ အဲဒီလိုမရှိခဲ့တာ အတွက်ကြောင့်ကိုပဲ နောင်အနာဂတ်မှာ ပေါ်ပေါက်လာတဲ့ ဥရောပသမဂ္ဂ (EU) အပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂကို လွတ်လပ်တဲ့ နိုင်ငံတွေနဲ့ ဖွ့ဲစည်းထားပြီး အများစုကတော့ အမျိုးသားနိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကလည်း လုပ်ဆောင်ပုံအရ တဖြည်းဖြည်းနဲ့ ဖက်ဒရယ် ဆန်လာကြပါတယ်။ စီးပွားရေးက နာတာရှည် နှေးကွေးနေမယ်ဆိုရင် (ဒါမှမဟုတ် ကျဆင်းနေမယ်ဆိုရင်) ဒါမှမဟုတ် တချို့ ဥရောပသမဂ္ဂနိုင်ငံတွေက တခြား ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ အလုပ်လက်မဲ့နှုန်းတွေ များပြားနေမယ် ဆိုရင် “နိုင်ငံရေးလုပ်ဆောင်ပုံ မူမမှန်ဘူးလို့ ယူဆတဲ့” ဖက်ဒရယ်စီးပွားရေး စနစ်တချို့တလေကို ဖျက်သိမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေ မဲပေးလာနိုင်ပါတယ်။ လွတ်လပ်စွာခွဲထွက်ခွင့် ရှိနေတယ်လို့ ယူဆရတာကြောင့် ဥရောပသမဂ္ဂက ဆက်ပြီးတော့ တမူထူးခြားနေပါလိမ့်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုလို ဂန္တဝင်ဖက်ဒရယ်နိုင်ငံတွေနဲ့တော့ တူမှာမဟုတ်ပါ။
နောက်ဆုံးအနေနဲ့ ပြောရရင် လက်ရှိမှာ ဒီမိုကရေစီ မကျင့်သုံးသေးတဲ့ ကမ္ဘာ့နေရာဒေသတွေ နိုင်ငံတိုင်းပြည်တွေ
အများကြီးရှိပါတယ်။ အဲဒီနေရာဒေသတွေကနေ ဖက်ဒရယ်နိုင်ငံသစ်တွေ ပေါ်ပေါက်လာရင်လည်း နယ်မြေဒေသကို
အခြေခံပြီး ဖွဲ့စည်းထားတဲ့ ဘာသာစကားစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖက်ဒရယ်နိုင်ငံတွေပဲ ဖြစ်ပါလိမ့်မယ်။
အခုဒီဆောင်းပါးမှာ ကြောင်းကျိုးယှဉ် တင်ပြခဲ့သလိုပါပဲ၊ အမေရိကန်ပုံစံဖြစ်တဲ့ အတူယှဉ်တွဲ စရိုက်လက္ခဏာ၊
ပြည်သူ့ဆန္ဒအရှိန်သတ် စရိုက်လက္ခဏာတွေပါဝင်တဲ့ အချိုးညီ ဖက်ဒရယ်ကို နမူနာယူလုပ်ဆောင်ပြီး ဒီမိုကရေစီကို
တည်ဆောက်မဲ့ နိုင်ငံတွေကတော့ တော်တော်လေး နည်းပါလိမ့်မယ်။
(အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် Gladstone Professor of Government အဖြစ် ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ယခုအခါ ကိုလံဘီယ တက္ကသိုလ်တွင် Wallace Sayre Professor of Government အဖြစ် ဆောင်ရွက်နေသည်။ ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလက ပို့ချခဲ့သော စီးရီးများကို အခြေခံပြီး ယခု အက်ဆေးကို ရေးသားခြင်း ဖြစ်သည်။ အခု အက်ဆေးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)