Politics

မြန်မာ့ ပြုပြင်ပြောင်းလဲရေး ရပ်နေပြီဟု အမေရိကန်အမတ်များ သတိပေး

This article has been converted from Zawgyi One to Unicode

ရှေ့အပတ် မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူးနေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရနိုင်အောင်
လုပ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အချိန်ဆွဲနေတာကို ရပ်ဆိုင်းဖို့ မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရကို ဖိအားပေးရမယ်လို့ အမေရိကန် ကွန်ဂရက်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်ထိ ကြာမယ့် မြန်မာပြည် ခရီးစဉ် မတိုင်မီ မြန်မာ့ အရေး စိတ်ဝင်စားတဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဂျိုးခရောင်းလေး၊ စတိဗ် ချဘော့၊ ထရန့်ဖရန့်၊ ဂျင်မက်ဂါးဗန်း တို့ ဦးဆောင်တဲ့  နိုင်ငံရေး ပါတီကြီးနှစ်ခု စလုံးက အောက်လွှတ်တော် အမတ် ၄၄ ယောက်က အိုဘားမားထံကို ပေးစာ တစောင် နိုဝင်ဘာလ ၇ ရက်နေ့က ပေးပို့ တောင်းဆိုလိုက်ကြတာပါ။

၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက ဘယ်လိုပဲ ပြောပြော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့အတွက် သမ္မတ အိုဘားမားရဲ့ ဒီတခေါက် မြန်မာပြည်ခရီးစဉ်မှာ ဒီကိစ္စ ဖိအားပေးဖို့ လိုတယ် ဆိုပြီး ပေးစာမှာ ဖော်ပြထားပါတယ်။

ကချင်နဲ့ ရှမ်းမှာလို တိုင်းရင်းသား လူနည်းစုအပေါ် တိုက်ခိုက်နေတာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် လျော့နည်းလာတာ၊ နိုင်ငံရေး အကျဉ်းသား အားလုံး မလွတ်မြောက်သေးတာ၊  ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အမုန်းပွားမှုတွေ ဖြစ်အောင် အစိုးရက ထောက်ပင့်နေတာမျိုးတွေလည်း ရှိနေတာတွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲတွေ ရပ်နေပြီဆိုခြင်းပဲလို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေတယ်လို့ ကွန်ဂရက်အမတ်တွေက ဆိုပါသေးတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်ကို ပိုပြီး ကြီးမားတဲ့ အထောက်အပံ့တွေ ပေးမယ်ဆို “မြန်မာပြည်သူတွေဟာ သူတို့ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့်ရှိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရမယ်။ တိုင်းရင်းသားလူနည်းစုတွေကို တိုက်ခိုက်နေတာကို အဆုံးသတ် ရပ်ဆဲရမယ်။ အစိုးရနဲ့ စစ်တပ်က အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းချက်တွေမှာ တာဝန်သိစွာ ပါဝင်ဆောင်ရွက်ရမယ်” လို့ အမေရိကန် အမတ်တွေက ပေးစာမှာ ရေးပါတယ်။ ဒီဆောင်ရွက်မှုတွေကို ကဖျက်ယဖျက်လုပ်နေသူတွေကိုလည်း နာမည်ပျက်စာရင်းသွင်းဖို့ တောင်းဆိုထားပါတယ်။

သမ္မတ အိုဘားမားဟာ သူ့မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ သွေးမြေမကျဘဲ ကူးပြောင်းသွားနိုင်တဲ့ အချက်ကို အမေရိကန် နိုင်ငံခြားရေး ပေါ်လစီရဲ့ အောင်မြင်မှုတရပ် ဖြစ်တယ်ဆိုပြီး ရှုမြင်နေရုံသာမက ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခဲ့လို့ နာမည်ပျက်ရှိနေတဲ့ မြန်မာစစ်တပ်ကိုပါ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့ပြီး ဒီကိစ္စအပေါ်မှာ သူ့အောင်မြင်မှု တရပ်အနေနဲ့ ဂုဏ်ယူနေတာပါ။

ဝါရှင်တန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို “ဒီမိုကရေစီ ရုပ်ပုံလွှာ”လို့ ချီးမြှောက်ပေမယ့် နေပြည်တော်နဲ့ ပိုနီးစပ်လာခဲ့တယ်၊ ရေဒါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို ခပ်မဆိပ်နေပြီး လက်ရှောင်လာခဲ့တယ် ဆိုတဲ့ ဝေဖန်ချက်တွေလည်း ပေါ်ထွက်လာနေခဲ့တယ်။

မြန်မာပြည်အကြောင်း အကောင်းတွေ ဘယ်လိုပြောပြော အမေရိကန်နိုင်ငံခြားရေး ပေါ်လစီမှာ ပိုအရေးပါတဲ့ အရှေ့အလယ်ပိုင်း ပြဿနာကို အကိုင်အတွယ် ညံ့တာကြောင့် ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတရဲ့ ဒီမိုကရက်တွေ အကြီးအကျယ် ရှုံးပြီး ရီပတ်ဘလီကန်ပါတီက အနိုင်ရခဲ့တာကလည်း အိုဘားမားရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီကြားထဲမှာ အမေရိကန် အမတ်တွေ သမ္မတ အိုဘားမားဆီကို ပေးစာပေါ်ထွက်ခဲ့တာပါ။ ပေးစာ မပို့မီ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရုံးမှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး မြန်မာ့ ပြုပြင်ပြောင်းလဲမှုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သိပ်အကောင်းမြင်လွန်းနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို အမေရိကန် အစိုးရက အရမ်းကို အကောင်းမြင်လွန်းနေတယ်။ တကယ်တော့ သေချာလေ့လာကြည့်မယ်ဆိုရင် မြန်မာပြုပြင်ပြောင်းလဲမှုက ရပ်ဆိုင်းနေတာ လအတော်ကြာနေပါပြီ ”လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဒီလိုအနေအထားမှာ အိုဘားမားဟာ နေပြည်တော်မလာခင် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အခက်အခဲဖြစ်အောင် လုပ်နေတယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဩဇာရှိ ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခြင်းနဲ့ နိုင်ငံရေးဖိအားတွေကို စတင်တုန့်ပြန်လိုက်တာလို့ သုံးသပ်မိပါတယ်။

Loading