ထောင်ပြင်ရှိ ဝန်ထမ်းအိမ်ရာမှ မိမိတို့ မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်လာကြပြီး ဝန်ထမ်းအချို့က လုပ်ငန်းခွင်ကို စွန့်ခွာ၍ မိသားစုထံ ပြန်သွားကြ၏။ အကျဉ်းသားများ ကလည်း ထောင်တွင်း၌ ရှိသော ပစ္စည်းများကို စိတ်တိုင်းကျ သုံးစွဲကြ၏။ ဖျက်ဆီးကြ၏။ ဤသို့ဖြင့် အကျဉ်းဦးစီးဌာန၏ ဗဟိုပစ္စည်း သိုလှောင်ရုံမှ ပစ္စည်းများ ဖောက်ယူပြီး ဘူးမျှော်စင်မှ ဝန်ထမ်းအချို့နှင့် အပေးအယူ လုပ်၍ ခိုးထုတ်ကြ၏။
ဤသို့ဖြင့် အကျဉ်းဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနမှ ညွှန်ချုပ် ဗိုလ်မှူးကြီး ၂ ဦးသည် အင်းစိန်ထောင်ကို လည်းကောင်း၊ မြန်မာပြည်တွင်းမှ အခြားထောင်များကို လည်းကောင်း၊ ထောင်ဝန်ထမ်းကောင်းများကို လည်းကောင်း၊ ဖျက်ဆီး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအား လှိုင်းကြီးလေထန် ခရီးကြမ်းထဲသို့ ပထမဆုံး အဓမ္မ မောင်းထည့်ခဲ့သူများ ဖြစ်လာ ပါတော့သည်။
အထက်ပါ ဗိုလ်မှူးကြီး ၂ ဦး၏ အကျဉ်းထောင် ဖွင့်ပေးတော့မည့် ပဏာမဟန်ပြ စီမံချက်ကို အဟုတ်ထင်၍ ထောင် အနီးမှ စစ်ရေး၊ နိုင်ငံရေး အတွေ့အကြုံ ရှိသူများ ရိုးရိုးသားသား ကောက်ချက်ထုတ်၍ စာရေးသူအား သတင်းပေး သည်ကို စာရေးသူက ထောင်ဝန်ထမ်း မိသားစုများထံမှ ရသောသတင်းများနှင့် ပေါင်းစပ်ခန့်မှန်းပြီး အင်းစိန်ထောင် ဆူပူမှု ဖြစ်ပွား၍ လူ ၁၀ဝ၀ ကျော်ခန့် သေကျေဒဏ်ရာ ရနိုင်သည်ဟု ခရစ္စတိုဖာဂန်းနက်ထံ သတင်းမှားကို ပို့ခဲ့မိခြင်း ဖြစ်ပါသည်။
ခရစ္စတိုဖာဂန်းနက်က အသေအပျောက် ဒဏ်ရာရမှု စာရင်းများ၍ ၎င်းသတင်းကို ဘီဘီစီသို့ မပို့ရဲဘဲ အချိန်ဆွဲပြီး သတင်း ခိုင်မာအောင် ထပ်မံ စုံစမ်းဖို့ စာရေးသူအား မေတ္တာရပ်ခံ၏။ မဆလ အစိုးရ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ည ၈းဝ၀ နာရီသတင်းတွင် အင်းစိန်ထောင် ဆူသည့်သတင်း ဦးဦးဖျားဖျား ထူးထူးခြားခြား လွှင့်ထုတ်ခဲ့သဖြင့်သာ စာရေးသူတို့က မိနစ် ၂၀ ခန့် နောက်ကျပြီးမှ ဘီဘီစီတွင် ထောင်ဆူသည့် သတင်းပါအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါ သည်။
မြန်မာ့အသံ သတင်းကို နားထောင် သုံးသပ်ကြည့်သော အခါတွင် စာရေးသူ အနေဖြင့် အင်းစိန်ထောင်သတင်း နောက်ကွယ်၌ မဟုတ်တာတွေ ဖြစ်ကုန်တော့မည်ဟု သံသယ ဝင်စရာများ တသီတတန်းကြီးကို တွေးဆလာမိပါ သည်။ ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများ ရပ်စဲသွားပြီးနောက် အခြေအနေကို စာရေးသူက ကိုယ်တွေ့ကြုံသူ အကျဉ်းသားများနှင့် ဝန်ထမ်းများအား အင်းစိန်ထောင်ထဲတွင် မေးမြန်းကြည့်ခဲ့ရာ အောက်ပါအတိုင်း အံ့ဩဖွယ်ရာ ထပ်မံသိရှိရပါသည်။
မည်သည့် လုံခြုံရေးဆိုင်ရာ စစ်တပ်၊ ရဲတပ်မျှ ထောင်ထဲ ဝင်လာခြင်း မရှိ၊ မည်သည့် အကျဉ်းဌာန သန္ဓေဝန်ထမ်းမျှ ထောင်ထဲတွင် တာဝန် ထမ်းဆောင်သည် ကို မတွေ့ရ။ သေဆုံးသူ အလောင်းများကို အင်းစိန်ထောင် ဆေးရုံဝင်း အတွင်းနှင့် အခြားနေရာများတွင် မြေကျင်းတူး၍ အကျဉ်းသားများ ကိုယ်တိုင် မြေမြှုပ်ရှင်းလင်းကြရသည် ဆိုပါသည်။ ပွဲကြည့် ပရိတ်သတ်လို ထိုင်ကြည့် နေရသည့် ဝန်ထမ်းများရှိရာ ဂါတ်ကြီးပေါ်သို့ လှမ်းအော် အသိပေးပြီး ပြုလုပ်ခြင်း ဖြစ်ပါသည်။ မီးသတ်ကားမှ ရေများ ထောင်ဘူးဝမှ ပိုက်သွယ်မောင်း ထည့်ပေးသည်ကို အကျဉ်းသားများက မိမိ အစီအစဉ်နှင့် လက်ခံရယူကြရသည်ဟု ဆိုပါသည်။
ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှစ၍ အကျဉ်းသား အချုပ်သားများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးခြင်း မရှိဘဲ စတင်လွှတ်ပေးမှုကို မူလ သန္ဓေဝန်ထမ်း မဟုတ်သည့် ယူနီဖောင်း တပိုင်းဝတ်လူစိမ်း ပုဂ္ဂိုလ်များက ဒုဗိုလ်မှူးကြီးများ၏ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်ကြသည် ဟု ဆိုပါသည်။
ဤသို့ဖြင့် ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှ စ၍ အင်းစိန်ထောင်အတွင်းမှ အကျဉ်းသား၊ အချုပ်သားများ ဒေါက်တာမောင်မောင် အစိုးရက အရပ်သားပြည်သူများထံ အကြံပက်စက်စွာ မောင်းထည့်မှုကို ပြုလုပ်ခဲ့ရာ ဩဂုတ်လကုန်တွင် ထောင်ထဲ၌ အကျဉ်းသား အချုပ်သားများ မရှိသလောက် လျှော့နည်းသွားခဲ့ပြီး သူခိုးကြီး မြင့်သိန်းနှင့် ကြိုးသမား အုပ်စုဝင် ၆၂ ယောက်သာ ကျန်ရှိချိန်တွင် အကျဉ်းသား လွှတ်ပေးမှု ရပ်ဆိုင်းခဲ့သည် ဆိုပါသည်။
အကျဉ်းသား လွှတ်ပေးမှု ပြုလုပ်ရာတွင် ဒေါက်တာမောင်မောင် အစိုးရသည် လူထုရိပ်မိမည် စိုး၍ ရက်ရှည်ဆွဲကာ ချွေလွှတ်ရန် ဒု-ဗိုလ်မှူးကြီး ၂ ယောက်အား လျှို့ဝှက်ညွှန်ကြားပုံရပါသည်။ ဒု-ဗိုလ်မှူးကြီး ၂ ယောက်၏ တပည့် ယူနီဖောင်း တပိုင်းဝတ် ပုဂ္ဂိုလ်များကလည်း လွှတ်လူစာရင်းကို ဝါယာလက်စက်ဖြင့် အမြဲသတင်းပို့ခဲ့ သော်လည်း နောက်ပိုင်းတွင် အကျဉ်းသားလွှတ်နှုန်း မြန်ဆန် များပြားသွားမှုကြောင့် အထက်ပုဂ္ဂိုလ်က ၎င်းယူနီဖောင်း တပိုင်းဝတ် များကို စက်ထဲမှ ကြိမ်းမောင်း ဆဲဆိုသံအား အနားရှိ အရပ်သား သန္ဓေဝန်ထမ်းများ ကပင် ကြားရသည်ဟု ဆိုပါသည်။
စာရေးသူ ထောင်ပြင်တွင် ရှိစဉ်က စုံစမ်းမရခဲ့သော စာရေးသူ၏ အမှုသည် ကရင်သူပုန် ဗိုလ်စောမြင့်သိန်းမှာ မိမိအမှု ဇာတ်လမ်း အလွဲပြော၍ ယူနီဖောင်း တပိုင်းဝတ်များကို အယုံသွင်းပြီး လွယ်ကူစွာပင် ထောင်ထဲမှ ထွက်သွားခဲ့သည် ဆိုပါသည်။ ဂါတ်ကြီးပေါ်ရှိ အရပ်သား သန္ဓေဝန်ထမ်းများက စောမြင့်သိန်း ထောင်ပြင် ထွက်သွားသည်ကို မြင်သော် လည်း၊ သူသည် အချုပ်အဆင့်သာ ရှိပြီး ညွှန်ချုပ် ဗိုလ်မှူးကြီး၏ လူများကိုယ်တိုင် လွှတ်ပေးသည်ကို ဘာမျှ သတင်းမပို့ဘဲ နေလိုက်ခြင်းဖြင့် ရက်ပိုင်းအတွင်း သေဒဏ်ချမှတ်ခံရမှာ သေချာသော လူတယောက် မသေဘဲ လွတ်မြောက်သွားသည့်အတွက် ဝမ်းသာစရာ ကောင်းလှပါသည်။
စောမြင့်သိန်းမှန်း မသိဘဲ လွှတ်ပေးခဲ့သူများအား အထက်လူများက တိုးတိုးတိတ်တိတ် ဆူပူကြိမ်းမောင်းမှု ရှိခဲ့သည်ဟု သိရပါသည်။
ဗိုလ်မှူးချုပ် တင်ဦးနှင့် ဗိုလ်မှူးကြီး ဘိုနီတို့ကိုမူ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် အင်းစိန်ထောင်တွင်း အကျဉ်းသားများ ဆူပူမှု ဖြစ်စတွင်ပင် ၎င်းတို့အား အင်းစိန်တွဲဖက် ထောင်ငယ် အတွင်းသို့ အမြန်ပြောင်းရွှေ့၍ လျှို့ဝှက်စွာ ချုပ်နှောင် ထားခဲ့သည် ဟု ဆိုပါသည်။ ၎င်းတို့နှင့်အတူ မဆလ ခေတ်အတွင်း မဲသဝေါတိုက်ပွဲကို ထိုင်းနိုင်ငံဘက် ကျော်နင်း ဝင်ရောက် တိုက်ခိုက်သဖြင့် ထောင်ချခံရသူ ဗိုလ်မှူးကြီး မဲသဝေါ လှမြင့်ပါ ပါသွားခဲ့သည် ဆိုပါသည်။
ဗိုလ်မှူးကြီး မဲသဝေါလှမြင့်သည် နဝတအစိုးရ တက်ခါစတွင် စစ်အစိုးရက ပြန်လွှတ်ပေးခဲ့ပြီး ဗဟို သမဝါယမ အဖွဲ့တွင် ဥက္ကဋ္ဌ ရာထူး ရခဲ့ပါသည်။ နဝတခေတ်အတွင်း ကြီးပွားခဲ့ပြီးနောက်၊ တပ်ထဲတွင် ရန်စရှိခဲ့သူက သမဝါယမဝန်ကြီး ဖြစ်လာသော အခါ သမငွေကြေး အလွဲသုံးမှုဖြင့် ထောင်နှစ်ပေါင်းရာချီ ပြစ်ဒဏ်ချမှတ်ခံရပြီး အင်းစိန်ထောင်ထဲသို့ ဒုတိယအကြိမ် ပြန်ရောက်လာပါသည်။ ၎င်းနှင့် စာရေးသူသည် အမှတ် ၄ တိုက် (အတို) တွင် အတူနေခဲ့ဖူးသည်။
ဩဂုတ်လ ၂၆ ရက် ထောင်ဆူပူမှု အကြောင်းပြု၍ ဒေါက်တာမောင်မောင် အစိုးရက လွှတ်မပေးလိုသော ထောက်လှမ်းရေး အရာရှိကြီးများနှင့်အတူ မော်လမြိုင် ရေတပ်စခန်းမှ ပင်လယ်ပြင် ရောင်းစားမှုဖြင့် ထောင်ကျလာသူ ရေတပ် အရာရှိများနှင့် တပ်သားများကိုလည်း တွဲဖက်ထောင်အတွင်း လျှို့ဝှက်စွာ ပြောင်းရွှေ့ထားခဲ့ရာ အရေအတွက် စုစုပေါင်းမှာ ဆယ်ဂဏန်းမျှ ရှိသည် ဆိုပါသည်။
မူလ အင်းစိန်ထောင်ကြီး အတွင်း ကြိုးသမား ၆၂ ယောက်သာ ရှိသဖြင့် ဦးတင်ဦး၊ ဦးဘိုနီတို့ကို စာရေးသူစုံစမ်း ရှာဖွေ မရဘဲ လမ်းစပျောက် နေခဲ့ခြင်းမှာ ၎င်းတို့ကို ထောင်ဆူစကပင် ဒေါက်တာမောင်မောင် အစိုးရက ကြိုတင် ကြံရွယ်ချက်ဖြင့် လျှို့ဝှက်ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
သို့ဖြစ်၍ အင်းစိန် ထောင်မကြီးနှင့် တွဲဖက်ထောင် ၂ ထောင်ပေါင်း လက်ကျန် အကျဉ်းသားသည် ၁၀ဝ ဝန်းကျင်သာ ထောင်ထဲ၌ ကျန်ခဲ့ပြီး အကျဉ်းသား အချုပ်သား ၁၀,ဝဝဝ ကျော်မှာ ဒေါက်တာမောင်မောင် အစိုးရ သက်တမ်း ၂ ပတ်ခန့် အတွင်း ရန်ကုန်တိုင်းအနှံ့ ဖြန့်ကြက်ချထားခံရသည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ်အကျဉ်းထောင်နှင့် တံတားကလေး စိတ္တဇဆေးရုံမှ လွှတ်ပေးခဲ့သော စိတ် ဝေဒနာရှင်များကိုပါ ထည့်သွင်းလိုက်လျှင် လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဇာတ်ကား အတွက် တိုင်းဆူ ပြည်ဖျက် ဇာတ်ကောင်များကို ဒေါက်တာမောင်မောင် အစိုးရက ကောင်းကောင်းကြီး ရွေးထုတ်ရိုက်ကူးနိုင်ခွင့် ရခဲ့ခြင်းမှာ ထူး၍ မဆန်းလှပါ။
ဤနေရာတွင် အလျဉ်းသင့်၍ အင်းစိန်ထောင်နှင့် မတူသော စစ်တွေထောင် အဖြစ်အပျက်ကို စာရေးသူ တင်ပြလို ပါသည်။ တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီမှ အဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတိပေးချက်ကို စာရေးသူနှင့် ရန်ကုန်လူထုထဲ ရောက်ရှိအောင် ပြည်သူ့ အထောက်တော်က ဩဂုတ်လ ၂၀ ရက် ဝန်းကျင်တွင် သတင်းပို့ခဲ့ပါသည်။
ရန်ကုန်တွင် ဩဂုတ် ၂၄ ရက် ညမှာပင် ဦးနေဝင်း၏ ကိုယ်ရေး လုံခြုံရေး အရာရှိ ဗိုလ်စည်သူတို့ ထောက်လှမ်းရေး အုပ်စုကို အဖျက်အမှောင့် စာရွက်စာတမ်းများနှင့်အတူ ပန်းဘဲတန်းမြို့နယ် လူထုက ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါသည်။ ဩဂုတ်လ ၂၅ ရက်တွင် ဗိုလ်အောင်ကြီးနှင့်အတူ နိုင်ငံရေး ဇာတ်လမ်းရှုပ်နိုင်သည့် နိုင်ငံရေးသမားများနှင့် ရှစ်လေးလုံးနှင့် ဆက်စပ်လှုပ်ရှားမှုကြောင့် ဖမ်းဆီးထားသူများကို မဆလအစိုးရက အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂၆ ရက်တွင် အင်းစိန်ထောင် အဆူပြ၍ ဩဂုတ် ၂၇ မှ စ၍ ရာဇဝတ်သား လူဆိုးများကိုလည်း ဩဂုတ်လကုန် စက်တင်ဘာ လဆန်းအတွင်း ဒေါက်တာမောင်မောင် အစိုးရက ပြန်လွှတ်ပေးခဲ့ပြန်သည်။ ထောင်ဆူသည် ဆိုသည်မှာ အိပ်ဆောင်အခန်း တခန်းဆူရုံနှင့် ကျန်အခန်းက လိုက်ဆူဖို့ မလွယ်အောင် အင်္ဂလိပ် ကိုလိုနီအစိုးရက ရေးဆွဲပေးခဲ့သော အကျဉ်းထောင်ဖွဲ့စည်း အုပ်ချုပ်ပုံစနစ်ရှိသည်။ ထို့ကြောင့် အခန်းများစွာ ရှိသော အိပ်ဆောင် တခုလုံးဆူရန် မလွယ်ပါ။ အဆောင်အားလုံး၊ တထောင်လုံး ဆူရန် လုံးဝ မလွယ်ပါ။
ဩဂုတ်လ ၂၆ ရက်တွင် ထူးဆန်းစွာ အင်းစိန်ထောင်ကြီး တထောင်လုံး တပြိုင်နက်တည်း ဆူပါသည်။ ပို၍ ထူးဆန်းသည်မှာ စစ်တွေ၊ ပုသိမ်၊ မြောင်းမြ၊ မြိတ်အပါအဝင် မြန်မာပြည်တဝန်းမှ အခြားအကျဉ်းထောင်၊ ရဲဘက်စခန်းများ ပါဆူပူသည်။ ထောင်ဖောက်၍ အကျဉ်းသားလွတ် ပြေးမှုများ ဖြစ်ခဲ့ပါသည်။
အဆိုပါ ထောင်ဆူပူမှုများကို သက်ဆိုင်ရာဒေသမှ ပြည်သူများသည် သမိုင်းအဖြစ် မှန်ဖော်ထုတ်ရေး အတွက် သက်ဆိုင်ရာ ထောင်ဝန်ထမ်းများ၊ (အချို့သည် ယခု အငြိမ်းစား ဖြစ်နေနိုင်ပါသည်။) ထိုကာလက (ထောင်ထဲတွင် ရှိခဲ့သော အကျဉ်းသား၊ အချုပ်သားများ၏) ကိုယ်တွေ့အဖြစ်အပျက်များကို တိတိကျကျ ဖြစ်နိုင်သမျှ မှတ်တမ်းပြုစု ထားစေလိုပါသည်။ ဧရာဝတီ သတင်းဌာနမှတဆင့် စာရေးသူထံ ပေးပို့စေလိုပါသည်။ တနိုင်ငံလုံးကို ဒေါက်တာမောင်မောင် အစိုးရလက်ထက် မဆလ ဂိုဏ်း၏ စနစ်တကျ ဖျက်ဆီးခဲ့ပုံကို စုစည်းဖော်ပြလို၍ ဖြစ်ပါသည်။
အကျဉ်းသားများ ဆူပူ၍ ထောင်ကို မထိန်းနိုင်တော့ သဖြင့် ထောင်မှ လွှတ်ပေးလိုက်ရ ပါသည် ဟူသော ဒေါက်တာ မောင်မောင် အစိုးရ၏ အကြောင်းပြချက်သည် ကမ္ဘာကျော် ဟာသပြက်လုံး တခုဖြစ်ပါသည်။ ယင်းဟာသပြက်လုံးကို ဂဃနဏ ထောက်ပြဝေဖန်၍ တရားခံအစစ်ကို ထုတ်ဖော်သူ ၈၈ အထိုင် နိုင်ငံရေးသမားထဲမှ တယောက်မျှ ထွက်ပေါ်လာခြင်း မရှိသေးသည့် အကြောင်းအရင်း ဇာစ်မြစ်ကိုလည်း ပြည်သူအများက ဆန်းစစ်ရန် လိုပါသည်။
စစ်တွေထောင် ဆူပူမှုသည် အင်းစိန်ထောင် ဆူပူမှုနှင့် ရှေ့ဆင့်နောက်ဆင့် ဩဂုတ်လထဲတွင်ပင် ဖြစ်ပွားခဲ့သည် ဟု သိရပါသည်။ စစ်တွေသည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ ရခိုင်လူထုက ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ စစ်ထောက်လှမ်းရေး အချို့လည်း အထိနာခဲ့သည် ဟု သိရပါသည်။ ထို့ကြောင့် စစ်တွေ ထောင်သည်လည်း သဘာဝမကျစွာ တထောင်လုံးဆူခဲ့ပြီး အကျဉ်းသားများကလည်း ထောင်ကို ဖွင့်ဖောက်ထွက်ရန် ကြိုးစားမှုများ ရှိခဲ့သည်ဟု ဆိုပါသည်။
စစ်တွေမြို့တွင် ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်သားများ အပြင်၊ ရဲစခန်းများလည်း ရှိပါလျက် စစ်တွေထောင်သို့လည်း မည်သည့်စစ်သား၊ ရဲတပ်သားမျှ လာရောက်ခြင်း မရှိသဖြင့် ထောင်ပိုင် ကိုယ်တိုင်က အကျဉ်းသား အချုပ်သား အားလုံးကို လွှတ်ပေးခဲ့သည် ဆိုပါသည်။
ထိုသို့ ထောင်က အကျဉ်းသား အချုပ်သား အားလုံး လွှတ်ပေးပါလျက် အကျဉ်းသားတချို့က ၎င်းတို့သည် လွတ်ရက် မစေ့သေး သဖြင့် ထောင်ထဲက မထွက်နိုင်ဟု ငြင်းဆိုမှုပင် ရှိခဲ့သည် ဆိုပါသည်။ ထောင်ဝန်ထမ်းများက မင်းတို့ကို ထမင်းကျွေး မထားနိုင်တော့ဘူး ဆိုပြီး အတင်းတွန်းထုတ်ရသည့် အကျဉ်းသားပင် ရှိခဲ့ပါသည်ဟု စစ်တွေထောင် ဝန်ထမ်းတဦးနှင့် စစ်တွေထောင်ပြောင်း အကျဉ်းသားအချို့က ၈၈ ခုနှစ် စစ်တွေထောင် ဆူမှုရာဇဝင်ကို ရယ်စရာ ဟာသနှော၍ ပြောသည်ကို စာရေးသူကြားခဲ့ရဖူးပါသည်။ အဆိုပါကာလ ဖြစ်စဉ်များကို စစ်တွေလူထုသည် သိရှိသမျှ အတိအကျ မှတ်တမ်းတင်ထားကြစေလိုပါသည်။
ဓညဝတီ ရေတပ်စခန်းသည် ဒီမိုကရေစီအရေး တော်ပုံကို ထောက်ခံကြောင်း ဆိုင်းဘုတ်ထောင်၍ ဦးနေဝင်း၏ တပါတီ အာဏာရှင်စနစ်ကို မလိုလားကြောင်း တက်တက်ကြွကြွ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု စာရေးသူ ကြားသိ မှတ်သား ထားခဲ့ဖူးပါသည်။
စစ်တွေထောင် ဆူပူမှုကို ရေတပ်က အကာအကွယ် လာရောက်မပေးခြင်းမှာ သူတို့ အကြောင်းနှင့် သူတို့ ရှိမည်ထင် ပါသည်။ ထူးဆန်းသည်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်ပါသည်။ စစ်တွေထောင်မှ လုံခြုံရေးတာဝန် မယူနိုင် သဖြင့် လွှတ်ပစ်ခဲ့သော အဝတ်ဖြူဝတ် အကျဉ်းသားအချို့သည် မိမိတို့ ရပ်ရွာသို့ပြန်ရာတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အစောင့်ကင်းစခန်းရှေ့မှ ဖြတ်ပြန်ကြရသည့်အခါ ကင်းစခန်း တာဝန်ကျ အရာရှိမှ အကျဉ်းသားအချို့ကို ဖမ်းဆီးပြီး ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် မြသင်းထံ သတင်းပို့ခဲ့သည်ဟု ဆိုပါသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကျဉ်းသား အမည်၊ နေရပ်လိပ်စာ မေးပြီး ပြန်လွှတ်လိုက်ဟု အမိန့်ပေးသဖြင့် ကင်းစခန်းကလည်း ဌာနချုပ်အမိန့် ပေးသည့်အတိုင်း ပထမ ဖမ်းထားသော လူများစာရင်းကို ရယူပြီး လွှတ်လိုက် ပါသည်။ နောက်ထပ်ရောက်ရှိလာသော အကျဉ်းသားများကိုမူ အလုပ်ရှုပ်ခံပြီး စာရင်းမယူ မဖမ်းတော့ဘဲ လွှတ်ပေး လိုက်ကြတော့သည်ဟု ထိုစဉ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တွဲဖက်တာဝန်ယူရသည့် ရေတပ်ဝန်ထမ်းတဦး က ၈၈ ကာလ အဖြစ်အပျက်များကို အမှတ်တရ ပြန်ပြောသည်ကို မှတ်သားခဲ့ရဖူးပါသည်။
မြန်မာလူထုသည် မိမိမြန်မာ နိုင်ငံ၏ သမိုင်းဝင် အဖြစ်အပျက်များကို တန်ဖိုးထား မှတ်တမ်းတင် ထားရကောင်းမှန်း မသိ၊ နတ်ကရာ ကြည့်မော၊ လွယ်လွယ်ပြော၍ လွယ်လွယ်မေ့ပစ်နေသရွေ့ သမိုင်း သင်ခန်းစာအမှားများ ထပ်ခါ တလဲလဲ ကြုံဆုံမှားယွင်းနေပြီး မည်သို့မျှ ဒုက္ခတွင်းမှ ကယ်တင် မရနိုင် သောလူမျိုးဟု အခြားလူမျိုးများက အထင်သေး အမြင်သေး မခံရအောင် အရာရာကို ဆင်ခြင်သုံးသပ် ခွဲခြမ်းဆန်းစစ်နိုင်သည့် ပညာသတိရှိကြပါဟု စာရေးသူက အနူးအညွတ် ထပ်လောင်း မေတ္တာရပ်ခံပါသည်။
၁၉၈၈ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံတွင်းမှ ထောင်ဆူပူမှု ဖြစ်ပွား၍ အကျဉ်း သားများ လွှတ်ပေး လိုက်ရသည်၊ လွတ်မြောက်သွားသည် ဆိုသည့် အမှုအခင်းများတွင် သက်ဆိုင်ရာ နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ မလာရောက်ဘဲ ပျက်ကွက်နေမှုများသည် ပုံစံတူ ဖြစ်ပျက်နေသည်ကို စာရေးသူ ထိုကာလများကပင် ကြားသိ မြင်တွေ့ နေခဲ့ပါသည်။ အင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာသော လုံထိန်းတပ်၏ တာဝန်မှာ ထောင်ပြင်မှ လာရောက် စုံစမ်း ကြည့်ရှုသော လူအုပ်ကို ထိန်းသိမ်းရန် အတွက်သာ ဖြစ်ပါသည်။ ထောင်ထဲ ဝင်ရောက်ရှင်းလင်းခွင့် မရှိပါ။
အမှန်တကယ်လည်း အင်းစိန်ထောင်ထဲတွင် နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိ ဆူပူသူလည်း တယောက်မျှ မရှိပါ။ ထောင်တွင်း အသံချဲ့စက်မှ လူထုကို အန္တရာယ် ပြုမည့် ရာဇဝတ်ကောင်များသာ ဖြစ်သည်ဟု အကျဉ်းသား အားလုံး ကို သိမ်းကျုံးစော်ကားသည့် စကားဖြင့် လှုံ့ဆော်ခံရမှုကြောင့်သာ ရုတ်တရက် ဒေါသထွက် ပေါက်ကွဲခဲ့ သော်လည်း နေစရာ အဆောင် မရှိအောင် မီးရှို့သူက မီးရှို့သဖြင့် လည်းကောင်း၊ သေနတ်သံများကို ကြောက်ရွံ့၍ လည်းကောင်း၊ ထောင်တွင်းလုံခြုံရာတွင် ကိုယ့်အုပ်စုနှင့်ကိုယ် အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေ ကြသည်က အများစုဖြစ် ပါသည်။ ထောင်အုပ်ချုပ်သူ အာဏာပိုင်ပြုလုပ်သော ထောင်ဆူမှုသာဖြစ်ပါသည်။
စစ်တွေထောင်တွင် အကျဉ်းသား အားလုံး လွှတ်ပေးလိုက်ပြီးသည့် နောက်တွင်ပင် ထောင်အဆောက်အအုံနှင့် ဝန်ထမ်း မိသားစု လုံခြုံရေး အတွက် လက်နက်နှင့် ကျည်ဆန် မလုံလောက်၍ အကျဉ်းထောင်မှ အကူအညီတောင်းရာ စစ်တပ်က လုံးဝ မလာဘဲ ရဲစခန်းမှ ရဲသား ၂ ယောက် ဘရင်းဂန်းတလက်နှင့် ကျည်ဆံတသေတ္တာကို ဆိုက်ကားနှင့် လာပေးခဲ့မှု ရှိခဲ့သည်ဟု ဆိုပါသည်။
အခြားသော ထောင်များ၏ ဆူပူမှုတွင် ရဲများ လာရောက်မှု ရှိခဲ့လျှင်လည်း ထောင်တွင်းဝင်၍ ရှင်းလင်းရာတွင် ပါဝင်သည် ဟု စာရေးသူ လုံးဝ သတင်းထောက်လှမ်း မရရှိခဲ့ပါ။
ထောင်ထဲက အကျဉ်းသား၊ အချုပ်သား ဆိုသည်မှာ ကြက်ဆိုင်ရှိ ခြင်းထဲက ကြက်၏ အခြေအနေနှင့် ဘာမျှ မခြားနားပါ။ ထောင်အာဏာပိုင်အဖွဲ့ကသာ ခွဲခြားနှိပ်ကွပ်မည် ဆိုလျှင် အချိန်မရွေး နှိပ်ကွပ်နိုင်သော အခြေအနေ ဖြစ်ပါသည်။ အင်းစိန်ထောင် ဆူပူမှု ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း၌ စတင် မဖြစ်ပွားမီ၊ လွန်ခဲ့သော နာရီ ၄၀ ကျော် အချိန်က စစ်တပ်သည် လက်နက်မဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြ ပြည်သူများအား သေနတ်နှင့် ပစ်ခတ်နှိမ်နင်းရန် လက်မရွံ့ခဲ့ပါ။
ယခု အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံတွင်းမှ ဆူပူမှု ဖြစ်ပွားသည် ဆိုသော ထောင်ထဲမှ အကျဉ်းသား ဆိုသည် များကို ဥပဒေအရ နှိပ်ကွပ်ရန် တာဝန်ရှိပါလျက် လာရောက်နှိပ်ကွပ်မှု မရှိခြင်းမှာ မဆလအစိုးရ၏ နိုင်ငံအပေါ် သစ္စာ ဖောက်မှုပင် ဖြစ်ပါသည်။ ထောင်တွင်းရှိ အကျဉ်းသားများ၏ ဆန္ဒမှန်မှာ ဆူပူရန် အစီအစဉ် မရှိဘဲ ဒီမိုကရေစီ တိုက်ပွဲဝင် ပြည်သူများ၏ တိုက်ပွဲ အောင်မြင်စေရန် ဆုတောင်း နေကြသူများသာ ဖြစ်ကြောင်း စာရေးသူကိုယ်တိုင် ၈၈ အရေးတော်ပုံကြီး အတွင်း ထောင်ထဲရောက်ရှိခဲ့ဖူးသော အကျဉ်းသားအများစု၏ သဘောထားကို စုံစမ်းသိရှိရပါသည်။
ပြည်သူတရပ်လုံးသည် ဦးနေဝင်း၏ တပါတီ အာဏာရှင် စနစ်ကို မလိုလားသူများသာ ဖြစ်ရာ၊ ထိုစနစ်၏ သားကောင် ဖြစ်ခဲ့ရသော အကျဉ်းသား မှန်သမျှမှာ ပြည်သူထဲက ပြည်သူများသာ ဖြစ်၍ ဒီမိုကရေစီ အရေးတော်ပုံတွင် အနှောင့် အယှက် ဖြစ်စေမည့်ကိစ္စကို သူတို့လည်း မလုပ်လိုကြပါ။ ၈၈ အရေး တော်ပုံကာလ ထောင်ဆူပူမှုများမှာ ဒေါက်တာ မောင်မောင် အစိုးရနှင့် တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီ၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုသာ ဖြစ်ပါသည်။
သို့ဖြစ်၍ အထက် အမိန့်ပေးစနစ်အရ လှုပ်ရှားလုပ်ဆောင်ရသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံး ထောင် အနီးသို့ ရောက်မလာ ရခြင်းမှာ အထက် အမိန့်ပေးစနစ်ကြောင့်သာ ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ အင်းစိန် ထောင်ပိုင် ဦးစိန်ဌေးသည် ၎င်းအုပ်ချုပ်စဉ် ကာလအတွင်း နှစ် ၁၀၀ နီးပါးရှိသော ထောင်ကြီး မီးလောင်ပျက်စီး၍ အကျဉ်းသားများကို လွှတ်ပေးခဲ့ရသူ အဖြစ် သမိုင်းမှတ်တမ်းတင် ခံရမည်ကို အလွန် နာကြည်းသူ ဖြစ်ပါသည်။
ဤနေရာတွင် အင်းစိန်ထောင်အား ယာယီ အုပ်ချုပ်သူ အာဏာပိုင် ဗိုလ်မှူးကြီး ၂ ယောက်၏ မရိုးသားမှုကို ထင်ရှားစေ သော သက်သေခံ အချက်အဖြစ် စာရေးသူတင်ပြလိုသည်မှာ –
အဆိုပါ ညွှန်ချုပ် ဗိုလ်မှူးကြီး ၂ ယောက်သည် ၎င်းတို့ မလွှတ်လိုသည့် ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးချုပ်တင်ဦး၊ ဗိုလ်မှူးကြီး ဘိုနီ အပါအဝင် တနင်္သာရီ ကမ်းရိုးတန်းမှ ပင်လယ်ပြင် ရောင်းစားမှုနှင့် ထောင်ကျသူ ရေတပ်အရာရှိ၊ အကြပ် တပ်သားများကို တွဲဖက်ထောင်သို့ လျှို့ဝှက်ပြောင်းရွှေ့ ချုပ်နှောင်ထားခဲ့ပြီး၊ အင်းစိန် ထောင်မကြီး အတွင်း၌လည်း အကျဉ်းသား၊ အချုပ်သား အားလုံးကို လွှတ်ပေးခဲ့သော်လည်း မင်းပြား ငွေတိုက် ဝင်ရောက်စီးနင်း သော ACP နှင့် KNU လက်နက်ကိုင် သူပုန်အဖွဲ့ဝင် အများစုပါသော ကြိုးသမား ၆၂ ယောက်ကို မလွှတ်ဘဲ ချန်လှပ်ထားခြင်း တို့မှာ အစီအစဉ်ရှိရှိ အကွက်ချ၍ လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင်လှပါသည်။
အခြားနယ် ထောင်ဆူမှုများ တွင်လည်း သက်ဆိုင်ရာ အာဏာပိုင် လွှတ်လိုသောသူကို လွှတ်လိုက်၍ မလွှတ်လိုသော သူကို မလွှတ်ပဲ ထားနိုင်သဖြင့် ၁၉၈၈ ကာလအတွင်း အကျဉ်းထောင်အချို့ ဆူပူပြီး အကျဉ်းသားများ ဖောက်ထွက် လွတ်မြောက်သွားသည် ဆိုသော အမှုများမှာ မဆလဂိုဏ်း၏ လုပ်ဆောင်ချက်သာ ဖြစ်ပါကြောင်း ထင်ရှားပါသည်။ ဥပဒေ သဘောအရ ဒေါက်တာမောင်မောင် အစိုးရတွင် တာဝန်ရှိပါသည်။
ဆက်လက်ဖော်ပြပါမည်။ ။