ကျိုက်မရောမြို့နယ် အစွန်ဆုံးလို့ ဆိုနိုင်တဲ့ ရွှေဝါချောင်ကျေးရွာရဲ့ အပြင်ဘက် မိုင်ဝက်နီးပါးအကွာက လယ်တောထဲမှာ အနက် ၆ လက်မလောက်ပဲတူးပြီး ဖြစ်သလို မြှုပ်ထားတဲ့ အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ပြန်ဖော်တဲ့အခါ အလောင်းရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေက အကောင်းနီးပါး ကျန်နေသေးတာကို တွေ့ရတယ်။
ကိုပါကြီးရဲ့ ဦးခေါင်းခွံ ပျက်စီးနေပြီး ရင်ဘတ်မှာလည်း နံရိုးကျိုးတဲ့ဒဏ်ရာနဲ့ တကိုယ်လုံးနီးပါး ဒဏ်ရာအနာတရတွေရှိ နေတာကို တွေ့ရတဲ့အတွက် သူမသေဆုံးခင်မှာ ထုထောင်းရိုက်နှက်တာမျိုး ခံစားခဲ့ရမယ်လို့ အလောင်းတူးဖော်ရာမှာ လိုက်ပါခဲ့ကြတဲ့ မျက်မြင်သက်သေတွေက ယူဆထားကြပါတယ်။
ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “သူ့ရဲ့ ဦးခေါင်းခွံဟာ ကြေမွနေတယ်လို့ အတည်ပြုပေးတဲ့ (ဘားအံဆေးရုံက) ဆရာဝန်ကြီး (ဒေါက်တာ ခင်မောင်ဦး) ရဲ့ စကားနဲ့ ချင့်ချိန်တွက်ဆရင် ထုထောင်း ခံခဲ့ရတာနဲ့ ပက်သက်လို့ ဘယ်အချိန် ကတည်းကလဲဆိုတာ ဆုံးဖြတ်ဖို့ နည်းနည်ခက်တယ်။ ကျည်ဆံကြောင့် သေပြီးမှ ထပ် ထုထောင်းတာလား၊ မသေခင်ကတည်းက ထုထောင်းခံရတာလားဆိုတာ အတတ်မပြောနိုင်ဘူး” လို့ ဆိုပါတယ်။
မုတ္တမမြို့နယ်ရှိ ဆရာဝန်တဦးကလည်း “ဖြစ်နိုင်တာက ၂ မျိုးစလုံးပဲ။ ဖြစ်ခဲ့တာ ၁ လကျော်လောက် ကြာနေပြီဆိုတော့ ဖြစ်စဉ်အမှန်ကို မှုခင်းစစ်ဆေးသလို စစ်ဆေးဖို့ကလည်း နည်းနည်းတော့ အခက်အခဲရှိနိုင်တယ်။ အခု ဟိုးလေးတကျော် ဖြစ်လာလို့မှ အလောင်းပြန်ဖော်၊ ပြန်စစ်ဆိုတာ မိသားစုတွေ စိတ်ကျေနပ်အောင် စစ်ဆေးလိုက်တဲ့ သဘောလောက်ပဲ ဖြစ်မယ်” လို့ သုံးသပ်ပါတယ်။
အလောင်းကို စတင်ဖော်ယူစဉ်က ဦးခေါင်းဟာ ကြေမွနေပြီးတော့ ရင်ဘတ်ပိုင်းမှာ အပေါက် ၂ ပေါက်နဲ့ ခြေဖနောင့်မှာ အပေါက်တပေါက်၊ ပေါင်နဲ့ ခြေသလုံးမှာ အညိုအမည်းတွေ တွေ့ခဲ့ရကြောင်း အလောင်းကို မော်လမြိုင်ဆေးရုံမှာ ခွဲစိတ်မစစ်ခင် မြင်တွေ့ခဲ့ရတဲ့ ဒေါ်နော်အုန်းလှက ဆိုပါတယ်။
“ကျောဘက်ပိုင်းတော့ ကျမ မတွေ့ခဲ့ရဘူး။ ကိုပါကြီးရဲ့ဇနီး မသန္တာက ကျောဘက်မှာ အမှတ်ရှိတယ်ဆိုပြီး ကျောလှန်ပြခိုင်းတော့ ဘာဒဏ်ရာမှ မတွေ့ဘူးလို့ ကျမကို ပြောတယ်” လို့ ဒေါ်နော်အုန်းလှက ဆိုပါတယ်။
ဒေါ်သန္တာအနေနဲ့ ကိုပါကြီးအလောင်း ဖော်တဲ့အချိန်က ရခဲ့တဲ့ဒဏ်ရာနဲ့ အလောင်းစစ်ဆေးပြီးချိန်မှာ ပြခဲ့တဲ့ဒဏ်ရာတွေရဲ့ ကွဲလွဲချက်အပေါ်မှာ မသင်္ကာစရာတွေ အများကြီးရှိနေတယ်လို့ သိရတဲ့အကြောင်း ကိုပါကြီးအလောင်းကို ပြန်တူးဖော်တဲ့ ကိစ္စမှာ လိုက်ပါကူညီပေးတဲ့ မွန်အမျိုးသားပါတီမှ အမည်မဖော်လိုသူတဦးက ဆိုပါတယ်။
“မသန္တာကတော့ ဒီဟာကို အယုံအကြည် မရှိဘူး။ သေနတ်ဒဏ်ရာ မဟုတ်ဘူးလို့ ထင်တယ်။ မသင်္ကာစရာတွေ အများကြီးပဲ။ ကျနော်တို့ အလောင်းဆေးပြီးတဲ့အခါ ရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ရှိပါတယ်။ အဲဒါတွေလည်း ကျနော်တို့ အလောင်းစစ်ပြီးတဲ့အချိန်နဲ့ သူတို့ပြတာတွေမှာ တော်တော်လေး ကွဲလွဲနေတာရှိပါတယ်” လို့ သူက ဆိုပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က အစောင့်စစ်သားရဲ့ သေနတ်ကို လုယူတာကြောင့် ကိုပါကြီးကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ သူ့အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ကြောင်းနဲ့ ကိုပါကြီးဟာ DKBA တပ်ဖွဲ့ရဲ့ နိုင်ငံရေး အဖွဲ့ငယ်ဖြစ်သော ကလို့ထူးဘော ကရင် အစည်းအရုံး KKO မှာ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း အစိုးရတပ်မှ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ ကိုပါကြီးကို ပြည်ပရောက် ABSDF တပ်ဖွဲ့ ဥက္ကဌဟောင်း ဦးမိုးသီးဇွန်နဲ့အတူ တောတွင်းတနေရာမှာ တွေ့ရပါတယ်။
ဒါပေမယ့် ကိုပါကြီးသည် DKBA တပ်ဖွဲ့ဝင်တဦး မဟုတ်သကဲ့သို့ အဆိုပါ ဓာတ်ပုံသည် ၂၀၁၀ ခုနှစ်က DKBA တပ်ဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရသော ဒုက္ခသည်များကို ကူညီပေးနေစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ကြောင်း အဆိုပါ ဓာတ်ပုံမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးကိုကိုအောင်က အောက်တိုဘာ ၂၉ ရက်နေ့တွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေစိုက်တဲ့ DKBA ဌာနချုပ်မှ ဗိုလ်မှူး စောထွန်းထွန်းက “ကိုပါကြီးဟာ DKBA တပ်ဖွဲ့ဝင်တဦး မဟုတ်ဘဲ အလွတ်သတင်းထောက် တဦးသာဖြစ်တာကို အခိုင်အမာ ပြောနိုင်တယ်၊ လက်ခံတာ၊ လက်မခံတာကတော့ စစ်တပ်အပိုင်းပဲ ဖြစ်တယ်။ မိမိကိုယ်တိုင် တပ်ဖွဲ့ဝင်များကို ကတ်ပြားထုတ်ပေးခဲ့တဲ့သူ ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်အားလုံးရဲ့ စာရင်းရှိနေတယ်” လို့ ဆိုပါတယ်။
“တဆင့်စီ ရှင်းရမယ်ဆိုရင် တပ်ဖွဲ့ဝင်တဦး ဖြစ်လာပြီဆိုရင် တပ်ဖွွဲ့ဝင်တဦးစီမှာ ကိုယ်ပိုင်နံပါတ်တခုစီ ပိုင်ဆိုင်ခွင့်ရှိတယ်။ တပ်ဖွဲ့ဝင်တဦးလို့ အခိုင်အမာ စွပ်စွဲပြီဆိုရင် အဲဒီ ဗိုလ်ကြီးအဆင့်ရှိတဲ့ ကိုပါကြီးသည် ကိုယ်ပိုင်နံပါတ် ဘယ်လောက်လဲဆို တာတော့ ပြည့်ပြည့်စုံစုံ ထည့်သွင်းပြောဖို့ လိုလိမ့်မယ်။ နောက်ပြီး တပ်ဖွဲ့ဝင် ကတ်ပြားမှာ ကတ်ပြားအမှတ်တွေ ရှိတယ်။ သူတို့က တပ်ဖွဲ့ဝင် ကတ်ပြားကို ရထားပါတယ်ဆိုရင် အဲဒီ ကတ်ပြားရဲ့အမှတ်ကို ကျနော်တို့ကို ထုတ်ပြောဖို့ လိုပါလိမ့်မယ်” လို့ သူကဆက်ပြောပြတယ်။
ကိုပါကြီးရဲ့ အလောင်း ဆေးစစ်ချက်အရ ကျည်ဆံဒဏ်ရာ ၅ ချက်ရှိတယ်လို့ ဆရာဝန်တွေက အတည်ပြု ပြောဆိုခဲ့ပေမယ့် ဆေးစစ်ချက်ကိုတော့ တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ကိုပါကြီးသေဆုံးမှုကို ကျိုက်မရောမြို့နယ်မှ အမှုဖွင့်ခဲ့တဲ့ အတွက်ကြောင့် တရားရုံးကိုသာ တိုက်ရိုက်တင်ပြမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးက “ဆေးစစ်ချက်နဲ့ အလောင်းဖော်တဲ့အချိန်က ကွဲလွဲချက်တွေနဲ့ ဝိရောဓိ ဖြစ်စရာတွေ ကြားနေရပါတယ်။ ကျနော်တို့က ပညာရှင်မဟုတ်တော့ အဲဒီအပိုင်းကို မပြောတတ်ပါဘူး။ ဒါပေမယ့် ပညာရှင်ဟာ ပညာရှင်ဆန်ဆန် အမှန်တရားဘက်မှာ ရပ်တည်ရေး အရေးကြီးတယ်။ တစုံတခုရဲ့ လွှမ်းမိုးမှုကြောင့် ပညာရှင်ဆန်ဆန် မရပ်တည်ခဲ့ရင်တော့ အမှတ်တရားဟာ ကွယ်ပျောက်နေဦးမှာပဲ” လို့ ဆိုပါတယ်။
ကိုပါကြီးဟာ အစောင့်စစ်သားရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက်ကြောင့် ပစ်ခတ်ဖမ်းဆီးရာ အသေမိခဲ့ကြောင်း တပ်မ ၂၂ က စစ်သားတချို့ကလည်း အစိုးရစစ်တပ်ရဲ့ ထုတ်ပြန်ချက်အတိုင်း တညီတညွတ်တည်း ဧရာဝတီကို ပြောပါတယ်။
ကိုပါကြီးဟာ ရွာအပြင်ဘက်အရောက်မှာ အပေါ့သွားချင်တယ်လို့ ဆိုတာကြောင့် စစ်သားတဦးက ချုံထဲကို လိုက်ပို့နေချိန်မှာ အဲဒီအစောင့်ရဲ့ သေနတ်ကို လုယူဖို့ ကြိုးစားတာလို့ တပ်မ ၂၂ က အမည်မဖော်လိုတဲ့ အရာရှိတဦးက ဆိုပါတယ်။
“သေနတ်ကို လုယူလိုက်ချိန်မှာ အဲဒီစစ်သားက လှမ်းအော်လိုက်တော့ တခြား စစ်သားတဦးက လှမ်းမြင်လိုက်ပြီး ပစ်တာ။ ကျနော်ကိုယ်တိုင် အခင်းဖြစ်ပျက်ချိန်မှာ မရှိခဲ့ပါဘူး။ ကျနော့်စစ်သားတွေက ပြောပြတာပါ။ သူ့ကို ဘယ်နှယ်ချက် ပစ်လိုက်တာကိုတော့ ကျနော် မသိဘူး။ အဲဒီအဖြစ်အပျက်မှာ ပါခဲ့တဲ့ စစ်သားတွေကို ကျနော်မေးကြည့်ပြီးပါပြီ” လို့ အဲဒီအရာရှိက ဆိုပါတယ်။
အစိုးရတပ်ဟာ DKBA တပ်ဖွဲ့က ဒဏ်ရာရခဲ့တဲ့ သူတွေကို လိုက်ပို့ပေးရတဲ့ ရွာသားတချို့ကို လမ်းပြန်ပြခိုင်းသေးတယ်လို့ သိရပါတယ်။ ရွာကနေ စစ်တပ်နဲ့အတူ ၅ ရက်အထိ ဘာမှသတင်းမကြားရတဲ့အတွက် ရွှေဝါချောင် ဘုန်းကြီးကျောင်း ကျောင်ထိုင်ဆရာတော်က ရွာသားတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကအရာရှိတချို့ကို မေတ္တာရပ်ခံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ပြန်လွတ်လာတဲ့သူတချို့ရဲ့ အခြေအနေကို စုံစမ်းရာမှာ စစ်တပ်က လမ်းပြခိုင်းရာမှာ ရိုက်နှက်တာမျိုးလည်း ပြုလုပ်ခဲ့ကြောင်း သိရတယ်လို့ ပြန်လွတ်လာသူတဦးနဲ့ နီးစပ်သူက ပြောပါတယ်။
“သူတို့ကို လမ်းပြန်ပြခိုင်းတာက တောထဲကနေ ပြန်ဆုတ်သွားတဲ့ DKBA တပ်ဖွဲ့တွေရဲ့ လမ်းကြောင်းကို ပြခိုင်းတာ။ အခု သေဆုံးသွားတဲ့ ကိုပါကြီးနဲ့က သူနဲ့က တခါလေးပဲ မြင်ခဲ့ဖူးတာ။ ကိုပါကြီးကိုတော့ ရွှေဝါချောင်ကျေးရွာထဲကို ခေါ်သွားပြီး သူတို့ကိုတော့ တောထဲကို ခေါ်သွားတာ။ ဟိုဘက် ကြာအင်းဆိပ်ကြီးအပိုင် တောစပ်က သူတို့ နောက်ဆုံးရောက်ခဲ့တဲ့ နေရာအထိ လိုက်ပြပေးရတယ်။ လမ်းသွားနေရင် လှမ်းထိုးတာ၊ ဇက်ပိုးအုပ်တာ၊ စစ်ဖိနပ်နဲ့ ကန်တာမျိုးတော့ လုပ်ခံရတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုပါကြီး အဖြစ်အပျက်နောက်ပိုင်း တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတခွင်က ရွာတိုင်းလိုလိုမှာ စစ်တပ်တွေ စခန်းချနေကြသလို တခါတလေမူးပြီး သေနတ်တကားကားနဲ့ ရမ်းကားတာမျိုးလည်း ကြုံတွေ့ရတယ်လို့ ကော့ဒွန် ကော့ပနောရွာက ရွာခံတွေက ဆိုပါတယ်။
မိမိတို့ ရွာသူရွာသားများမှာ လက်နက်ရှိနေကြတဲ့ သူတိုင်းကို ကြောက်ရတဲ့အကြောင်း၊ ဘယ်လက်နက်ကိုင်မဆို ခိုင်းသမျှ လုပ်ကြရမှာဖြစ်ကြောင်း ကတုန်စစ် ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ ရွာသားတွေဆိုတာ DKBA ဘက်ကလည်း ဒါခိုင်းတယ်ဆိုရင် ဘယ်လိုလုပ် ငြင်းရဲမလဲ။ သူတို့ကို လိုက်ပို့လို့ ဆိုပြီး အစိုးရ စစ်တပ်ကလည်း ကျနော်တို့ကို ပြန်ဖမ်းရင်လည်း ကျနော်တို့ ခံရမှာပဲ။ သေနတ်ရှိနေတဲ့သူ ဘယ်သူမဆို ခိုင်းသမျှ ကျနော်တို့က လိုက်လုပ်ပေးရမှာပဲ။ စစ်တပ်က ပြန်ခိုင်းလည်း လုပ်ရမှာပဲ။ ကြားထဲက မြေဇာပင် ဖြစ်နေကြရတာ” လို့ သူက ဆိုပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တို့ တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လုံး၀ ပျောက်ဆုံးနေတာ၊ အကျဉ်းချထားတာ၊ သတ်ပစ်လိုက်တာ၊ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အရေအတွက်က ၂၂ ခုအထိ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
ဒေါက်တာ တူးဂျာက “လက်နက်နဲ့ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အရင်ကလည်း ဒီလိုဖြစ်ရပ်တွေ ဖြစ်ခဲ့သလို နောင်လည်း ဖြစ်နေဦးမှာပဲ။ ဒီလို ဖြစ်ရပ်တွေက ၂ ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကတော့ အများဆုံးပေါ့” လို့ ဆိုပါတယ်။
ယခုဖြစ်ရပ်ကို ဥပဒေနဲ့အညီ စီရင်နိုင်ဖို့ အရေးကြီးကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့သည်းပုံ အခြေခံဥပဒေအရ အစိုးရတပ်နဲ့ ဖြစ်ပျက်တဲ့ ကိစ္စတိုင်းမှာ စစ်ဘက်ဆိုင်ရာ တရားရုံး အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်နေတာကြောင့် စစ်ဘက်က ကျူးလွန်တဲ့ ကိစ္စတွေကို ဘယ်လိုစီရင်မလဲဆိုတာ အဖြေရှာဖို့ အဓိက စိန်ခေါ်မှု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ဆိုပါတယ်။
ဦးကိုကိုကြီးက “ကျနော် ပြောချင်တာက စစ်တပ်ရယ်၊ ရဲရယ် ကျနော် ပြောတာ မဟုတ်ဘူး။ ဘယ်သူပဲကျူးလွန် ကျူးလွန်၊ တကယ်လို့ ကျူးလွန်ခဲ့တယ်ဆိုရင်ပေါ့ မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး အရေးယူခြင်းကို စနစ်က ခွင့်ပြုမထားဘူးဆိုတာ အကောင်းဆုံး သတ်သေပြရာ ရောက်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ တရားခွင် စစ်ချက်တွေအပေါ် ဂရုတစိုက်နဲ့ အားလုံးစောင့် ကြည့်နေမယ်။ မီဒီယာရော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပဲ တရားခွင်စစ်ချက်တွေကိုပဲ အဓိက တိုင်တည်နိုင်တဲ့ မှတ်ကျောက်တင်နိုင်တဲ့ နေရာအဖြစ်နဲ့ သတ်မှတ်စေချင်တယ်” လို့ ပြောပါတယ်။
ကိုပါကြီးရဲ့ မိသားစုနဲ့ သူ့ရဲ့ ရှေ့နေတွေကတော့ စစ်ဘက်ဆိုင်ရာနဲ့ ဖြစ်ပျက်ခဲ့တာကို အရပ်ဘက်တရားရုံးမှာ စီရင်ခွင့်ရဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်လို့ မိသားစုတွေဘက်က ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ စစ်ဘက်တရားရုံးကနေ အရပ်ဘက်တရားရုံးမှာ စီရင်ခွင့်ရဖို့အတွက် ဆိုင်ရာအဖွဲ့အစည်းတွေကို လှမ်းအကြောင်းကြားထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအရ အဲဒီလို စီရင်ခွင့် မရှိတာကြောင့် အခု တနိုင်ငံလုံးက ပြောနေကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးက အဓိကဆိုတာ မီးမောင်းထိုးပြလိုက်တာပဲ” လို့ သူက ဆိုပါတယ်။
(ဧရာဝတီ သတင်းထောက် ကျော်မျိုးထွန်း ပူးပေါင်းရေးသားသည်။)