ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ ဝန်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ဦးသန်းဌေး တို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သော နိုင်ဟံသာ မွန်ပြည်သစ်ပါတီ (NMSP)၊ ခွန်ဥက္ကာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဦးထွန်းဇော် ရခိုင် အမျိုးသားကောင်စီ (ANC)၊ ဆလိုင်း ခလာအေး ချင်းအမျိုးသားတပ်ဦး(CNF)တို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလှမောင်ရွှေက“နေပြည်တော်မှာ တွေ့တာ တဖွဲ့ချင်းလို့ပြောရမယ်။ NCCT(တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ) အနေနဲ့ လာတွေ့တာတော့ မဟုတ်ဘူး။ အစိုးရဘက်ကလည်း UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ)လို့ ပြောလို့ မရဘူး။ နောက် အစည်းအဝေးတွေမှာ အခက်ခဲတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆို တာကို ဆွေးနွေးတယ်။ အလွတ်သဘောပေါ့။ ဆွေးနွေးတာမှာ သူတို့သိချင်တာမေးတယ်။ အရင် အခက်အခဲဖြစ်တာကိုလည်း ပြောကြ တယ်။ နောက် ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲတွေ နိုဝင်ဘာမှာ လုပ်ဖို့ကမ်းလှမ်းထားတယ်”ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည် ဝန်ကြီးဦးအောင်မင်း နှင့်သာ အဓိက ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တခြားမည်သူနှင့်မျှတွေ့ဆုံ ဆွေးနွေးခြင်း မရှိသေး ကြောင်းလည်း ဦးလှမောင်ရွှေက ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) အတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းကလည်း“အခုချိန်ထိတော့ တခြားတွေ့ဆုံမှုတွေ မရှိသေး ဘူးလို့ပဲ သိထားတယ်။ စစ်တပ်နဲ့ တွေ့မတွေ့ကလည်း မသိသေးဘူး။ အခြား တိုင်းရင်းသားတွေကို တင်ပြပြီး NCCT ၊ UNFC (တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) စတဲ့ အဖွဲ့အနေနဲ့သွားတာ မဟုတ်တော့ ပြောရခက်ပါတယ်။ နောက်တခုက ဘယ် လို တွေ့ဆုံမှုတွေ လုပ်ခဲ့လဲ၊ ဘယ်သူနဲ့တွေ့မလဲဆိုတာ သူတို့အဖွဲ့ရဲ့သဘောထားနဲ့တွေ့ဆုံတာပါ”ဟု ပြောသည်။
တိုင်းရင်းသားများ အနေနှင့် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ မည်သည့် အရာများကို ဆွေးနွေးသည်ကိုလည်း အတိအကျ မသိကြောင်း၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခြင်း ဖြစ်ပါက ကောင်းမွန်ကြောင်းလည်း ၎င်းက ပြောဆိုသည်
ယင်း ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆွေးနွေးပွဲတက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များကို ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ပြီးခဲ့သည့် စက်တင်ဘာလက နောက်ဆုံး တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၄ ရက် ၊၂၅ ရက်တွင် ပြန်လည် ကျင်းပရန် တိုင်းရင်းသားများဘက်မှ စီစဉ်ထားကြောင်း၊ အစိုးရဘက်နှင့် ညှိနှိုင်းရခြင်း မရှိသေးသော်လည်း အဆိုပါရက်တွင် ပြန် လည် စတင်ရန် ဦးအောင်မင်း က တိုင်းရင်းသားများဘက်ကို တောင်းဆိုထားကြောင်း သိရသည်။
“တပ်နေရာကိစ္စ၊ စစ်သည်တော် ကျင့်ဝတ်တွေ အတွက် အောက်ခြေပိုင်းနှစ်ဘက် လုပ်ငန်းကော်မတီတွေ တွေ့ဖို့လုပ်ထား ပေမယ့် ကျနော်တို့တွေ မတွေ့ဖြစ်ဘူး။ တပ်ပိုင်းက တွေ့မှ ရမှာပါ။ တွေ့တော့ တွေ့ဖို့လုပ်နေတယ်။ ဒါမှငြိမ်းချမ်းရေး ဆက် လုပ်လို့ရမှာလေ။ အခုတော့ လာမယ့်ဆွေးနွေးပွဲပြီးမှ တွေ့ဖြစ်မယ်ထင်တယ်”ဟု ဖဒိုကွယ်ထူးဝင်း က ပြောသည်။