“ငါ့အဖေ အဖမ်းခံရတဲ့ ညနေမှာပဲ အဲဒီသတင်းကို ငါရခဲ့တယ်။ ငါက အဲဒီအချိန်မှာ တက္ကသိုလ် တက်နေတုန်းပဲ ရှိသေးတယ်။ ငါ ကြောက်လည်းကြောက်၊ အမေ့အတွက်လည်း စိုးရိမ်နေမိတယ်။ အမေနေတဲ့ရွာမှာ ဖုန်းတွေ၊ အင်တာနက်တွေလည်း မရှိတော့ အဆက်အသွယ်က ပြတ်နေတယ်။ အဲဒီတုန်းက တညလုံး အိပ်လို့မရဘူး။ နောက်နေ့တော့ အမေရှိတဲ့ရွာကို လိုက်သွားတယ်။ ရွာက တာဝန်ရှိသူတွေ၊ ရဲနဲ့ စစ်တပ်ကို အဖေ့အကြောင်း စုံစမ်းပေမယ့် ငါ့အဖေကို သူတို့မဖမ်းဘူးပဲပြောပြီး တို့မိသားစုကိုတောင် ပြန်ခြိမ်းခြောက်လိုက်သေးတယ်” လို့ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က နီပေါအစိုးရ တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာ ခံရပြီးတဲ့နောက် ယနေ့တိုင် ၁၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သူ့အဖေအကြောင်းကို ရမ် ကူးမား ဘန်ဒါရီ (Ram Kumar Bhandari) က ပြန်ပြောင်း ပြောပြနေတယ်။
ရမ်ကို ဘာစီလိုနာမှာ အောက်တိုဘာလကုန်တုန်းက လုပ်ခဲ့တဲ့ အမှန်တရား ဖော်ထုတ်ရေးကော်မရှင် (Truth Commission) အကြောင်း ရက်တိုသင်တန်းမှာ ဆုံခဲ့ဖူးပြီး ဘန်ကောက်မှာ နိုဝင်ဘာလဆန်းပိုင်းက လုပ်တဲ့ အတိတ်ကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အထိမ်းအမှတ်၊ ပြန်ပြောင်း အောက်မေ့ဖွယ်တွေကို အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (Transitional Justice) လုပ်ငန်းတွေမှာ နည်းလမ်းတရပ်အနေနဲ့ ဘယ်လို လိုက်လျောညီထွေ ဆက်စပ် အသုံးပြုမလဲဆိုတဲ့ ဆွေးနွေးပွဲမှာ ရမ်နဲ့ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့တာပါ။
ရမ် ရဲ့အဖေဟာ အငြိမ်းစား ကျောင်းဆရာတဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူ ဖြစ်ပါတယ်။ သူအဖမ်းခံရပြီး ပျောက်ဆုံးသွားချိန်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး နီပေါနိုင်ငံမှာ မော်ဝါဒီ တော်လှန်ရေး သမားတွေနဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ၁၀ နှစ်ကြာ ပြည်တွင်းစစ် (၁၉၉၆-၂၀၀၆) အတွင်းမှာ ဖြစ်ပါတယ်။
ရမ်ဟာ သူ့ဖခင် အဖမ်းခံရပြီးပြီးချင်း ပျောက်ဆုံးသွားသူတွေအတွက် လှုပ်ရှားမှုတွေမှာ တနည်းနည်းနဲ့ ပါဝင်ခဲ့တယ်။ နီပေါ ပြည်တွင်းစစ် ကာလအတွင်းမှာ အစိုးရတပ်တွေရော၊ မော်ဝါဒီတွေကပါ ကျောင်းဆရာတွေ၊ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေ၊ ရပ်ရွာခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး၊ နှိပ်စက်၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်လို့ ရမ်က ဆိုပါတယ်။ အခွင့်အရေးမှန်သမျှ ရုပ်သိမ်းခံရပြီး တရားရုံးချုပ်ကို ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရုံးတော်ကို ဆင့်ခေါ်တဲ့ အမိန့်စာပဲ တင်ခွင့်ရတယ်လို့လည်း ပြောပြပါတယ်။
ရမ်က သူ့အဖေ ပျောက်ဆုံးသွားပြီး တလအကြာမှာ အသနားခံစာ တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်။ ပြည်တွင်းစစ် ကာလမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အနေနဲ့ သူတို့ရဲ့အသံကို ဖော်ထုတ်ရမယ့်နေရာ မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
နီပေါနိုင်ငံမှာ ၂၀၀၆ ခုနှစ်က အစိုးရနဲ့ မော်ဝါဒီ အင်အားစုတွေအကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီးတဲ့နောက် ရမ်ဟာ ပျောက်ဆုံးသွားသူတွေ၊ လက်စတုန်း ဖျောက်ဖျက်ခံရသူတွေနဲ့ ပတ်သက်ပြီး သူ့ခရိုင်အတွင်းနဲ့ တခြားခရိုင်တွေမှာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တယ်။ အဲဒီကတဆင့် ဒေသဆိုင်ရာ ကွန်ရက်တခု ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပျောက်ဆုံးမှုနဲ့ လက်စတုန်း ဖျောက်ဖျက်ခံရသူ မိသားစုများ၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (National Network of Families of Disappeared and Missing persons) ကို ထူထောင်ပြီး ညှိနှိုင်းဆောင် ရွက်ရေးမှူးအဖြစ် တာဝန်ယူ လုပ်ကိုင်နေပါတယ်။
နီပေါနိုင်ငံမှာ ငြိမ်းချမ်းရေးရပြီးတဲ့နောက် တရားရုံးချုပ်က ပျောက်ဆုံးသွားသူတွေ၊ လက်စတုန်း ဖျောက်ဖျက် ခံရသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ အညီ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့၊ ဥပေဒတွေ ပြဌာန်းဖို့၊ တာဝန်ရှိသူတွေကို တရားစွဲဖို့နဲ့ ပျောက်ဆုံး၊ လက်စတုန်း ဖျောက်ဖျက် ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို လုံလောက်တဲ့ ပြန်လည် ပြုစုပျိုးထောင်ရေးတွေ လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်တွေ့မှာတော့ အကောင်အထည်ဖော်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။
သို့သော်လည်းပဲ ရမ်တို့လို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေရဲ့ ကြိုးပမ်းမှုကြောင့် နီပေါနိုင်ငံတဝှမ်း ပြည်တွင်းစစ်အတွင်း ပျောက်ဆုံး၊ လက်စတုန်း ဖျောက်ဖျက်ခံရသူ ၁၄၀၀ ကို မှတ်တမ်းတင် စုဆောင်းနိုင်ခဲ့ပြီး သူတို့မိသားစုတွေဟာ အာဏာပိုင်တွေရဲ့ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေပါတယ်။
မြန်မာနိုင်ငံဟာလည်း ပဋိပက္ခတွေ အဆုံးမသတ်နိုင်သေးတဲ့ နိုင်ငံဖြစ်တာမို့ စစ်ပွဲတွေအတွင်းနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွင်း ပျောက်ဆုံး၊ လက်စတုန်း ဖျောက်ဖျက်ခံရတာမျိုး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲဖြစ်ပါတယ်။
ထင်ရှားတဲ့ သာဓက အနေနဲ့ပြရရင် ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ပြန်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာ ခင်ပွန်း၊ ယောက္ခမတို့နဲ့အတူ တောင်ယာသွားရင်း စစ်တပ်က ဖမ်းဆီးခံရပြီး ယနေ့တိုင် ပျောက်ဆုံးနေတဲ့ ကချင်အမျိုးသမီး ဆွန်လွတ်ရွယ်ဂျာကိစ္စ ဖြစ်ပါတယ်။
၂၀၁၂ မတ်လမှာ ခင်ပွန်းဖြစ်သူက ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်အထိ တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သူပျောက်ဆုံးသွားတာ ၃ နှစ်ပြည့်တဲ့ အချိန်မှာ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက သူ့အတွက် အမှန်တရားနဲ့ တရားမျှတမှုရဖို့ တောင်းဆို လှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။
အလားတူပဲ မွန်ပြည်နယ်ဖက်မှာ သတင်းလိုက်နေရင်း ပျောက်ဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်အကြောင်း လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေက စုံစမ်းကြပေမယ့် “ကိုပါကြီးဟာ အစောင့်စစ်သားဆီက လက်နက်လုပြီး ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်သတ်ခံရတယ်” ဆိုတဲ့ အဖြေသာ ရလိုက်ကြပါတယ်။
ကိုပါကီး ရုပ်ကလာပ်ကို ပြန်တူးဖော်တာ၊ ဆေးရုံက စစ်ဆေးတာ၊ ရန်ကုန်မှာ ဈာပန အခမ်းအနား ကျင်းပနိုင်ဖို့ ပြန်သယ်တာ စတဲ့ အဆင့်တိုင်းမှာ အနှောင့်အယှက်၊ အတားအဆီးမျိုးစုံ ကြုံတွေ့ခဲ့ရတာပါ။ ကိုပါကြီးနဲ့ ပတ်သက်ပြီး အမှန်တကယ် ဖြစ်ပျက်ခဲ့တာက ဘာလဲဆိုတာနဲ့ တရားမျှတမှု ရရှိရေးကတော့ ဆက်လက် ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သဘောထားကွဲသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာလည်း ခေတ်စနစ်တိုင်း တက်လာတဲ့ အစိုးရတွေရဲ့ ပစ်မှတ်ထား၊ ဖမ်းဆီး၊ နှိပ်စက်ခြင်းခံရသူတွေ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ၂၀၀၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေ အရ ၂၀၀၂ ခုနှစ်အတွင်းမှာတင် နိုင်ငံရေးအကျဉ်း သား ၁၅ ယောက်ဟာ အကျဉ်းထောင်တွေထဲက ခေါ်ထုတ်သွားတာ ခံရပြီး ပျောက်ဆုံး ဒါမှမဟုတ် လက်စတုန်း ဖျောက်ဖျက်ခံရတယ်လို့ ဖော်ပြထားပါတယ်။
အမှန်တရားအတွက် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရတဲ့ လုပ်ငန်းကတော့ မလွယ်ကူပါဘူး။ နီပေါနိုင်ငံမှာတောင် ပဋိပက္ခတွေ ကုန်ဆုံးသွားပြီ ဆိုပေမယ့် မိမိတို့ ချစ်ခင်ရသူတွေ ဘယ်လို ပျောက်ဆုံးသွားသလဲ ဆိုတာ မိသားစုဝင်တွေ ယနေ့အထိ မသိရသေးသလို၊ ခြိမ်းခြောက်မှုတွေလည်း ခံနေရဆဲ ဖြစ်ပါတယ်။ နီပေါ ပြည်တွင်းစစ် ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေဟာလည်း ယနေ့အချိန်ထိ အာဏာရှိနေဆဲဖြစ်ပြီး အများအားဖြင့် ရာထူးပါ တိုးမြှင့်ပေးထားခံရသူတွေ ဖြစ်နေပါတယ်။
ကျနော်တို့နိုင်ငံမှာလည်း ပျောက်ဆုံး၊ လက်စတုန်း ဖျောက်ဖျက်ခံရတဲ့ မိသားစုဝင်တွေ အချင်းချင်းကြား သတင်းအချက်၊ ဖလှယ်တာ၊ ပူးပေါင်းဆောင်ရွက်တာ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်း မှတ်တမ်းတင် ဆောင်ရွက် နိုင်ကြရင်၊ မိမိတို့ ချစ်ခင်နှစ်သက် တန်ဖိုးထားတဲ့ မိသားစုဝင်တွေရဲ့ ကံကြမ္မာ၊ သူတို့နဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အမှန်တရားနဲ့ တာဝန်ယူမှုတွေ ရရှိလာစေဖို့ တဆင့်ချင်း ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)