ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အစိုးရ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ ဝန်ထမ်း ၁ ဦး အပါအဝင် လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများ ဖြန့်ဖြူး၊ သုံးစွဲမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် မြက်တိုရပ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဝန်ထမ်း အိမ်ရာဝင်းအတွင်း နေထိုင်သည့် လျှပ်စစ် ဌာန ဝန်ထမ်း ကိုအောင်သိန်းထွန်း (လျှပ်စစ်ကျွမ်းကျင် အဆင့် ၄) နေအိမ်တွင် နိုဝင်ဘာ ၉ ရက်က မူးယစ်ဆေးဝါးများနှင့် အတူ
ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ဧရာဝတီ သို့ ပြောသည်။
“မူးယစ်တပ်ဖွဲ့က သတင်းရလို့ အဲဒီအိမ်နား တဝိုက်မှာ အချိန်အတော်ကြာ အသွင်ယူပြီး စောင့်ဆိုင်းနေခဲ့တာပါ။ အခုကျမှ သတင်း ခိုင်မာလို့ ဝင်ရောက် ဖမ်းဆီးတာပါ။ ဒီလူတွေကလည်း ဒီနေရာမှာ ဖြန့်ဖြူးလှုပ်ရှားနေတယ်လို့ပဲ ယူဆရတယ်”ဟု ရဲအုပ် သိန်းဇော်ဦး က ပြောဆိုသည်။
ပုသိမ်အခြေစိုက် မူးယစ်အထူး တပ်ဖွဲ့ နှင့် နယ်မြေခံ အမှတ် ၂ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေရာ ကိုအောင်သိန်းထွန်းနှင့် အပေါင်းပါ တဦးတို့ကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် ယင်းနေအိမ်သို့ ကျူံပျော်မြို့မှ ရောက်ရှိလာသူ ၂ ဦးကိုလည်း ဆက်လက် ရှာဖွေရာတွင် စိတ်ကြွဆေးပြားများ လက် ဝယ် တွေ့ရှိရသည့် အတွက် ၎င်းတို့ ၄ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူ ထားကြောင်း ရဲအုပ် သိန်းဇော်ဦးက ပြောပြသည်။
ရဲတပ်ဖွဲ့ဝင်များက လျှပ်စစ်ဝန်ထမ်း ကိုအောင်သိန်းထွန်း နေအိမ်၌ ဆက်လက် ရှာဖွေခဲ့ရာ (၈၈/၁) စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား တပြား အလေးချိန် (ဝ.၁) ဂရမ်ခန့်၊ ဂျာနယ် စက္ကူဖြင့်ထုပ်ထားသော ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် တထုပ် အလေးချိန် ၄ ဂရမ်ခန့် ရှိသည့် မူးယစ် ဆေးဝါးများ၊ ဆေးခြောက်ရှုရာတွင် အသုံးပြုသည့် သံပိုက် တပ်လျက် ကော်ဘူး တဘူးနှင့် အခြား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်ဟုလည်း ဆိုသည်။
ကိုအောင်သိန်းထွန်း နေအိမ်သို့ရောက်ရှိလာသူ ၂ ဦး၏ ဂျင်းဘောင်းဘီအိတ် အတွင်းမှ အအေးသောက်ပိုက် တချောင်းတွင် ၅ ပြား စီ ထည့်သွင်းထားသည့် (၈၈/၁) စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားများပါ ပိုက် ၆ ချောင်း အတွင်းမှ ဆေးပြား၃၀ ၊ အလေးချိန် ၃ ဂရမ်ခန့် ရှိသည့် မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ မူးယစ် အထူးတပ်ဖွဲ့မှ ဒုရဲအုပ် သန်းဝင်းရွှေက တရားလို ပြုလုပ်ပြီး ကိုအောင်သိန်းထွန်းပါ ၄ ဦးအား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း၌ မူးယစ် ပြစ်မှုနံပါတ် ၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
ထိုအမှုနှင့် ဆက်စပ်ပြီး ပုသိမ်မြို့နှင့် ကျူံပျော် မြို့နယ်တို့မှ မူးယစ်ဆေးဝါးများ ပင်မဖြန့်ချိ ရောင်းချနေသူများကို ဖော်ထုတ် အရေးယူနိုင်ရန် ပုသိမ်အခြေစိုက် မူးယစ်အထူး တပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။