လွိုင်ကော်-အောင်ပန်း လမ်းပေါ်မှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀ မြင့်တဲ့ ပင်လောင်းမြို့ဟာ ချင်းတောင်ဒေသပြီးရင် မြန်မာနိုင်ငံမှာ အအေးဆုံးဒေသလို့ ပြောနိုင်တဲ့ မြို့လေးတမြို့ပါ။ “မိုးရာသီပြီးရင် ဆောင်းရာသီပဲ ရှိတယ်” လို့ ဒေသခံတွေက ပြောဆိုကြပြီး ဆောင်းတွင်းကာလတွေမှာ သုညဒီဂရီ စင်တီဂရိတ်အောက်အထိ အေးတတ်ပါတယ်။
ဒီမြို့လေးဟာ လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးနေတဲ့ ဘီလူးချောင်းစတင် စီးဆင်းရာ ဒေသဖြစ်ပြီး ပအို့ဝ်၊ ကယန်း၊ ရှမ်း၊ အင်းသား၊ တောင်ရိုး၊ ဓနု၊ ဗမာအပါအဝင် တခြားမျိုးနွယ်စုတွေလည်း နေထိုင်ကြပါတယ်။ ပင်လောင်းရဲ့ အဓိက နာမည်ကြီး ထွက်ကုန်ကတော့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက် ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး နယ်မြေလုံခြုံရေး အားနည်းတဲ့ အစွန်အဖျားဒေသတွေ၊ ကွပ်ကဲအုပ်ချုပ်မှု အာဏာစက် မသက်ရောက်နိုင်တဲ့ နေရာတွေမှာတော့ ဒေသခံ တိုင်းရင်းသား အများစုဟာ အသိပညာ အားနည်းမှု၊ အရင်းအနှီး မပြည့်စုံမှု၊ စိုက်ပျိုးမှု နည်းပညာ အခက်အခဲတွေကြောင့် ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းနဲ့ မိသားစု စားဝတ်နေရေးကို တနည်းတဖုံ ဖြေရှင်းနေကြရပါတယ်။
ဘိန်းစိုက်တောင်သူ တိုင်းရင်းသားတဦးက “လက်ဖက်စိုက်တယ်၊ လက်ဖက်ခြံ ပိုင်တယ်ဆို ကျောင်းဒကာတွေဗျ။ တခြားသီးနှံတွေ၊ အာလူး စိုက်မယ်ဆိုရင် စိုက်ပျိုးစရိတ်များတယ်။ သီးနှံမအောင်ခဲ့ရင် ရှုံးမယ်။ ဘိန်းစိုက်တာကတော့ အရှုံးမရှိဘူး။ စီးပွားရေးက အဆင်မပြေလို့ အချိန်တိုတိုနဲ့ အရင်အနှီး နည်းနည်းနဲ့ စိုက်လို့ရလို့ စိုက်တာပေါ့” လို့ ပြောပါတယ်။
အဲဒီဒေသမှာ ငွေးကြေးတတ်နိုင်သူတွေအနေနဲ့ ဆောက်လုပ် လှူဒါန်းနိုင်တဲ့ ဘုန်းကြီးကျောင်း အရေအတွက်ကို အစွဲပြုပြီး တကျောင်းဒကာ၊ နှစ်ကျောင်းဒကာ၊ သုံးကျောင်းဒကာ စသဖြင့် ခေါ်ကြပါတယ်။
ဘိန်းက တခြားသီးနှံတွေထက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပါတယ်။ မြေသြဇာအဖြစ် ကြက်ချေးကိုထည့်ပေးပြီး နှင်းစက်နှင်းရည်ကို ရရုံနဲ့ ဘိန်းခင်က အောင်မြင်ဖြစ်ထွန်းတာရယ်၊ ဘိန်းပင်ဟာ ၃ လ၊ ၄ လလောက်အတွင်း ဘိန်းစေးထုတ်ယူနိုင်ပြီး ဘိန်းကုန်သည်က အိမ်တိုင်ယာရောက် လာဝယ်တာမျိုးတွေကြောင့် ငွေဖြစ်လွယ်ပါတယ်။
မင်းဘူးကျေးရွာအုပ်စု ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးခွန်သောင်းဖေက ဒေသခံတချို့ ဘိန်းစိုက်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး “တကယ်ပဲ အရင်းအနှီး ရှိတဲ့သူတွေက ဘိန်းကို မကောင်းမှန်းသိလို့ မစိုက်ကြဘူး။ အရင်းလည်း နည်းတယ်။ မနေသာ မချောင်သာလို့၊ အခြားအလုပ်ကိုလည်း မလုပ်ကိုင်နိုင်လို့ ဘိန်းကိုစိုက်ပျိုးတဲ့ အလုပ်ကိုပဲ လုပ်ရတာ” လို့ ပြောပါတယ်။
တောင်ကြီးခရိုင်အတွင်းရှိ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ်အတွင်းရှိ ယွန်းပြကျေးရွာ အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ မင်းဘူးကျေးရွာ အုပ်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီးခဲ့ကြပါတယ်။ ဖျက်ဆီးရာမှာ ပါဝင်ရတဲ့ ဒေသခံတွေကလည်း သိပ်တက်ကြွမှု မရှိလှတာ တွေ့ရပါတယ်။
“အရင်တုန်းကတော့ ဘိန်းဖျက်တာပဲရှိတာ၊ အရေးယူမှုတွေမရှိဘူး။ နောင်လာမယ့် နှစ်မှာတော့ ဘိန်းစိုက်တောင်သူတွေကိုပါ အရေးယူ ဆောင်ရွက်သွား မယ်” လို့ ပင်လောင်းမြို့နယ်မှ ရဲမှူး မြင့်သိန်းက မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။
မူးယစ်ပုဒ်မ ၁၆ (ဃ) အရ ဘိန်းစိုက်ပျိုးထုတ်လုပ်သူကို ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ အပြစ်ပေး အရေးယူနိုင်တယ်လို့ သိရပါတယ်။
မျက်စိတဆုံး ကျယ်ပြန့်လှတဲ့ ဘိန်းခင်းကြီးကို ရဲတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေက မြက်ရိတ်စက်၊ တုတ်၊ ဝါးကိုင်းများနဲ့ ရိုက်လှဲပြီး ဖျက်ဆီးနေကြပါတယ်။ ဒါပေမယ့် မင်းဘူး ကျေးရွာအုပ်စု ကလိန်ရွာနေ တောင်သူ ခွန်ထွန်းဖေက “မြင်သာထင်သာနေရာမှာ နှစ်တိုင်းလိုလို ဖျက်တာနေပေါ့။ ကံကောင်းထောက်မစွာနဲ့ တခုခု ကွယ်နေလို့ ကျန်ကောင်း ကျန်နေနိုင်ပါတယ်” လို့ ပြောပါတယ်။
သွားလာရေး ခက်ခဲတဲ့ လျှိုတွေ၊ တောင်ကြားတွေနဲ့ အဆက်အသွယ် ဝေးလံတဲ့ ဒေသတွေ၊ ရွာဝန်းကျင်တွေမှာ ဘိန်းခင်းတချို့ အဖျက်အဆီး မခံရဘဲ ကျန်ရှိနေလေ့ရှိပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး “ဖျက်နိုင်တဲ့ အပိုင်းကိုဖျက်မယ်၊ ဖမ်းနိုင်တဲ့ အပိုင်းကလည်း ဖမ်းမယ်၊ စွမ်းအားရှိသလောက် ဆောင်ရွက်နေတာပဲ” လို့ ရဲမှူး မြင့်သိန်းက ဆိုပါတယ်။
ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ဘိန်းခင်းတွေ ဖျက်ဆီးလာတာ စုစုပေါင်း ဧက ၁ ထောင်ကျော်လောက်ကို ၂ ဖွဲ့ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ဘိန်းခင်းဖျက်ဆီးရေးကာလကို ရှေ့နှစ် ဧပြီလအထိ မှန်းထားကြောင်း သိရပါတယ်။
နောင်တရား မြို့နယ်ခွဲနဲ့ ပင်လောင်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၄၃၆ ရွာရှိပြီး ဘိန်းစိုက်တဲ့ ကျေးရွာပေါင်း ၉၀ ကျော်ရှိကြောင်း၊ ပြီးခဲ့တဲ့နှစ်က ဘိန်းခင်း ဖျက်ဆီးမှု ဧကပေါင်း ၈ ထောင်နီးပါးရှိပြီး ယခုနှစ်မှာ မြေပြင်အနေအထားအရ ဧက ၆ ထောင်ကျော်လောက် ရှိနိုင်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်း ထောက်လှမ်းချက် တွေအရ သိရပါတယ်။
တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူ မငယ်ငယ်ကတော့ “မနှစ်ကတော့ ဘိန်းစိမ်း တပိဿာကို (ကျပ်) ၅ သိန်းကျော်အထိ ဈေးပေါက်တယ်။ အခုနှစ်တော့ ၂ သိန်းတောင် မဝယ်ကြဘူး။ ဘိန်းဝယ်တဲ့ ကုန်သည် မရှိလို့ ထင်တယ်” လို့ ပြောပါတယ်။
ဘိန်းဝယ်တဲ့သူတွေ မရှိရခြင်းကတော့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်က ပင်လောင်းမြို့နယ်အတွင်းမှာ ဘိန်းချက်စခန်းကြီး ၂ ခုကို ဖမ်းဆီးအရေးယူလိုက်လို့ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
ယခင်က ဘိန်းစိုက်တဲ့ ကျေးရွာများကို လူသူအရောက်အပေါက် နည်းပြီး ဘယ်သူတွေ စိုက်ပျိုးတွေတယ် ဆိုတာကို သိရဖို့ ခက်တယ်လို့ ဆိုပါတယ်။
ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလွင်က “အကျင့်ပျက် လာဘ်စားမှုပေါ့၊ ကျနော်တို့ သိရသလောက်တော့ အဲဒီရွာတွေမှာ နေတဲ့သူတွေဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာတာဖြစ်စေ တလကို ၅ ထောင်ပေးရတယ်။ တနှစ်ကို ၆ သောင်း ပေးရတယ်။ ဘိန်းစိုက်တဲ့ အတွက်ပေးရတာ” လို့ ပြောပါတယ်။
ကယန်းဒေသအတွင်းရှိ ဖယ်ခုံနဲ့ ပင်လောင်းမှာ ကျေးလက်နေ တောင်သူတွေ အနေနဲ့ ဘိန်းစိုက်ရာသီကို ရောက်လာရင် စိုက်ပျိုးသည် ဖြစ်စေ၊ မစိုက်ပျိုးသည် ဖြစ်စေ ခွဲတမ်းအရ ဆပ်ကြေးသဘောမျိုးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် အဆင့်ဆင့် ပေးကမ်းနေရတာမျိုးတွေ ရှိကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။
ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ခွန်စိုးမြင့်က “အချိန်တိုတိုအတွင်း စိုက်ပျိုးလို့ရမယ့် အရင်းအနှီးနည်းနည်းနဲ့ ကောင်းမွန်းတဲ့ အစားထိုးသီးနှံတွေ၊ နည်းပညာ အကူအညီလို အရာတွေ အမြန်ဆုံး လိုအပ်နေပါတယ်” လို့ ဆိုပါတယ်။
ဒီလို အစားထိုး သီးနှံတွေ စိုက်ပျိုးနိုင်အောင် လုပ်ဆောင်ပေးမှုတွေ မရှိရင် တောင်သူတွေဘက်က အရမ်းနစ်နာမှုတွေ ရှိနိုင်ကြောင်း၊ တတ်နိုင်တဲ့ ငွေကြေးနဲ့ စိုက်ထားတဲ့ ဘိန်းခင်းတွေ ဖျက်ဆီးခံရတော့ ဘဝရပ်တည်မှုအတွက် အခက်အခဲဖြစ်၊ ထွက်ပေါက်မရှိသလို ဖြစ်ပြီး တခြားနေရာတွေမှာ ပြောင်းရွှေ့စိုက်ပျိုးဖို့ ကြိုးစားလာတာကြောင့် ဘိန်းထွက်က မလျော့ကျဘဲ သံသရာလည်နေတယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ဘိန်းအစားထိုးဖို့ ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးတွေ ကူညီပေးတာ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်မပေးနိုင်တာတွေကြောင့် နှစ်စဉ် ဘိန်းစိုက်ပျိုးမှု တိုးပွားနေရတာ ဖြစ်တယ်၊ ဒေသခံများအတွက် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ လိုအပ်ချက်တွေကို ကာလသတ်မှတ်ပြီး ရေတိုရေရှည် ဆောင်ရွက်နိုင်ရင် ကောင်းမွန်တဲ့အခြေအနေကို ရောက်ရှိနိုင်တယ်လို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
မင်းဘူးကျေးရွာအုပ်စု ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးခွန်သောင်းဖေက သူတို့ကျေးရွာတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး “လက်ဖက်တွေစိုက်ပါ၊ အခြားအပင်တွေ စိုက်ပါလို့ ပြောနေပေမယ့် ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်တာမျိုး မရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဘိန်းခင်းအများဆုံးကို ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ဘိန်းခင်းဧက ၆ သောင်းခွဲကျော် ဖျက်ဆီးခဲ့ကြောင်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ တောင်ကြီးခရိုင်ရှိ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်က အများဆုံး စိုက်ပျိုးထွက်ရှိတယ်လို့ သိရပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက ၅၇၈၀၀ ဟက်တာ ( ဧက တစ်သိန်းခွဲနီးပါး ) ဘိန်းစိုက်ပျိုးပြီး ၆၉၀ မက်ထရစ်တန် ( ပိဿချိန် ၄ သိန်း ၂ သောင်းကျော်) နဲ့ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။
အဲဒီထဲက ရှမ်းပြည်နယ် တောင်ပိုင်းဟာ ၂၆၆၀၀ ဟက်တာ (ဧက ၆ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက ၁၈၄၀၀ ဟက်တာ (ဧက ၄ သောင်းခွဲ ကျော်)၊ ရှမ်းပြည်နယ် မြောက်ပိုင်းက ၈၃၀၀ ဟက်တာ (ဧက ၂ သောင်းကျော်) နဲ့ ကချင်ပြည်နယ်က ၄၆၀၀ ဟက်တာ (ဧက ၁ သောင်း ၁ ထောင်ကျော်) စိုက်ပျိုးခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်ဟာ တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမူ ၉၂ ရာခိုင်နှုန်း ရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC ) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့အစည်းက “လျစ်လျူရှုခံ အကြပ်အတည်းများ” ဆိုပြီး ရှမ်းပြည်နယ် ပလောင်ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဒေသခံလူငယ် ၉၀ ရာခိုင်နှုန်းကျော် မူးယစ်ဆေးကြောင့် ပျက်ဆီးနေမှုတွေကို ဖော်ပြပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးပါတယ်။
၁၉၉၉ – ၂၀ဝ၀ ခုနှစ်ကနေ ၂၀၁၃ – ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်မှု ပပျောက်ရေး အတွက် ၁၅ နှစ် စီမံကိန်း ချမှတ်ခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ၅ နှစ်သက်တမ်း ထပ်တိုးပေးထားခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများ ကျယ်ပြန့်လာမှုက မြန်မာ့တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနိုင်တယ်လို့ UNDOC က ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ သတိပေးထားပါသေးတယ်။
(ကိုဖိုးသား (တောင်ကြီး) သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် အလွတ်သတင်းထောက် တဦးဖြစ်သည်။ ဓာတ်ပုံ၊ ရုပ်သံသတင်းနှင့် သတင်း၊ ဆောင်းပါးများ ရေးသားနေသည်။)