မြန်မာနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေးကာလ လာရောက်မည့် အမေရိကန်သမ္မတ အိုးဘားမား၏ ခရီး စဉ် မတိုင်ခင် ပြည်တွင်းသို့ အကြမ်းဖက်သမားတချို့ ဝင်ရောက်လာသည် ဟူသော သတင်းများ ထွက်ပေါ်လာ၍ လုံခြုံရေးများ တိုးမြှင့် ချထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောသည်။
သမ္မတ အိုဘားမား လာရောက်ရန် ရက်ပိုင်း အလိုဖြစ်သော နိုဝင်ဘာလဆန်းပိုင်းတွင် ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေး အကြမ်း ဖက် အဖွဲ့(RSO)မှ အကြမ်းဖက် သမားတချို့ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာရန် ကြိုးစားလျက်ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
RSO အဖွဲ့မှ ပြည်တွင်း လှုပ်ရှားရေး အဖွဲ့ ခေါင်းဆောင် သန်းဝင်း၊ မြန်မာပြည် တာဝန်ခံ အိုစမာ ခေါ် ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွ သင်တန်းဆင်း အာဇက် ခေါ် အမင်းနှင့် အဖွဲ့ဝင် အီစမိုင် ခေါ် ဇော်ဝင်း တို့ ၄ ဦးကို ဓာတ်ပုံနှင့်တကွ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများမှ ရဲစခန်းများသို့ နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ ပေးပို့ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဇော်မင်းဦးက ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည်ဟူသော မွန်ပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ စစ်ဆေးရေး ဂိတ် များတွင်လည်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ် စိုးမြိုင်ကလည်း “ကျနော် သိတာတော့ ရရှိတဲ့သတင်းအရ ဖော်ထုတ်ပြီး စိစစ်ဆဲ၊ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒီသတင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေပြီး တာဝန်ရှိတဲ့ လုပ်ရမယ့် ဌာနတွေကို ဖြန့်ဝေခြင်း ဖြစ်ပါတယ်။ ကျနော်တို့က သတင်းရတယ်။ အဲဒီ သတင်းကို ကျနော်တို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ အတည် ပြု ဖော် ထုတ် တယ်။ အတည်ပြု ဖော်ထုတ်လို့ရရှိတဲ့ သတင်း သုံးသပ်ချက်နဲ့ ဖြန့်ဝေတာ ဖြစ်ပါတယ်။ ကျနော်တို့ဆီက အလုပ်လုပ်ဖို့ ဖြန့်ဝေ တယ် ဆိုကတည်းက မခိုင်မာဘဲနဲ့တော့ မဖြန့်ဝေဘူး။ ခိုင်ခိုင်မာမာသိရလို့ ဖြန့်ဝေထားတယ်လို့ ပြောနိုင်ပါတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိကျင်းပနေသည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် သမ္မတ အိုဘားမား ခရီးစဉ်အတွက် လုံခြုံရေးများကို လုံး၀ လစ်ဟင်းမှု မရှိစေရန် လုံခြုံရေး အပြည့်အ၀ ချထားကြောင်း အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ လုံခြုံရေး ဆပ်ကော်မတီရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်ကလည်း ပြောသည်။
“အစည်းအဝေး ကျင်းပတဲ့ နေရာမှာ လုံခြုံရေး အပြည့်အ၀ ချထားပါတယ်။ နေပြည်တော် နယ်မြေမှာလည်း ယခင်ထက် လုံခြုံရေး နှစ်ဆလောက် တိုးမြှင့်ချထားပါတယ်။ ပြီးရင် နေပြည်တော်နဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာလည်း အလားတူ လုံခြုံရေးတွေ တိုးမြှင့်ချထား ပါတယ်။ အစည်းအဝေး ကျင်းပမယ့် နေရာနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ နေပြည်တော် စုစုပေါင်း ရဲတပ်ဖွဲ့အင်အားရဲ့ နှစ်ဆယ် ရာခိုင်နှုန်း ကို တာဝန် ပေးထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် သမ္မတ အိုဘားမား၏ နေပြည်တော်နှင့်ရန်ကုန် ခရီးစဉ်အတွင်း လုံခြုံရေးအတွက် တနိုင်ငံလုံးရှိ ရဲအင်အား ၇ သောင်းကျော်၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ရဲ အင်အား တသောင်းခွဲ နီးပါးကို အသုံးပြု ထားသည်ဟုလည်း ဆိုသည်။
သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် RSO အဖွဲ့မှ အကြမ်းဖက်သမား ၄ ဦး၏ အမည်များနှင့် ဓာတ်ပုံများကို လူစည်ကားရာ နေရာများတွင် ကပ်ထားကြောင်း မော်လမြိုင် ဒေသခံ တဦးက ပြောပြသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ်(၉) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ဟိုတယ် တခု တွင် အကြမ်းဖက်သမားများနှင့် ရုပ်ချင်းဆင်တူသည့် လူများ ရောက်ရှိနေကြောင်း သတင်းပို့သည့် အတွက် ပုဇွန်တောင် ရဲစခန်း က သွားရောက် စစ်ဆေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူးက“ကျနော်တို့ဆီကို ဟိုတယ်တခုက လူပုံသဏ္ဌာန်တွေကြောင့် အဖျက်သမားတွေများလား ဆိုပြီး အကြောင်းကြားလို့ ကျနော်တို့ ချက်ချင်း သွားရောက် စစ်ဆေးခဲ့ပါတယ်”ဟု ပြောပြသည်။
သို့သော် ဟိုတယ်တွင် တည်းခိုနေသူများမှာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် အကြမ်းဖက်သမား ၄ ဦးနှင့် သက်ဆိုင်မှု မရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံမှ အာဆီယံ လုံခြုံရေး တပ်ဖွဲ့များ အနေနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ နယ်စပ် ဝင်ပေါက် အားလုံးတွင် အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းသို့ ဝင်ရောက်လာနိုင်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော် လေဆိပ်များတွင်လည်း နိုင်ငံခြားသား အဝင်အထွက်များကို နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က သုံးစွဲသည့် လက်ဗွေရာ၊ ကျူးလွန်ခဲ့သည့် ပြစ်ချက်ဟောင်းရှိသူများ၏ အချက်အလက်များကို စာရင်းပြုစုထားသည့် အချက်အလက်များဖြင့် တိုက်ဆိုင် စစ် ဆေး နေကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း ခရီးသွားလာကြမည့် အများပြည်သူများ အနေဖြင့် နိုင်ငံသား စိစစ်ရေး လက်မှတ် သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံသား အထောက်အထား လက်မှတ်၊ ဝန်ထမ်းစိစစ်ရေး လက်မှတ်၊ ခရီးသွားလာခွင့် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ၊ လိုအပ်သော စာရွက် စာတမ်းများနှင့် သက်ဆိုင်ရာ ယာဉ်အထောက်အထားများကိုပါ မပျက်မကွက် ကိုင်ဆောင်ပြီး ခရီးသွားလာကြရန်နှင့် တာဝန်ရှိသူများက တာဝန်အရ စစ်ဆေးမေးမြန်းခြင်းအပေါ် ကြည်ဖြူစွာ ခံယူပြီး ပူးပေါင်းကူညီ ဆောင်ရွက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။