ရန်ကုန်မြို့ရှိ အများပြည်သူ အနားယူ အပန်းဖြေစရာ ပန်းခြံအများစုတွင် ဝင်ကြေး ကောက်ခံခြင်း မပြုလုပ်ရန် စီစဉ်နေကြောင်း ရန် ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာနက ပြောသည်။
ပန်းခြံပေါင်း ၆၃ ခု ရှိသည့် အနက် ကန်တော်ကြီး ဥယျာဉ် အပါအဝင် ပန်းခြံ ၅၉ ခုကို လာမည့် ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်၍ ဝင်ကြေး ကောက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။
အာဇာနည် ဗိမာန် အပါအဝင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်၊ မြကျွန်းသာ နှင့် မြိုင်ဟေဝန် ပန်းခြံတို့ကိုသာ ဝင်ကြေး ကောက်ခံမည် ဖြစ်သည်ဟု YCDC ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“လာမယ့်နှစ်မှာ ကန်တော်ကြီးကို ဝင်ကြေး အခမဲ့ ဆောင်ရွက်ပေးမယ်။ ပန်းခြံ ၆၃ ခု ထဲမှာ အခုလာမယ့်နှစ်ကစပြီး ပန်းခြံ ၄ ခု ကို ပဲ ဝင်ကြေး ကောက်တော့မယ်။ ကျန်တဲ့ ပန်းခြံတွေကို ပြည်သူလူထု လွတ်လွတ်လပ်လပ် အပန်းဖြေနိုင်အောင် ဆောင်ရွက်သွားမယ်’’ဟုလည်း ၎င်းက ပြောပြသည်။
လက်ရှိ ရန်ကုန်မြို့က ပန်းခြံများအတွင်း ဝင်ရောက် အပန်းဖြေ အနားယူမည် ဆိုပါက လူ ၁ ဦးလျှင် ဝင်ကြေး ကျပ် ၃၀၀ ကောက် ခံ နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ပန်းခြံ ၆၃ ခုအနက် ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် ပန်းခြံ ၁၀ ခုကို အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၄ -၂၀၁၅ တွင် ပန်းခြံ ၆ ခု ကို အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း ၊ ၂၀၁၅-၂၀၁၆ တွင် ပန်းခြံ ၇ ခုကို အဆင့်မြှင့်တင်ရန် လျာထားကြောင်း၊ လက်ရှိ အချိန်အထိ ပြင် ဆင် မွမ်းမံပြီး ပန်းခြံ ၁၅ ခုအထိ ရှိလာကြောင်းလည်း YCDC က ပြောသည်။
“ပန်းခြံတခုကို အရင်ဆုံး အဆင့်မမြှင့်တင်ခင် မွမ်းမံ ပြင်ဆင်မူတွေ လုပ်ရတယ်။ မွမ်းမံပြင်ဆင်ပြီးမှ အဆင့်မြှင့်တင်လို့ရတာ။ လက် ရှိ ပုံမှန်ထိန်းသိမ်းနေတဲ့ ပန်းခြံ ၁၃ ခုပဲ ရှိတယ်။ ပြုပြင်မွန်းမံဖို့ ၅ ခု ကျန်နေသေးတယ်”ဟု YCDC ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ အကြီးတန်း အရာရှိက ပြောဆိုသည်။
ရန်ကုန်မြို့တွင် အနားယူ အပန်းဖြေစရာ ပန်ခြံများ ရှိသော်လည်း လက်တွေ့တွင် အနားယူ အပန်းဖြေနိုင်သည့် ပန်းခြံမှာ နည်းနေ သေးကြောင်း ဒေါပုံမြို့နယ်၌ နေထိုင်သူ အသက် ၂၃နှစ် အရွယ် ကိုအောင်စိုးက ပြောသည်။
“ပန်းခြံတွေက မြို့လယ်ကောင် လောက်မှာသာ အပန်းဖြေနိုင်တဲ့ ပန်းခြံတွေ ရှိတာ။ ကျနော်တို့ ဘက်မှာဆို ဘာပန်းခြံမှ မရှိဘူး။ သာကေတမှာ ရှိတဲ့ ပန်းခြံတောင် အဖျက်ခံရတယ်။ ရန်ကုန်မှာ စိတ်အေးလက်အေး အပန်းဖြေနိုင်တဲ့နေရာ မရှိသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ပြည်သူများ အပန်းဖြေရန်နှင့် ကလေးငယ်များ အပျင်းပြေ ကစားနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားသော မြေကွက် လပ်၊ ပန်းခြံများသည် ယခု အစိုးရ လက်ထက်တွင် အဆောက်အအုံများအဖြစ် YCDC က ဖန်တီးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင်လည်း ဆွေးနွေးမှုများ ရှိခဲ့သည်။
ထိုကဲ့သို့ လွှတ်တော်တွင်း ဝေဖန်ဆွေးနွေးမှုများနှင့် မီဒီယာများ၏ ထောက်ပြဝေဖန်ရေးသားမှုများကြောင့် YCDC က ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းများကို ပြည်သူလူထုအတွက် ပြန်လည် ပြင်ဆင်ခြင်း၊ ဝင်ကြေးအခမဲ့ပေးခြင်းများ ဆောင်ရွက်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ရရှိသည့် စာရင်းများအရ ၂၀၁၄ ခုနှစ် ဧပြီလ မှ စတင်၍ ရန်ကုန်မြို့ရှိ ပန်းခြံများတွင် အနားယူ အပန်းဖြေသူ ၁၂ သိန်း ကျော်ရှိကြောင်း၊ မေလတွင် ၁၀သိန်း၊ ဇွန်လတွင် ၈သိန်း၊ ဇူလိုင်လတွင် ၈သိန်း၊ သြဂုတ်လတွင် ၇ ဒသမ ၆ သိန်း၊ စက်တင်ဘာလတွင် ၇ ဒသမ ၆ သိန်း နှင့် အောက်တိုဘာလ တွင် ၁၁သိန်း ကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၆၄ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။