ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးခရိုင် တရားရုံးတွင် နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် အစ္စလမ် ဘာသာဝင် ၂၀ အမှု အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအမှု၌ပါဝင်ပတ်သက်ခြင်း မရှိဟုယူဆရသူ ၇ ဦး ပြန်လွှတ်ပေးရန်အတွက် ပြည်နယ် တရားလွှတ်တော်သို့ တင်ပြရာတွင် ပယ် ချ ခံရပြီးနောက် ထိုသို့ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားစွဲခံထားရသူများ၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ၇ ဦးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်က ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီ ၇ ယောက်က လုံးဝ အငြိအစွန်း မရှိတဲ့သူတွေ။ အခု လုပ်နေတဲ့ဟာက အစ္စလမ် ဘာသာဝင်တွေမို့လို့ ဘာသာရေးနဲ့ ဆက်နွယ် တဲ့ အမှုဆိုပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီလူတွေကို အပြစ်ပေးမယ်ဆိုတဲ့ ပုံပေါက်နေပြီ။ ဒီမူကြီးနဲ့ သွားနေရင်တော့ တရားဥပဒေ စိုးမိုး ရေးက ပျက်စီးနေပြီ။ ဒါကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိ တက်မယ်”ဟု အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်နေသူ တောင်ကြီးမြို့မှ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသူဟု ယူဆရသူ ၇ ဦးတွင် နိုင်ငံတော်သမ္မတရုံးမှ ယာဉ်မောင်းအမျိုးသား တဦး အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ်ဘာသာဝင် ဗလီဆရာတဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ်ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင် တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လုြံခုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားခံများ၏ မိသားစုဝင်များက ပြောသည်။
ယင်းအမှုနှင့် ဆက်စပ်ပြီး တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံဖမ်းဆီးလိုက်သည့်အတွက် စုစုပေါင်း လူ ၂၀ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
ယခု တရားစွဲဆိုခံထားရသည့် လူ ၂၀ တွင် တောင်ကြီးမြို့မှ ၁၂ ဦး၊ ကျောက်ဆည်မြို့မှ ၆ ဦး၊ ကွန်ဟိန်းမြို့မှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦး ပါဝင်ကြောင်း သိရသည်။
ယင်းအမှုကို တောင်ကြီးမြို့ မြို့မ ရဲ စခန်းမှ (ပ)၁၈၂/၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
သို့သော် အဆိုပါအမှု၏ တရားလိုဖြစ်သူ တောင်ကြီး စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့မှ ဗိုလ်ကြီး ဇေယျာလင်းက စွပ်စွဲခံရသူများထံမှ လက် နက် ဥပဒေနှင့် ငြိစွန်းနိုင်သည့် ပေါက်ကွဲစေတတ်သော လက်နက်များ၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခြင်းမရှိဟု တရားရုံးတွင် ထွက်ဆိုထားသည်ဟုလည်း ဒေါ်ခင်မိုးမိုးက ပြောဆိုသည်။
အမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၀ ရက်က တောင်ကြီးခရိုင် တရားရုံးတွင် တရားခံဘက်မှ သက်သေကို ပထမအကြိမ် စတင် စစ်ဆေးခဲ့ပြီး တရားခံပြသက်သေ ၉၂ ဦးကို ဆက်လက် စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။
တရားစွဲခံရသူ တဦးနှင့် ဆွေမျိုး တော်စပ်သူ တဦးက“တရားရုံး ရောက်နေပြီဆိုတော့ တရားဥပဒေလမ်းကြောင်းအရ လုပ်မယ် ဆို ရင် သူတို့မှာ အပြစ်မရှိကြပါဘူး။ တရားဥပဒေ လမ်းကြောင်းနဲ့ မဟုတ်ဘဲ တခြားလမ်းသွားမယ် ဆိုရင်တော့ အန္တရာယ်ရှိတာပေါ့။ မင်္ဂလာဆောင် မရောက်ဘဲ ထောင်ထဲရောက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတယ်”ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးချုပ် ဝင်းခေါင်က အဆိုပါ တရားခံများသည် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက် သွယ်မှု ရှိကြောင်း၊ အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု ၎င်းတို့က ဝန်ခံထားကြောင်း RFA သတင်းဌာနကို ပြော ဆိုထားသည်။