အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာပြီဖြစ်သည်။ မြန်မာကို ယခင်က နိုင်ငံရေး ဖိအားပေးမှုများနှင့် စီးပွားရေးပိတ်ဆို့မှုများ လုပ်ခဲ့သော အမေရိကန်သည် သမ္မတအိုဘားမားအာဏာ ရရှိလာပြီးသည့်နောက်တွင် သံတမန်ရေးအရ ပုံမှန်ပြန်ဆက်ဆံလာခဲ့သည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် တင်းကျပ်သော မူဝါဒကို အဆုံးသတ်ခဲ့သည်။ အိုဘားမားက မြန်မာ နိုင်ငံသို့ ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများကို ပယ်ဖျက်ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီများ မြန်မာ နိုင်ငံတွင်းသို့ ဝင်ရောက်ရန် အားပေးခဲ့သည်။
ယင်းမှာ ၂၀၁၁ တွင်တက်လာသော မြန်မာ အစိုးရသစ်က ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပ ရန် စီစဉ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်း သား ရာပေါင်းများစွာကိုပြန်လွှတ်ပေးခဲ့ခြင်း၊ အစိုးရ နှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သည့် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင် အဖွဲ့များနှင့်လည်း အပစ်အခတ်ရပ်စဲရေး စကားပြောခြင်း၊ ပြည် တွင်းမီဒီယာများအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ထား မှုများကိုလည်း ဖြေလျှော့ပေးခဲ့ခြင်းတို့ကြောင့် ဖြစ် သည်။
ထို့ပြင် ပြည်သူ သန်းပေါင်း ၅၀ မျှရှိသည့် ဈေးကွက်သစ်တခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်လည်း ကြွယ်ဝသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလားအလာအကောင်းဆုံး ဈေး ကွက်များထဲမှ တခုအသွင်ဖြင့် ပေါ်ထွက်လာခဲ့သည်။ နီးကပ်သည့် ဆက်ဆံရေးများကို ခင်းကျင်းခြင်းအား ဖြင့် အမေရိကန်က အာရှဒေသမှ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တွန်းဖယ်နိုင်မည်ဖြစ်သလို ဗျူဟာ မြောက်၍ အရေးပါသည့် နေရာတခုမှ မိတ်ဆွေကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသောကြောင့်လည်း ဖြစ်သည်။
သို့သော်လည်း ၂ နှစ်အကြာ ပြန်လည်ရောက် ရှိလာသော အိုဘားမားသည် မြန်မာဒီမိုကရက်များ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူ အများအပြားကြား အကောင်းမြင်မှုများ မှေးမှိန်ပြယ်လွင့်နေသည့် မြန်မာနိုင်ငံဖြစ်နေကြောင်း သဘောပေါက်မည်ဖြစ်သည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ များက သိသိသာသာ နောက်ပြန်သွားခဲ့ပြီဖြစ်သည်။ နိုင်ငံ၏ အခြေခံအဆောက်အဦ၊ တရားရုံးများနှင့် ကနဦး အချက်အလက် ရှာဖွေရေးခရီးစဉ်များ နောက်ပိုင်း အမေရိကန် ရင်းနှီးမြှုပ်နှံသူ အများစုအတွက် အခွင့်အလမ်းမသာနိုင်သည့် ပါမစ်ချထားပေးသည့် စနစ် ကျန်ရှိနေသေးခြင်းများက မြန်မာနိုင်ငံကို ကျောက်ချထားစေခဲ့သည်။ အဆိုးဆုံးအချက်မှာ မြန်မာနိုင်ငံသည် ၎င်းအသွင်ရှိနေသလို ဗျူဟာ မြောက်သည့် ရတနာတခု မည်သည့်အခါမှမဖြစ်ခဲ့ဘဲ မြန်မာနိုင်ငံကို စည်းရုံးနိုင်ရန် သံတမန်အရင်းအမြစ် တိုးချဲ့ရခြင်းက အတော်ကြီးမားသလို အခြားပိုပြီး အရေးပါသည့် နေရာများထက် အချိန်နှင့် ငွေကြေး ကုန်ကျခဲ့သည်ဟု နယူးယောက်နှင့် ဝါရှင်တန်အခြေစိုက် The Council on Foreign Relations (CFR) ၏ အရှေ့တောင်အာရှရေးရာ သုတေသီ ဂျို့ရှ် ကာလန့်ဇစ်က ရေးသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်တခု ပေါ် ပေါက်လာရန် ခက်ခဲစွာကြိုးစားနေရသည်။ ၂၀၁၃ ခုနှစ် အစောပိုင်းမှစ၍ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်ခဲ့ရသည်။ တချို့က ယခင်ကတည်းက ခန့်မှန်းထားခဲ့သလို စစ်တပ်က အာဏာကို များမကြာမီနှစ်များအတွင်း စွန့်လွှတ် မည့်ပုံမပြသေးသလို မွတ်ဆလင်များအား အကြမ်း ဖက်တိုက်ခိုက်ခဲ့သော ဗုဒ္ဓဘာသာအဖွဲ့များ ပေါ် ပေါက်လာခြင်းတွင် အာဏာရ ကြံ့ခိုင်ရေးပါတီက ပါဝင်ပတ်သက်နေသည်ဆိုသော စွပ်စွဲမှုများ ရှိနေ သည်။ သတင်းစာများကို ဝေဖန်ရေးသားခွင့်ပေးနေ သော်လည်း တဖက်က သတင်းစာနယ်ဇင်းလုပ်သား များကို တရားစွဲဆိုနေပြီး ထောင်ဒဏ်နှစ်ရှည်များ ချမှတ်နေသည်။
ထိုသို့သော အခြေအနေတွင် မြန်မာ့အရေး စိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော် အမတ်များဖြစ်သူ ဂျိုးခရောင်းလေး၊ စတိဗ်ချဘော့၊ ထရန့်ဖရန့်၊ ဂျင်မက်ဂါးဗန်းတို့ဦးဆောင်သော နိုင်ငံရေး ပါတီကြီး နှစ်ခုစလုံးမှ အောက်လွှတ်တော်အမတ် ၄၄ ယောက်နှင့် ဆီးနိတ်အမတ်များက အိုဘားမားထံ ပေးစာတစောင် ပေးပို့ရာ ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတမှုရှိစေမည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရက မည်မျှပြောပြော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသည့်အတွက် သမ္မတအိုဘားမား ဖိအားပေးရန်လိုကြောင်း ရေးသားခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်ကလည်း မြန်မာ့ပြုပြင်ပြောင်း လဲရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံရာ မှာ ဆန္ဒစောနေပြီး သိပ်အကောင်းမြင်လွန်းနေ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် အမေရိကန် အစိုးရအနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို “ဒီမိုကရေစီရုပ်ပုံလွှာ” အဖြစ် လေးစားချီးမြှောက် ဂါရဝထားနေသည်နှင့် တပြိုင် နက်တည်း နေပြည်တော်ကို လက်မလွှတ်နိုင်စရာ အကြောင်းပြချက်က ရှိနေပြီးဖြစ်သည်။ အိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီတွင် အခရာကျသော တရုတ် နိုင်ငံ၏ဩဇာကို ချိန်ခွင်လျှာ ညှိရေးကြောင့်ဖြစ်သည်။
အိုဘားမားအစိုးရ တက်စတွင် စီးပွားရေး အင်အား တရှိန်ထိုး တိုးတက်ကြီးပွားမှုကြောင့် စစ် အင်အားအထူးသဖြင့် ရေတပ်ကိုတိုးချဲ့ရင်းတောင် တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာထိ ဩဇာဖြန့် ကျက်ရန်တရုတ်နိုင်ငံသည် “ပုလဲသွယ်များ” မဟာ ဗျူဟာအတိုင်း လက်တံဆန့်ခဲ့သည်။ သို့ရာတွင်ကံ အကြောင်းမလှဟုပင် ဆိုရမည်၊ တရုတ်နိုင်ငံ၏ကြီး ထွားနှုန်း အရှိန်ကျလာသည့်အချိန် တောင်တရုတ် ပင်လယ်၊ အရှေ့ တရုတ်ပင်လယ်တို့တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်တို့နှင့် မျက်နှာပျက်စရာ ထိပ်တိုက် တွေ့ မှုများ ဖြစ်လာခဲ့ပြီး သံတမန်ဆက်ဆံရေးသာမက ရေရှည်စီးပွားရေးအခွင့်အလမ်းများ ထိခိုက်လာသော အနေအထား ကို ကြုံလာရသည်။
တချိန်တည်းတွင် တရုတ်ကွန်မြူနစ်ပါတီတွင်း ခြစားမှုတိုက်ဖျက်ရေးကို အကြီးအကျယ်လုပ်ဆောင် ရင်း အာဏာပိုခိုင်မြဲလာသော သမ္မတ ရှီကျင်းဖျင် သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် မဟာဗျူဟာ အကန့် အသတ်တို့ကြောင့် ဒေသတွင်း တရုတ်ဩဇာ တည် ထောင်ရန် တမျိုးတဖုံ ပြောင်းလဲလာခဲ့သည်။ စနေနေ့ နိုဝင်ဘာ ၈ ရက်နေ့က ဘေဂျင်းမြို့တော်တွင်ကျင်းပ ခဲ့သည့် ယူနက်စကိုအာရှပစိဖိတ်နှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတွင် ရှီကျင်းဖျင်က ဒေသတွင်းဆက်သွယ်ရေးမြှင့်တင်ရန် အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀ ပါဝင်သော ]]ပိုးလမ်းမရန်ပုံငွေ}} ကို တရုတ်က မတည်မည်ဟု ပြောကြားကာ ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ ပါကစ္စတန်နှင့် တာဂျစ်ကစ္စတန် နိုင်ငံခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသည် တရုတ်အနေဖြင့် အာရှဗဟိုပြုစနစ် သစ်တရပ်ကို တည်ဆောက်ရန် စစ်အင်အားတိုးချဲ့မှု အစား ကားလမ်း၊ ရထားလမ်းများ၊ တံတားများ၊ ပိုက်လိုင်းများ၊ သင်္ဘောဆိပ်များ တည်ဆောက်ခြင်းကို ဦးစားပေးအသုံးပြုမည်ဟု အိုဘားမား၏ ယခုခရီးစဉ် အတွင်း သတင်းစကားပါးခြင်းဖြစ်သည်။ ရှီကျင်းဖျင် သည် ဘေဂျင်း-ယူနက်စကို အစည်းအဝေးသို့ မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဖိတ်ကြားတက်ရောက်စေပြီး နေပြည်တော်သို့လည်း တရုတ်ဝန်ကြီးချုပ် လီခချမ်း ကို ရင်းနှီးမြှုပ်နှံမှု လက်ဆောင်ထုတ်ကြီးကိုထည့် ပေးလိုက်ခြင်းဖြင့် မြန်မာ့အရေးတွင် “အိုဘားမား အခက်တရုတ်အချက်” ဗျူဟာသစ်ကိုစတင်ခင်းကျင်း လိုက်သည်။
သို့သော် ဦးသိန်းစိန်တက်လာပြီး မြန်မာနိုင်ငံ သည် တရုတ်အဖို့ ယခင်လို အစိုးရအာဏာပိုင်များကို အိပ်ထဲထည့်နိုင်ရုံဖြင့် မရတော့ဟု သဘောပေါက်ပါ သည်။ တရုတ်၏ အခိုင်အမာထောက်ခံမှုဖြင့် ရပ် တည်ခဲ့ရသော စစ်အစိုးရ၏ဖိနှိပ်မှုအောက်မှ ရုန်းထ လာပြီး တရုတ်အစိုးရအပေါ် အမြင်မကြည်သော မြန်မာဒီမိုကရက်များနှင့်လည်း ထိတွေ့ဆက်ဆံမှု များကို မချစ်သော်လည်း အောင့်နမ်းရဆိုသလို စတင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားလှယ်များ တရုတ်ပြည်လေ့လာရေးခရီးဖိတ်သလို တရုတ် သံကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစု ကြည်ကို လာရောက်တွေ့ဆုံခဲ့ကြသည်။ ဒေါ်အောင် ဆန်းစုကြည်ကို တရုတ်ပြည် ဖိတ်ကြားရေးကိုမူ တရုတ်က အကြိမ်ကြိမ် ကြိုးစားစီစဉ်နေသော်လည်း ယခုထိ မအောင်မြင်သေးချေ။ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း ရန်ကုန်တွင်ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် တရုတ်နိုင်ငံ သံအမတ် ယန်ဟို့လန်က တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံ တော်ခေါင်းဆောင်များက လက်ခံတွေ့ဆုံပါမယ်” ဟု ပြောဆိုခဲ့သည်။