အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ အပစ်အခတ် ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်သည့် လက်နက် ဖြုတ်သိမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ များကို နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ ပြုလုပ်ရန်အတွက် သမ္မတ ဦးသိန်းစိန်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် နိုင်ဟံသာက“ငြိမ်းချမ်းရေးဆွေးနွေးမှုက လမ်းစ ပျောက်နေတာက လမ်းစတခု တွေ့တာပေါ့။ သဘောထားကလည်း အစိုးရပိုင်း သမ္မတနဲ့ ဦးအောင်မင်းတို့ပဲ သဘောထားပေါ့။ ဒီကိစ္စကတော့ တပ်သဘောထား မပါဘူး။ သမ္မတ က ဒီသဘောရှိလာတော့ သူတို့ ကာလုံအစည်းအဝေးမှာ သူက ဒီကိစ္စကိုထည့် သွင်း ညှိမယ့် သဘောရှိတယ်”ဟု ပြောသည်။
သမ္မတဘက်က ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းထားကြောင်း၊ လုပ်ကိုင်နိုင်ရန်အတွက်လည်း စေ့စပ် ဆွေးနွေးမှုများကို သမ္မတ ကိုယ်တိုင် ပါဝင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို စစ်ရေးဖြင့် ဖြေရှင်းမရနိုင် နိုင်ငံရေး ဆွေးနွေးမှုမှသာ ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု လက်ခံထားကြောင်းလည်း သိရသည်။
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ ဝန်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံစဉ် ထိုသို့ သမ္မတ ၏ သဘောထားကို ဦးအောင်မင်းထံမှ သိရခြင်းဖြစ်ကြောင်း နိုင်ဟံသာက ပြောပြသည်။
“တပ်က ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း မပြင်ချင်ဘူး။ နောက် အခုလက်ရှိအနေအထားကိုလည်း မပြင်ချင်ဘူး။ အခုလာဆွေးနွေး နေတဲ့ သူတွေက ဆုံးဖြတ်ချက်ချနိုင်တဲ့သူ မပါဘူး။ ဒီတော့ အခုချိန်ထိက ခက်ခဲနေတာပေါ့။ အစိုးရဘက်က သဘောထားပြောင်းလဲ လာ တာ မှန်ပေမယ့် အစိုးရအကုန်လို့ ပြောလို့လည်း မရသေးဘူး။ တပ်မှ မပါသေးတာ။ သူတို့အတွင်း အကုန်ညှိပြီးမှ ပြောင်းလဲတာ မဟုတ်သေး ဘူး”ဟုလည်း နိုင်ဟံသာက ဆက်ပြောသည်။
နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ကျင့်သုံးလေ့ရှိသော DDR (Disarmament၊ Demobilization၊ Reintegration) ဆိုသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက် ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒများ ပါဝင်ကြောင်း သိရသည်။
အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးအပြီး DDR လုပ်ဆောင်ရန် အစီအစဉ်ကို တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များက အာမခံချက် တစုံတရာမရှိဘဲ လက်နက်ဖြုတ်သိမ်းရန် မဖြစ်နိုင်ဟု ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲ အပြီးမှသာ အဆိုပါ လုံခြုံရေးဆိုင်ရာ DDR ကိစ္စရပ်များကို ဆောင်ရွက်လိုကြောင်း တင်ပြထားခြင်း ဖြစ်သည်။
DDR နှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထားကို ယခင်က အစိုးရဘက်က လက်မခံထားရာမှ ယခုအခါ သမ္မတ က လက်ခံ လိုက်ခြင်းမှာ အကောင်းဘက်ကိုမြင်ကြောင်း NCCTအဖွဲ့ဝင် ခွန်ဥက္ကာကလည်း ပြောသည်။
“ပြောရရင် ဦးအောင်မင်းတို့ဘက်မှာလည်း အခက်အခဲတွေရှိတယ်။ သူတို့ကိုယ်တိုင် ဝေဖန်မှုတွေ တော်တော်ခံနေရတော့ သူတို့လည်း ကျနော်တို့လာတာကို တော်တော်ဝမ်းသာတယ်။ အခုတခေါက်က လာတာငြိမ်းချမ်းရေးမှာ တစ်စို့နေ တာတွေကိုအဖြေရှာဖို့လာတာပါ။ ကားပါမစ်လာတောင်းတာတော့မဟုတ်ဘူး။ ကိုယ်ကျိုးတွက်လာတာမဟုတ်ဘူး”ဟု ခွန်ဥက္ကာက ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ လက်ရှိတွင် အမေရိကန် သမ္မတ အိုဘားမား ထံသို့ NCCTအဖွဲ့က စာပို့ထားကြောင်း လည်း သိရသည်။
“သမ္မတအိုဘားမားနဲ့ တွေ့ဖို့တော့ မရှိပါဘူး။ အခုလက်ရှိမှာ ကျနော်တို့ လုပ်ဆောင်နေတဲ့အချက်တွေ၊ အခက်အခဲတွေနဲ့ ဖြစ်နေ တာကို စာပို့ထားပါတယ်။ ပြည်တွင်းရေးက ကိုယ်တိုင်ပဲ လုပ်ဆောင်ရမှာပါ။ တိုက်တွန်းတာပဲ လုပ်နိုင်မှာပါ။ လက်ရှိဖြစ်နေတာကိုပဲ အိုဘာမားဆီ စာပို့ထားတာပေါ့။ အခုချိန်မှာ တချို့လူတွေပြောနေသလို တိုင်းရင်းသား ခေါင်းဆောင်တွေ ခေါင်းမာလို့ မရသေးတာ မဟုတ်ပါဘူး။ အခုချိန်ထိ တပ်ပိုင်းညှိဖို့က ခက်ခဲနေဆဲဖြစ်ပါတယ်”ဟု နိုင်ဟံသာက ပြောပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလက နောက်ဆုံး တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နိုဝင်ဘာလတွင်း ပြန်လည် စတင်ရန် အစိုးရဘက်က တောင်းဆိုထားကြောင်း၊ သို့သော် စက်တင်ဘာလ အတွင်း ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ မှ နောက်ကြောင်းပြန်မှုများကို တိကျစွာ အဖြေရှာရန် လိုအပ်နေသေးကြောင်းလည်း နိုင်ဟံသာက ပြောသည်။
“ဦးအောင်မင်းကလည်း ဒီမှာသူက စတည်းက လုပ်ခဲ့တော့ သူက ဆက်လုပ်ချင်တာပေါ့။ သမ္မတကြီးကလည်း လုပ်စေချင်တယ်။ ဒါပေမယ့် အခုချိန်အထိက အစိုးရဘက်က အမြင်တွေက အပေးအယူက မနီးစပ်သေးတော့ ပြောရခက်တယ်။ ကျနော်တို့ကလည်း နိုဝင်ဘာမှာ လုပ်မလား စဉ်းစားထားတယ်။ သေချာတော့မပြောနိုင်ဘူး”ဟုလည်း ပြောဆိုသည်။