အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး ထပ်မံစစ်ဆေးရန် လိုအပ်သည့် အတွက် မော်လမြိုင်မြို့သို့ ဒုတိယ အကြိမ် သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။
“ကျနော်တို့ ဒီရက်ပိုင်းလေးပဲ မော်လမြိုင်ကို နောက်တခေါက်သွားစစ်ဖို့ လုပ်နေတယ်။ ပထမ တခေါက်မှာတော့ လူ ၃၀ လောက် စစ်ပြီးပြီ။ အဲ့ဒီမှာ စစ်တပ်က ဗိုလ်မှူးကြီးတွေ၊ ဒုတိယ ဗိုလ်မှူးကြီးတွေပါတယ်။ နောက် ပြည်နယ်ဝန်ကြီး တဦးပါတယ်။ ဒုတိယ ရဲမှူးကြီး တဦးပါတယ်။ ဒေသခံ တွေပါတယ်”ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင် က ပြောပြ သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင် အနေဖြင့့် ကိုပါကြီး သေဆုံးမူနှင့်ပတ်သက်၍ မည့်သည့်သုံးသပ်ချက် ကို မျှ ပြောဆိုနိုင်ဦးမည် မဟုတ်ဘဲ၊ စစ်ဆေးပြီးသား ထွက်ဆိုချက်များကိုလည်း ထုတ်ပြန်သွားရန် မရှိသေးကြောင်း ၎င်းက ဆက်ပြော သည်။
ကိုပါကြီးသေဆုံးမူနှင့်ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို.နယ် ရဲစခန်းမှ သေမှုသေခင်းအမှတ် (ပ) ၁၁/၂၀၁၄ ဖြင့် ယခု အချိန်အထိ အမူဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။
“ကိုပါကြီးသေဆုံးမူကို အမြန်ဆုံး တရားရုံးတင်နိုင်အောင် ကျမတို့ လုပ်နေတယ်။ လက်ရှိကတော့ သေမူသေခင်းနဲ့ပဲ အမူဖွင့် ထား တယ်။ ဆေးစာတွေ ထွက်လာရင်တော့ ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ တိုင်ပင်ပြီး ပုဒ်မတွေ ပြင်ဆင် တရားစွဲသွားမယ်။ စုံစမ်း ရေး ကော်မရှင်ရဲ့ ဆောင်ရွက်နေမှုက အခုချိန်မှာ ပြောဖို့စောနေသေးတယ်။ ဒါပေမယ့် သူတို့အပေါ် ယုံကြည်မူတော့ အားနည်း နေတယ်”ဟု ကိုပါကြီး၏ဇနီး မသန္တာက ပြောသည်။
ကိုပါကြီး သေဆုံးမူနှင့်ပတ်သက်၍ လူပျောက်တိုင်ကြားရာတွင် သက်သေများဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ဦးနိုင်စိုးမြင့်၊ အလွတ် တန်း သတင်းထောက် ကိုအောင်ပ တို့ ၃ ဦးအနက် ကိုအောင်ပကို လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မော်လမြိုင်မြို့တွင် လာရောက် စစ်ဆေးမေးမြန်းရန် ရှိသည်ဟုလည်း သိရသည်။
“ကျနော့်ကို ရန်ကုန်နဲ့မော်လမြိုင် ဘယ်နေရာကို လာရောက်အစစ်ခံနိုင်မလဲ မေးတယ်။ ကျနော်က မော်လမြိုင်နဲ့နီးတော့ မော်လမြိုင် မှာ လာဖြေပေးမယ်လို့ ပြောလိုက်တယ်။ ကိုပါကြီး အမှုမှန်ပေါ်ပေါက်ဖို့ ကျနော် သွားအစစ်ခံပေးမယ်။ ဘာလို့ ကျနော့်ကိုမှ ခေါ်စစ်လဲ ဆိုတာက ကျနော်က ကိုပါကြီးအမှုကို အစကတည်းက လိုက်ပါဆောင်ရွက်ပေးလို့ ထင်ပါတယ်”ဟု ကရင်ပြည်နယ် အခြေ စိုက် အလွတ်သတင်းထောက် ကိုအောင်ပက ပြောပြသည်။
ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာတွင် မြှုပ်နှံထားသော ကိုပါကြီးအလောင်းကို တူးဖော်စဉ်က တွေ့ရှိခဲ့သော ဒဏ်ရာ အနေ အထားနှင့် မော်လမြိုင်ဆေးရုံတွင် စစ်ဆေးအပြီး ထုတ်ပြန်သော ဒဏ်ရာအနေအထားတို့မှာ ကွဲလွဲချက်များရှိနေသည်ဟုလည်း
ကိုပါကြီး ၏ ဇနီးဖြစ်သူ မသန္တာက ထုတ်ဖော် ပြောကြားထားသည်။
ကိုပါကြီးအလောင်းကို စစ်ဆေးအပြီး သေနတ် ကျည်ဆန် ဒဏ်ရာ ၅ ချက်တွေ့ရှိရသည်ဟု စစ်ဆေးရာတွင်ပါ ဝင်ခဲ့သည့် ဆရာဝန် များက ပြောကြားထားပြီး ကျည်ဆန် ဒဏ်ရာတချက်မှာ မေးစေ့အောက်မှ ဦးခေါင်း သို့ဖောက်ထွက်သည့် ဒဏ်ရာမျိုးဖြစ်ကြောင်း သိရ သည်။
ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး ကိုပါကြီးသည် စက်တင်ဘာ ၃၀ ရက်က အစောင့်စစ်သား၏ သေနတ်ကို လုယူ ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
ကိုပါကြီးအလောင်းကို နိုဝင်ဘာ ၅ ရက်က ပြန်လည်တူးဖော်ခဲ့ပြီး မော်လမြိုင်ဆေးရုံတွင် စစ်ဆေး၍ မိသားစု၏ ဆန္ဒအရ ရန်ကုန် သို့ ပြန်သယ်လာပြီး ရေဝေးသုသာန်တွင် နိုဝင်ဘာ ၇ ရက်က ဂူသွင်း သင်္ဂြိုဟ် ခဲ့သည်။