မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန် သမ္မတ အိုဘားမား အပါအဝင် ဒေသအတွင်းမှ ခေါင်းဆောင်များ ရောက်လာကြပြီဖြစ်သည်။ သမ္မတအိုဘားမား၏ ယခုခရီးစဉ်သည် ကြမ်းတမ်းဖိနှိပ်တတ်သော၊နိုင်ငံခြားသားများကို မနှစ်သက်သော စစ်အစိုးရက အုပ်ချုပ်ခဲ့သည့် နိုင်ငံ၊ လမ်းပေါ်တက်ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းချထားခဲ့ခြင်းများကြောင့် အမေရိကန်အစိုးရက အဖက်မလုပ်ဘဲထားခဲ့သည့် နိုင်ငံသို့ ဒုတိယ အကြိမ်မြောက်သွားရောက်ခြင်းလည်း ဖြစ်သည်။
၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ သမ္မတအိုဘားမား ပထမဆုံးလာရောက်စဉ် မြန်မာနိုင်ငံ၏ အနာဂတ် (မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဈေးကွက်၊ အမေရိကန်-မြန်မာ ဆက်ဆံရေး) နှင့် ပတ်သက်၍ အကန့်အသတ်မဲ့နီးပါး အကောင်းမြင်ခဲ့သည်။
အစိုးရသစ်က ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။ မြန်မာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့ပြီး အစိုးရနှင့် ဆယ်စု နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သည့် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်အဖွဲ့များနှင့်လည်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်တွင်း မီဒီယာများ အပေါ် တင်းကျပ်စွာ ချုပ်ကိုင်ထားမှုများကိုလည်း ဖြေလျှော့ ပေးခဲ့သည်။
၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်စဉ် အိုဘားမားက “ကျနော့်ရဲ့ ကတိကို ထိန်းသိမ်းဖို့နဲ့ မိတ်ဆွေအဖြစ် လက်ကမ်းဖို့ ကျနော်ရောက်လာခဲ့ပါတယ်” ဟု ပြောခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် မြန်မာပြည်သူ အားလုံးအတွက် တောက်ပသည့် လမ်းပြကြယ်ဖြစ်လာလိမ့်မည်ဟုလည်းသူကဆိုခဲ့သည်။
သို့သော်လည်း နောက်ထပ် ၂နှစ်မျှသာကြာသည့် အခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများက သိသိသာသာ နောက်ပြန်သွားခဲ့ပြီဖြစ်သည်။
အိုဘားမား အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ဦးစားပေးရခြင်းအတွက် အကြောင်းပြ ချက် အမြောက်အများရှိနေသည်။ တချို့ အစိုးရတာဝန်ရှိသူများနှင့် အရှေ့တောင်အာရှရေးရာ စောင့်ကြည့်လေ့လာ သူများ၏ အမြင်တွင် မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ တိုက်ရိုက် ယှဉ်ပြိုင်ကြမည့် နေရာအသွင်ဖြစ် နေသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် တခုအတွင်းအမေရိကန်ကုမ္ပဏီကြီး အမြောက်အများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများကို ပယ်ဖျက်ပေးရန် သွေးဆောင် စည်းရုံးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တိုးတက်ထွန်းကားလာမည့် ဈေးကွက်တခု အဖြစ်ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ အမေရိကန် အစိုးရ အတွင်းနှင့် အပြင်ဘက်မှ အရှေ့တောင်အာရှ ရေးရာ စောင့်ကြည့်လေ့လာသူ တချို့ကလည်း မြန်မာနိုင်ငံ၏ ဗျူဟာမြောက် အရေးပါမှုက တိုးတက်လာနေသည်ဟု ရှုမြင်ခဲ့ကြသည်။ အကြောင်းမှာမြန်မာနိုင်ငံသည် အာရှဒေသအတွင်းတွင် တိုးတက်လာနေသည့် ကားလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်းများ ကွန်ရက်၏ အလယ်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။
အိုဘားမား အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အသစ် ပြန်လည်စတင်နိုင်ခြင်းအပေါ် ကျယ်ပြန်သည့် နိုင်ငံခြားရေးရာ မူဝါဒ အောင်မြင်မှု တရပ်ဖြစ်လာရန် မျှော်လင့်ထားသည်။ အမေရိကန် အစိုးရ တာဝန်ရှိသူ အများအပြားက အရှေ့တောင် အာရှ၏ အပယ်ခံနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသို့ မိတ်ဆွေအဖြစ် လက်ကမ်းဆက်ဆံသည့် ချဉ်းကပ်မှု အလုပ်ဖြစ်ခဲ့လျှင် အမေရိကန်၏ ကာလရှည်ရန်ဘက်များ ဖြစ်ခဲ့သည့် ကျူးဘား သို့မဟုတ် အီရန် သို့မဟုတ် ရုရှားတို့နှင့်လည်း အလားတူ အလုပ်ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းအတွက် အဆိုပါ အခြေခံအကြောင်းတရားများတွင် အလေးအနက်ထားရမည့် အပြစ်အနာအဆာများ တွေ့ရှိခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံကို သိမြင်နိုင်ရန် ခက်ခဲလွန်းသည်။ ထို့အပြင် အမေရိကန် အစိုးရက တခြားနိုင်ငံများနှင့် ကွဲပြားခြားသော ဆက်ဆံရေးမျိုး ပြုလုပ်ရန်အတွက်ကလည်း အီရန်နှင့် ရုရှားတို့ကဲ့သို့ နိုင်ငံများနှင့် အင်အား အလွန်ကွာခြားသည်။ မြန်မာနိုင်ငံသည် ဗျူဟာအရ အရေးပါ အချက်အချာကျသည့် နေရာတွင် ရှိသည်ဟူသော အဆိုကို ပြီးခဲ့သည့် ၅ နှစ်အတွင်းမှန်ကန်ကြောင်း ပြသနိုင်ခဲ့ခြင်း မရှိပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် သေးငယ်နေဆဲဖြစ်ပြီး ဒေသတွင်းကာကွယ်ရေးတွင်လည်း အနည်းငယ်သာ ပါဝင်နိုင်သည့် နိုင်ငံဖြစ်သည်။ မဲခေါင်မြစ်သည် အမေရိကန်၏ ကုန်သွယ်ရေး သို့မဟုတ် ကာကွယ်ရေးဗျူဟာ အတွက် အရေးပါသော ရေကြောင်းလမ်းလည်း မဟုတ်ပါ။ ထိုင်းနိုင်ငံကို ဖယ်ထုတ်လိုက်လျှင် အမေရိကန်နှင့် မဲခေါင်ဒေသနိုင်ငံများ၏ ကုန်သွယ်ရေးသည် အမေရိကန်-ဘယ်လ်ဂျီယံ ၂ နိုင်ငံ ကုန်သွယ်ရေးထက်ပင် နည်းပါးပါသည်။
မြန်မာနိုင်ငံအပေါ် ဦးတည်အာရုံစိုက်ထားခြင်းသည် ဗျူဟာအရ အကျိုးအမြတ် နည်းပါးသည်သာမက တခြားပိုမို အရေးကြီးသည့် ဒေသများနှင့် အာရှရေးရာ ကိစ္စရပ်များအပေါ် အမေရိကန် ခေါင်းဆောင်များ၏ အချိန်ပေးမှုနှင့် အလေး ထားမှုတို့ကို ရှုပ်ထွေးစေနိုင်သည်။ ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုက ဥပမာတခု ဖြစ်သည်။ အမေရိကန် အကြီးတန်း ခေါင်းဆောင်များသည် ဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်တခု ဖြစ်သော Trans Pacific Partnership- TPP (အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်) နှင့် ပတ်သက်၍ အာရှနိုင်ငံများ သို့မဟုတ် အမေရိကန် ကွန်ဂရက်လွှတ်တော်နှင့် ပြည်သူများသို့ အဆိုပါသဘောတူညီချက်နှင့် ပတ်သက်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောဆိုထုတ်ပြန်ပေးရန် အချိန် အနည်းငယ်မျှသာ အသုံးပြုနိုင်ခဲ့ကြသည်။
ထို့ကြောင့် အကျိုးဆက်၏ တစိတ်တပိုင်း အနေဖြင့် ကွန်ဂရက်လွှတ်တော်မှ ဝါရင့် ဒီမိုကရက်တစ် အမတ် အများအပြားက TPP ကို မဲပေးဆုံးဖြတ်ရန် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းလာပါက ထောက်ခံမည် မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ကြရာ TPP ၏ ညှိနှိုင်းဆွေးနွေးမှုများဖြင့် ပူးပေါင်းဆောင်ရွက်လိုကြသော အာရှနိုင်ငံများ၏ စိတ်အား ထက်သန်မှုကို ထိခိုက်စေခဲ့သည်။ ထိုနည်းတူ သမ္မတ အိုဘားမား၏ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့သည် မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်အရေးယူမှုများ လျှော့ချပေးရန်၊ မြန်မာအစိုးရကို သံတမန်နည်းလမ်းသစ်ဖြင့် ဆက်ဆံရန်၊ စစ်တပ်ချင်းဆက်သွယ်ရေးကို အတည်ပြုပေးရန် ကွန်ဂရက်အမတ်များကို သွေးဆောင်စည်းရုံးရာတွင် များစွာ အချိန်ကုန်၍ ပင်ပန်းခဲ့ကြသည်။
မြန်မာနိုင်ငံသည် စီးပွားရေး နိဗ္ဗာန်ဘုံတခု ဖြစ်လာလိမ့်မည်ဟူသော အတွေးမှာလည်း စိတ်ကူးတခု သက်သက်သာ ဖြစ်သည်ဆိုသည်ကို တွေ့ခဲ့ကြရပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့သိုက်များ၊ ကြေးနီ၊ အဖိုးတန်ကျောက်မျက်ရတနာများ၊ သစ်နှင့် တခြား သဘာဝသယံဇာတ အရင်းအမြစ်များ အမြောက်အများ ရှိနေသော်လည်း ကား၊ မိုဘိုင်းဖုန်းနှင့် အိမ်သုံးပစ္စည်းများ စသည့် အခြေခံ လူသုံးကုန်ပစ္စည်းများ သုံးစွဲနိုင်မှုတွင်တော့ ဒေသတွင်း အဆင့်တွင် နိမ့်ကျနေဆဲဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု မရှိသည့် မူဝါဒချမှတ်ခြင်းနှင့် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ပဋိပက္ခများ ပြန်လည်ပေါ်ပေါက်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားနေသည့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှုကို (ကာလရှည် ရင်းနှီးမြှုပ်နှံမှု အတွက်ပင်လျှင်) လျော့ကျနေစေသည်။ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍကမူ ချွင်းချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များကို အလွန်စိတ်ဝင်စားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရှိနေဆဲဖြစ်သည်။
သြဂုတ်လထုတ် Wall Street ဂျာနယ်တွင် ဖော်ပြထားချက် အရ လူဦးရေ သန်း ၅၀ ရှိသည့် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် ကတိပြုထားမှုသည် အမေရိကန် ဒေါ်လာသန်း ၂၅၀ ထက်နည်းသည်ဟု သိရသည်။ အဆိုပါ ပမာဏသည် အမေရိကန် ကုမ္ပဏီများက လူဦးရေ ၅သိန်း ခန့်သာရှိသည့် လူဇင်ဘတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၏ ၁၀ဆ ကျော်သာရှိသည်ဟု Wall Street ကဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်တခု ပေါ်ပေါက်လာရန် ခက်ခဲစွာ ကြိုးစားနေရသည်။ ၂၀၁၃ ခုနှစ် အစောပိုင်းမှစ၍ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်ခဲ့ရသည်။ တချို့သောသူများ ခန့်မှန်းထားခဲ့သကဲ့သို့ စစ်တပ်က အာဏာကို မစွန့်လွှတ်ခဲ့ပါ။ စစ်တပ်က ပါလီမန်နှင့် တခြားသော အဖွဲ့အစည်းများအပေါ် ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အခွင့်အာဏာရှိသည့် အခြေခံဥပဒေကို စစ်တပ်ကပင် ရေးဆွဲခဲ့သည်။ ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားသည်။ တချိန်တည်းမှာပင် စစ်တပ်က မဲဆန္ဒရှင်များကို ငွေပေး၍သိမ်းသွင်းခြင်း၊ စစ်တပ်ကလိုလားသည့် ပါတီကို မဲပေးရန်အတွက် ပြည်သူများကို ခြိမ်းခြောက်အကျပ်ကိုင်ရန် ရာဇဝတ်သားများကို လေ့ကျင့်သင်တန်းပေးခြင်းများ ပြုလုပ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မရိုးမသားပြုလုပ်ရန် လုပ်ဆောင်နေသည်ဟု သံတမန်များနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက သတိပေးမှုများလည်း ရှိနေသည်။
အဆိုးဆုံး အချက်မှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတချို့တွင် စစ်တပ်က ပါဝင်ပတ်သက်နေသည် ဆိုသော စွပ်စွဲမှုများ ရှိနေခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၀၀၀၀၀ ကျော်သည် ညစ်ပတ်နေသော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး အခြေအနေများကို လေ့လာ မှတ်တမ်းပြုစုနေသည့် NGO တခုဖြစ်သော Arakan Project က အဆိုပါစခန်းများကို “ဟင်းလင်းပွင့် အကျဉ်း ထောင်များ” ဟု ခေါ်ဝေါ်ခဲ့သည်။
အစိုးရကလည်း များသောအားဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းမှ ပဋိပက္ခများကို လျစ်လျူ ရှုရန် အားထုတ်ခဲ့သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (Medicins Sans Frontieres- MSF) ကို မြန်မာနိုင်ငံ အနောက်ပိုင်းမှ ပြန်လည်ထွက်ခွာစေခဲ့သည်။ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ဆယ်စုနှစ်နှင့်ချီ၍ နေအိမ် အကျယ်ချုပ်ချထားခြင်း ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုကို ဝေဖန်ပြောဆိုရန် ရှောင်လွှဲခဲ့သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဖရိုဖရဲ အုပ်ချုပ်မှုသို့ နောက်ကြောင်းပြန်သွားခြင်းက မြန်မာပြည်သူတို့၏ ဘဝကို ထိခိုက်နစ်နာစေပါလိမ့်မည်။ ထို့နည်းတူ ပိုမိုလွတ်လပ်သော နိုင်ငံရေးနှင့် စီးပွားရေးများမှ နောက်ကြောင်း ပြန်လှည့်သွားခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် တခြား ဒီမိုကရေစီနိုင်ငံများ၏ မဟာဗျူဟာ အကျိူးစီးပွားကိုလည်း ထိခိုက်စေပါလိမ့်မည်။
ရောစပ်ပုံစံ သို့မဟုတ် အာဏာရှင်ဆန်သော အစိုးရများသည် ဒီမိုကရေစီ အစိုးရများထက်ပို၍ ကာလ ရှည်ကြာသည့် ပြည်တွင်း ပဋိပက္ခများကို ရင်ဆိုင်ရဖွယ်ရှိနေပြီး ပြည်တွင်းစစ်ကိုပင် ရင်ဆိုင်ရနိုင်သည်။ ဒီမိုကရေစီ ရှင်သန်နေသည့် နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းများက အာဏာရှင်နိုင်ငံများနှင့် အကြမ်းဖျင်းအားဖြင့် တူညီလျှင်ပင် ပို၍ တည်ငြိမ်နိုင် ပါသည်။ ပိုမို၍ တိကျစွာဆိုရလျှင် ဆက်လက်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများအပြင်၊ ဒေသတွင်းပြဿနာများနှင့် ရင်ဆိုင်နေရသော မြန်မာအစိုးရအနေဖြင့် အရေးပါသည့် အကြောင်းအရာ များကိုအမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်စေပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ဆက်လက် လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံသည် မတည်ငြိမ်မှုများဆီသို့ ဦးတည်နေလင့်ကစား အိမ်ဖြူတော်က မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နေသည်။ အမေရိကန်က ဦးဆောင်သည့် စစ်ရေး လေ့ကျင့်မှုများအနက် အာရှတွင် အကြီးမားဆုံး ဖြစ်သော Cobra Gold တွင် ပါဝင်ရန် မြန်မာစစ်အရာရှိများကို ဖိတ်ခေါ်ခဲ့သည်။ ယခုတကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကကဲ့သို့ ဂုဏ်ပြုချီးကျူးခြင်း ပြုချင်မှ ပြုလိမ့်မည် ဖြစ်သော်လည်း သမ္မတ အိုဘားမားက သူ၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း မရှိခြင်းကြောင့် ဆက်လက်ထောက်ခံမည့် သင်္ကေတ တခုအဖြစ် မြန်မာခေါင်းဆောင် အမြောက်အများက ယူဆခဲ့ကြသည်။
သမ္မတ အိုဘားမား အစိုးရ၏ တာဝန်ရှိသူ အတော်များများက အလွတ်သဘော ဝန်ခံပြောကြားမှုများ ရှိခဲ့သည့် အပြင်၊ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ဆက်လက်သွေးဆောင် စည်းရုံးနေခြင်းသည် မြန်မာနိုင်ငံအနေဖြင့် တခြားသော အာရှဗျူဟာ ဆိုင်ရာတွက်ချက်မှုများထက် စာလျှင် အမေရိကန် အစိုးရနှင့် အတူဆောင်ရွက်ရန် အကြောင်း မြောက်များစွာ ပိုရှိနေသည်ဆိုသည့် အကြောင်းပြချက်များ အရလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မြန်မာ အစိုးရနှင့် ဆက်ဆံရေး တည်ထောင်ရန် အိုဘားမား အစိုးရက ကတိပြုခဲ့ ပြီးဖြစ်သည့်အတွက် လုပ်ငန်းစဉ်ကို ရပ်တန့်ရန် သို့မဟုတ် အရှိန်လျှော့ချရန်မှာ နိုင်ငံရေးအရ မကောင်းဟု ရှုမြင်ခြင်းလည်း ဖြစ်နိုင်ပါသည်။
နောက်ဆုံးဆိုရသော် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဘုန်းတော်ကြီးများကို သတ်ဖြတ်ခဲ့သော အမှန်တကယ် ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့သည့် အစိုးရတခုနှင့် ဆက်ဆံရေးပြန်လည် ထူထောင်ခြင်းကို ကွန်ဂရက်လွှတ်တော်နှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အမြောက်အများက ယုံကြည်လက်ခံလာစေရန် အမေရိကန် အစိုးရက နိုင်ငံရေးအရ အကြီးအကျယ် အားထုတ်ခဲ့ရပါသည်။ ယခုအချိန်ကျမှ အမေရိကန် အစိုးရအနေဖြင့်မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှားယွင်းခဲ့ပါသည်ဟု ဝန်ခံရုံသက်သက်မျှဖြင့် မဖြစ်နိုင်တော့ကြောင်း ထင်ရှားနေပါသည်။
(businessweek.com တွင် ဖော်ပြထားသောJosh Kurlantzick ၏ Why Obama’s Courtship of Myanmar Backfired မှ ထုတ်နုတ်ဘာသာပြန်ဆိုသည်။)