ပဲခူးမြို့မှာ သတင်းထောက် တဦးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်တဲ့အထိ ပဋိပက္ခ တခု ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ မှုခင်းဂျာနယ်နဲ့ တခြားပြည်တွင်း ဂျာနယ်တွေမှာ ရေးသားနေတဲ့ သတင်းထောက် ကိုမိုးဝင်းသူ ဆို သူ နဲ့ သူ့ရဲ့မိသားစုကို ပဲခူးမြို့ ရပ်ကွက်ကြီး (၂) အုပ်ချုပ်ရေးမှူးရုံး အတွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ၁၀ ဦးခန့်က အခန်း တံခါး ပိတ်ပြီး ရိုက်နှက်ခဲ့ကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဇနီးဖြစ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား သက်တမ်းတိုးဖို့ သွားရောက်လုပ်ဆောင်ရင်း ကိုမိုးဝင်းသူနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် ဆိုသူတို့ အချင်းများကြရာမှ ထိုသို့ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဆေးကုသမှု ခံယူနေတဲ့ သတင်းထောက် ကိုမိုးဝင်းသူက ပြော ပါတယ်။
“ဦးစိုးမြင့်က လဝက က ထုတ်တဲ့ ဖောင်ကို ပြတယ်။ အဲဒီအထဲမှာ အသက် ၄၀ ကျော်လောက် ရှိပြီဖြစ်တဲ့ လူတယောက်က မှတ်ပုံ တင် မရှိဘူးဆိုတာ သွားတွေ့တယ်။ ကျနော်က အဲဒါကို စိတ်ဝင်စားပြီး ဓာတ်ပုံရိုက်တာကနေ သူနဲ့စကားများတာ။ အဲဒါကို သူနဲ့ သူ့အဖွဲ့ ၁၀ ယောက် လောက်က ရုံးတံခါးတွေ ပိတ်ပြီး ကျနော့်ကို ဝိုင်း ရိုက်ကြတာ”လို့ ကိုမိုးဝင်းသူ က ဧရာဝတီကို ပြောပြပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် ကိုမိုးဝင်းသူရဲ့ ကျောပြင်နဲ့ ဝမ်းဗိုက်မှာ ရေနွေးပူလောင် ဒဏ်ရာ ရရှိထားပြီး ခန္ဓာကိုယ်မှာလည်း ထိုးကြိတ်၊ ရိုက်နှက် ဒဏ်ရာတွေကြောင့် ပဲခူးမြို့နယ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။
ဇနီးဖြစ်သူ မသဇင်ဝင်းနဲ့ ၂ နှစ်အရွယ် သားဖြစ်သူတို့လည်း ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ကိုမိုးဝင်းသူက ဆိုပါတယ်။
ကိုမိုးဝင်းသူရဲ့ ဇနီး မသဇင်ဝင်းကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရုံးအတွင်းမှာရှိတဲ့ ရေနွေး ဓာတ်ဘူး၊ ဖန်ခွက်တွေနဲ့ ပစ် ပေါက်ခြင်း၊ ပလတ်စတစ် ထိုင်ခုံတွေနဲ့ ရိုက်နှက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကြောက်ခြင်းတွေ ပြုလုပ်ခဲ့ပြီး သားဖြစ် သူနဲ့ သူ့ကိုလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျမတို့ သုံးယောက်ကို ရုံးတံခါးကို ပိတ်လိုက်တယ်။ ပြီးတာနဲ့ ရေနွေးပူနဲ့ပက်တော့ ကိုမိုးဝင်းသူ ထိသွားတယ်။ ကျမ သားလေး လည်း ခြေထောက် ရေနွေးလောင်သွားပြီး အောက်နှုတ်ခမ်း ကွဲသွားတယ်။ ခုံတွေနဲ့ ဝိုင်းရိုက်လို့ဝင်တားရင်း ကျမ ညာဘက် လက် လည်း ရိုက်ခံထိသွားတယ်။ သူတို့စိတ်ကြိုက်ဝိုင်းရိုက်ပြီးမှ တံခါးတွေ ပြန်ဖွင့်ပေးတယ်”လို့ မသဇင်ဝင်း က ပြောဆိုပါတယ်။
ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပတ်သက်ပြီး ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း အထိ ပြန်အကြောင်းကြားခြင်း မရှိသေးဘူးလို့လည်း သူကဆက် ပြောပါတယ်။
အမှတ်(၃) ရဲစခန်း စခန်းမှူး ဇော်လင်းကတော့ အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး နှစ်ဖက်လုံးက တမျိုးစီ ပြောနေကြတဲ့အတွက် အဖြေ မှန်ရရှိရေး စုံစမ်းနေဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။
“လောလောဆယ်ကတော့ အမှုတည်ဆောက်နေဆဲ ကာလဖြစ်တယ်။ အဓိပ္ပာယ်ကလည်း နှစ်ပိုင်းဖြစ်နေတယ်။ စစ်ဆေးနေဆဲ ကာလမှာ သေချာမသိရသေးတဲ့ အတွက် ကျနော်တို့ အတိအကျ မပြောနိုင်သေးပါဘူး။ နောက်ပိုင်းမှာတော့ ကျနော်တို့ ပြောပါမယ်”လို့ စခန်းမှူး ဇော်လင်း ကဆိုပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က သတင်းထောက် ကိုမိုးဝင်းသူကို အမှတ် (၃) ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားကြောင်းလည်း သူက ပြောပါတယ်။
အခင်းဖြစ်ပွားစဉ်မှာ သတင်းထောက် ကိုမိုးဝင်းသူ ဟာ အရက်သောက်ထားကြောင်း၊ ရုံးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကြမ်းတမ်းတဲ့ ပြောဆိုမှုတွေ ရှိကြောင်း၊ ကိုမိုးဝင်းသူနဲ့ မိသားစုဘက်က စွပ်စွဲချက်တွေ မှားယွင်းကြောင်း ဦးစိုးမြင့် က ဧရာဝတီကို ပြောပါတယ်။
“သူပြောတာတွေက ဆန့်ကျင်ဘက်တွေချည်းပဲ။ သူ့ဟာသူ မူးလာပြီးတော့မှ သောင်းကျန်းတဲ့ကိစ္စ ရုံးပိုင်းဆိုင်ရာနဲ့ ဖြစ်တာ မဟုတ် ဘူး။ အပြင်ကလူတွေက ဆွဲရင်းနဲ့ အဲဒီလိုမျိုး ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ။ သူက ရေနွေး ဓာတ်ဘူးကို ဆွဲပြီးလုပ်ဖို့ ပြင်တာ ဓာတ် ဘူးက လက်ကိုင်မကောင်းတော့ ကျိုးပြီး သူ့ဟာသူ လောင်းမိတာ”လို့ ဦးစိုးမြင့်က ပြောဆိုပါတယ်။
ဒါ့အပြင် အခင်းဖြစ်စဉ်မှာ သူ့အနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့လည်း ဦးစိုးမြင့်က ဆိုပါတယ်။
ကိုမိုးဝင်းသူဟာ အစိုးရသတင်းစာတွေနဲ့ ပြည်တွင်းဂျာနယ်တချို့မှာ သတင်းရေးသားနေသူဖြစ်ပြီး ပဲခူးတိုင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှာ အဖွဲ့ဝင်ဖြစ်သလို ပဲခူးတိုင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အဖွဲ့မှာလည်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်ကြောင်း ပဲခူးတိုင်း MJA ဥက္ကဋ္ဌ ဦးစိန်လှိုင်ဘို က ပြောပါတယ်။
“နိုင်ငံသားတယောက်က ဥပဒေကို နာခံရမယ်ဗျ။ သတင်းထောက်မှားရင်လည်း သတင်းထောက်ကို အရေးယူမယ်။ တဖက်က သူ့ကို နစ်နာအောင်လုပ်ရင်လည်း ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာပဲ။ စစ်တုန်း ဆေးတုန်းဆိုတော့ ဒါကို ဝေဖန်လို့တော့ မရ သေး ဘူး”လို့ ဦးစိန်လှိုင်ဘို က ပြောပြပါတယ်။
ပဲခူးတိုင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကတော့ အလုပ်မှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ကိုမိုးဝင်းသူ ရဲ့ အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။