အမေရိကန်အစိုးရ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ (USAID) က ရန်ကုန်မြို့ရှိ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် မိသားစုပိုင် အိမ်ကို ရုံးအဖြစ် ငှားရမ်းဖွင့်လှစ်နေရာမှ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ USAID ၏ Development Alternatives Inc., မှ ပြောခွင့်ရ စတီဗင် အိုကောနား က ၎င်းတို့အနေဖြင့် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းကို သေချာသိရှိရန် ကြိုးစားမှု ပျက်ကွက်ခဲ့သည့်အတွက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် ၏ မိသားစုပိုင်အိမ် အား တလလျှင် အမေရိကန် ဒေါ်လာ ၇၀၀၀ ဖြင့် ၂၀၁၂ ခုနှစ်က ငှားရမ်းအသုံးပြုရန် ဆုံးဖြတ် လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း လည်း ယမန်နေ့က AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
သို့သော် မည့်သည့် အချိန်ကာလတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန်၏ မိသားစုပိုင် ဖြစ်သော ရန်ကုန်မြို့ ရွှေတောင်ကြား ရပ် ကွက် အမှတ် ၇၀ (P) နေအိမ်မှ စတင်ပြောင်းရွှေ့မည် ဖြစ်ကြောင်း ကိုမူ AP သတင်းတွင် မပါရှိပေ။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန်နှင့် သူ၏ အပေါင်းအပါများ၊ နာမည်ခံ ကူညီအားပေးနေသူများကို အမေရိကန် နိုင်ငံက ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားပြီး နာမည်ပျက်စာရင်း ထည့်သွားထားပြီး ဖြစ်သည်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများရှိ တန်ဖိုးကြီး အိမ်ရာများစွာကို လက်ရှိ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့နှင့် အကျိုးတူ စီးပွားဖက် လုပ်ကိုင်နေသည့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များကသာ ပိုင်ဆိုင်သည်က များသည်။
အလားတူ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က စစ်အစိုးရ လက်ထက် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ် ခဲ့သူ ဗိုလ်ချုပ်ညွှွန့်တင်၏ နေအိမ်အား ရုံးအဖြစ် ငှားရမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်မေလက ဧရာဝတီ သတင်း ဌာနက ရေးသားခဲ့သေးသည်။
UNICEF ရုံးသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့် လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ ၈၇၀၀၀ နှုန်းဖြင့် ၇ နှစ်စာ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ညွှန့်တင်နှင့် မိသားစုဝင်များဖြစ်သည့် သမီးဖြစ်သူ ဒေါ်သူသူအိဟန်နှင့် သားဖြစ်သူ ဦးကျော်မျိုးညွန့်တို့သည် အမေရိကန် အစိုးရ၏ စီးပွားရေး ဒဏ်ခတ်မှု နာမည်ပျက် စာရင်း သွင်းခံထားရသူများ ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ရန်ကုန်အခြေစိုက် ရုံးခန်းကိုလည်း လှည်းတန်းလမ်းဆုံအနီးရှိ ဘိန်း ဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ၏ အေးရှားဝါးလ်ကုမ္ပဏီ ပိုင်ဆိုင်သည့် လှည်းတန်းစင်တာတွင် တလလျှင် အမေရိကန် ဒေါ်လာ ၈ သောင်းနှုန်းဖြင့် ငှားရမ်းထားကြောင်းလည်း သိရသည်။
ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောမှာ မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ နာမည်ပျက် စာရင်း သွင်း ခံထားရသူဖြစ်သည်။
ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှာလည်း ရန်ကုန်မြို့၌ ရုံးခန်းငှားရမ်း ဖွင့်လှစ်ထားရာ တလလျှင် အမေရိကန် ဒေါ်လာ ၈ သောင်းနီးပါး ပေးရကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က စပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း(INGOs) များ၊ နိုင်ငံခြား ကုမ္ပဏီများလည်း ဝင်ရောက် ရုံးစိုက်လာရာ ရန်ကုန်မြို့နှင့် မြို့ကြီးတချို့က အိမ်၊ ခြံမြေ ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာခဲ့သည်
UNICEF အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ရန်ကုန်အခြေစိုက် ရုံးခန်းများအတွက် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့နှင့် အကျိုးတူ စီးပွားဖက် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဈေးနှုန်း မြင့်မားစွာပေး၍ ငှားရမ်းသည့် သတင်းများ ရေး သားခဲ့ပြီးနောက် ပြည်တွင်း ပြည်ပက မေးခွန်းထုတ်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။