အာဆီယံ အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ အိုဘားမားထံသို့ တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဒုက္ခသည်များအား အကူအညီပေးရန် အိတ်ဖွင့်ပေးစာများ ပေးပို့ကြောင်း သိရသည်။
ကချင် အရပ်ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့၊ ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းအချို့၊ ကရင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ရှမ်း လူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်းများက နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များသည် နေရပ်ကို စွန့် ခွာပြီး ရှောင်တိမ်းနေရကြသည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်သဖြင့် ၎င်းတို့၏ မူလနေအိမ်များ ပျက်စီးနေပြီး ပြန်လည် နေထိုင်နိုင်ရန် အဆင်သင့် မရှိခြင်းကို ဆောင်ရွက်ပေးရန်၊ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသည့် ဒုက္ခသည်များအား ထောက်ပံ့ပေးရန်တို့ကို တောင်းဆိုထားသည်။
ကချင်ပြည်နယ် တဝန်းလုံးတွင် မူလနေရပ်ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရသူဦးရေ တသိန်းနှစ်သောင်းကျော် ရှိသည့်အနက် တသိန်း ကျော်မှာ အစာအာဟာရ ချို့တဲ့ခြင်း၊ နေရာထိုင်ခင်း မရှိခြင်း၊ ရာသီဥတုအလိုက် အအေးဒဏ်ခံ အဝတ်အထည်များ မရှိခြင်း၊ ကလေးငယ်များ ပညာ မသင်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟုလည်း ကချင် အရပ်ဘက် အဖွဲ့အစည်းများက သတင်း ထုတ်ပြန် ထားသည်။
ကချင် အရပ်ဘက် အဖွဲ့အစည်းများက ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဒုက္ခသည် ကိစ္စရပ်များအပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကို ဗီတိုအာဏာ(အာဏာကုန်) ပေးထားသည့် ကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် အခွင့်အရေးများ လျစ်လျူရှု ခံထားရမှုတို့အား ပြင်ဆင်ရေး တိုက်တွန်းမှု ပြုပေးရန် ပြောဆိုထားသည်။
ရခိုင်ပြည်နယ်မှ ပေးပို့သည့် အိတ်ဖွင့်ပေးစာအား ဘင်္ဂါလီ ဒုက္ခသည် စခန်းတချို့မှ ပူးပေါင်းပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။ အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ရခိုင်လူမျိုးများ ပါဝင်ခြင်း မရှိကြောင်း ဘူးသီးတောင်-မောင်တော ဒုက္ခသည် စခန်းမှ အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံ တဦးဖြစ်သူ ဦးမောင်ညွှန့်က ပြောသည်။
ကရင်အရပ်ဘက် အဖွဲ့အစည်းများက ပေးပို့သော အိတ်ဖွင့်ပေးစာတွင် လယ်သိမ်းယာသိမ်း ကိစ္စရပ်များကို အဓိက ပါဝင်ရေးသား ပေးပို့ထားသည်ဟု ကရင်ရေးရာ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောကျော်စွာက ပြောသည်။
အလားတူ ရှမ်းလူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်း ၁၂ ဖွဲ့က ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေး ရန် သမ္မတ အိုဘားမားထံ ယနေ့တွင် ပေးစာပေးပို့ ထုတ်ပြန်လိုက်သည်။
ပေးပို့စာတွင် အမေရိကန် သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းရေးတို့ကို တိုက်တွန်းပေးစေလိုသည်ဟု ရေးသား ထား သည်။
သမ္မတ အိုဘားမား အနေဖြင့် တိုင်းရင်းသား ဒေသများတွင် အစိုးရ တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ၊ တပ်အင်အား တိုးချဲ့ချထား မှုများ ရပ်တန့်ပေးရန်၊ တိုင်းရင်းသားများ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုများနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် တိုင်းရင်းသားတို့၏ အခွင့်အရေးများ ပါဝင် ရေးဆွဲပေးရန် တိုက်တွန်းပေးစေလိုသည်ဟုလည်း ရေးသားပေးပို့ထားကြောင်း သိရသည်။
အမေရိကန် သမ္မတ အိုဘားမားသည် ကျင်းပနေဆဲ အာဆီယံ ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်သို့ စတင် ရောက်ရှိနေသည်။