မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကို အရေးယူပေးဖို့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမား ၅၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
MOEAF အနေနဲ ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားများပို့ရာမှာ အလုပ်ခေါ်စာ အတုများပြုလုပ်ခဲ့ပြီး အလုပ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အခုလို ဖော်ထုတ် တောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
“အလုပ်ခေါ်စာအတုတွေနဲ့ ခေါ်လာတာဆိုတော့ အလုပ်သမားတွေက ဒီရောက်တော့ ဒုက္ခရောက်ကုန်တယ်။ မိဘမဲ့ကလေးတွေ လို လမ်းဘေးရောက်ကုန်တယ်။ ဒါတွေကို အကူအညီပေးဖို့ ကျနော်တို့က အလုပ်သမား သံအရာရှိနဲ့ MOEAF ကိုတင်ပြတယ်။ ဘာမှဆောင်ရွက်ပေးတာမရှိလို့ အခုလိုလာပြီး ဆန္ဒပြတာ”လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ရဲ့ အဖွဲ့ဝင် ကိုခွန် က ဧရာဝတီကို ပြောပါတယ်။
ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ MOEAF တာဝန်ရှိသူတွေကို ဧရာဝတီ က ဆက်သွယ် ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိကိုလည်း MOEAF က တင်သွင်း လာတဲ့ အလုပ်ခေါ်စာအတုတွေကို လက်မှတ်ထိုး အတည်ပြု ပေးတယ်ဆိုပြီး တာဝန်ကနေ ရပ်ဆိုင်း ပေးဖို့ ပါဝင်ပါတယ်။
မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က“ကျနော်က အလုပ်သမားခေါ်စာ အတုကို လက်မှတ်ထိုးရင် ထိုင်းအလုပ် သမား ဝန်ကြီးဌာနကို စော်ကားတာနဲ့ အတူတူပဲလေ။ အလုပ်ခေါ်စာဆိုတာ အတုလုပ်လို့မရဘူး။ အခုဟာကလည်း ဌာနဆိုင်ရာ အဆင့် ဆင့် ကို ဖြတ်ကျော်လာတာ ဖြစ်တယ်။ အတုဆိုတာမဟုတ်ပါဘူး”လို့ သူက ဧရာဝတီကို ပြောပါတယ်။
ဆန္ဒပြအဖွဲ့ ဦးဆောင်သူတွေကတော့ အလုပ်ခေါ်စာ အတုတွေကို အထောက်အထား အပြည့်အစုံနဲ့ အတူ လက်ဝယ်ရရှိထားတဲ့အပြင် ဆန္ဒပြသူတွေထဲမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေလည်း ပါဝင်ကြောင်း ပြောပါတယ်။
“မကြာသေးခင်ကပဲ နာနတ်သီးစက်ရုံတခုမှာ MOU မြန်မာအလုပ်သမား သွင်းလာတယ်။ အလုပ်သမားတွေ ဒုက္ခရောက်တော့ ကျနော်တို့ MAT ကသွားစုံစမ်းတဲ့ အခါ စက်ရုံကလည်း ဒီအလုပ်ခေါ်စာတွေသူတို့ မပေးရပါဘူးဆိုပြီး ပြောလာတယ်။ ကျနော်တို့မှာ အထောက်အထား အပြည့်အစုံရှိပါတယ်”လို့ ကိုခွန် ကရှင်းပြပါတယ်။
MOEAF ဟာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အဖွဲ့ ၃၀ ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ထဲမှာ ပါတဲ့ အေဂျင်စီ ၅ ခုလောက် ကသာ ထိထိရောက်ရောက် လုပ်နိုင်တာကြောင့် အမှားအယွင်း တွေရှိနိုင်တယ်လို့လည်း ဦးသိန်းနိုင် က ပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေက ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း ကို (Black List) နာမည်ပျက်စာရင်း သွင်းထားတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဟုတ် မဟုတ် အတည်ပြု ထုတ်ပြန်ပေးဖို့ကိုလည်း တောင်းဆိုကြတယ်လို့ သိရပါတယ်။
ယနေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေကို မြန်မာသံရုံးက လက်ခံရယူခဲ့တယ်လို့ ဆန္ဒပြသူများက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းကျော်ရှိပြီး အလုပ်အကိုင်ရှားပါးတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက လာရောက် လုပ်ကိုင်သူတွေထဲမှာ အများဆုံး ဖြစ်ပါတယ်။